ရန်ကုန်တစ်ဝိုက်လို အောက်မြန်မာပြည်မှာ လူတချို့ပြောတတ်တဲ့ ဒေသိယဝေါဟာရတွေရှိပါတယ်။ အဲဒီထဲမှာ ‘လုပ်ရတယ်၊ မလုပ်ရဘူး၊ စားရတယ်၊ မစားရဘူး’ လို့ပြောရမှာကို ‘လုပ်ကတယ်၊ မလုပ်ကဘူး၊ စားကတယ်၊ မစားကဘူး’ လို့ ပြောတာလေးလဲ ပါပါတယ်။ ‘ရကောက်’ ကို ‘ကကြီး’ နဲ့ပြောင်းပြောတာပါ။
အပြောနဲ့အရေးမှာ အများကစံထားရတဲ့ တင်ဆက်သူတွေ၊ စာရေးသူတွေ ဒီလိုပြောတယ်၊ ရေးတယ် ဆိုရင်တော့ သတိပြု ပြင်ဆင်သင့်ပါတယ်။ စာပေနဲ့စကားမှာ စံနမူနာက အရေးကြီးတယ်မဟုတ်လား။
• ‘ရ’ အစား ‘က’ ပြောရင် ဘာ့ကြောင့်မှားတာလဲ?
• ရ
‘ရ’ မှာ အဓိပ္ပာယ်အမျိုးမျိုးရှိတယ်။ ‘လုပ်ရတယ်၊ မလုပ်ရဘူး၊ စားရတယ်၊ မစားရဘူး’ ဆိုတဲ့နေရာမှာ ‘ရ’ ဟာ အခွင့်ရတယ်၊ ရှောင်လွှဲမရဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးရှိပါတယ်။ သဒ္ဒါစကားနဲ့ပြောရင် ပစ္စည်း (Particle) ပေါ့။ ကြိယာတစ်မျိုးဖြစ်တဲ့ ပြုလုပ်ခြင်းကို ထောက်ပံ့ပေးတာပေါ့။ ‘လုပ်၊ စား’ စတွေကပြုလုပ်ခြင်းတွေပါ။ ဒီ ပြုလုပ်ခြင်းတွေကို ‘ရ’ နဲ့တွဲပြီး ‘လုပ်ရ၊ မလုပ်ရ၊ စားရ၊ မစားရ’ ဆိုပြီးသုံးတာပါ။
• က
‘က’ မှာလဲ အဓိပ္ပာယ်အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ ‘က’ ဟာ ပြုလုပ်ခြင်းကို ထောက်ပံ့ပေးတဲ့ပစ္စည်း (Particle) မဟုတ်ဘူး။ ဒါ့ကြောင့် ‘က’ နဲ့တွဲပြီး ‘လုပ်က၊ မလုပ်က၊ စားက၊ မစားက’ လို့သုံးလို့ မရပါဘူး။ ဒါ့ပြင် ‘က’ ဆိုတာ ကခြင်း(Dance) ဆိုတဲ့အဓိပ္ပာယ်ရလို့ ‘ဆိုရမယ်၊ တက်ရမယ်၊ ခုန်ရမယ်’ ဆိုတဲ့နေရာမှာသုံးမိရင် ‘ဆိုကမယ်၊ တက်ကမယ်၊ ခုန်ကမယ်’ ဆိုပြီး အဓိပ္ပာယ်သတ်သတ်ဖြစ်သွားမှာ ဖြစ်ပါတယ်။
• ‘က’ နှင့် ‘ရ’ သုံးနည်းအသေးစိတ်
‘က’ နဲ့ ‘ရ’ သုံးစွဲပုံကို ဒီထက်ပိုပြီး အသေးစိတ်သိလိုသူများ အောက်မှာဖတ်ရှုနိုင်ပါတယ်။
• ‘ရ’ သုံးနည်း
. လက်ဝယ်ရောက်
(ပစ္စည်းရ၊ ငွေရ)
. ပိုင်ဆိုင်မှုအပိုင်းအခြားကိုရောက်
(အာဏာရ၊ အခွင့်ထူးရ)
. အိမ်ထောင်ကျ
(ယောက်ျားရ၊ မိန်းမရ)
. သက်ရောက်
(ဤဥပဒေကို မြေဥပဒေဟု ခေါ်တွင်စေရမည်။)
. အခွင့်ရတယ်၊ ရှောင်လွှဲမရဘူး
(စားရတယ်။ လုပ်ကိုလုပ်ရမယ်။)
. ဆိုက်ရောက်
• ‘က’ သုံးနည်း
. ကခုန်
(အငြိမ့်က၊ ဒုံးယိမ်းက)
. ပြုသူ
(သူကပြော၊ ကျွန်တော်ကသွား)
. ထွက်ခွာရာ
(အမေရိကန်ကလာတယ်။)
. ပြုရာ၊ ဖြစ်ရာ၊ ရှိရာ အရပ်နဲ့အချိန်
(ခြံထဲကခွေး၊ မနှစ်ကစာအုပ်)
. တစ်ခုခုက တခြားတစ်ခုပေါ် မှီခိုဖြစ်မဲ့အကြောင်း
(မီးလာက ရေတင်မည်။)
. မပိုမသာဖြစ်
(တစ်ပေမကဘူး၊ နှစ်ပေလောက်ရှည်တယ်။)
. မွန်လို ငါးလို့အဓိပ္ပာယ်ရ
(က ကတစ်၊ က ကူရံ)
. ဆင်၊ မြင်း၊ ကျွဲ၊ နွားတို့ကို တပ်ဆင်တာ
(မြင်းနှစ်ကောင်ကသော ရထား၊
ရှင်ပြုလှည့်ရန် နွားများကို ကကြိုးတန်ဆာဆင်သည်။)
ကောလိယ ဝေယံမောင်မောင်
၁၇.၈.၂၀၂၂
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ

Comments
Post a Comment