အဝတ်အစားတိုင်းမှာ အရောင်တွေပါပါတယ်။ ဖက်ရှင်မကျဘူး၊ မလိုက်ဘူး၊ တစ်မျိုးကြီးဖြစ်နေတယ် ဆိုတာ မလိုက်ဖက်တဲ့အရောင်ကို ဆင်ထားမိလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်တွေက ဖက်ရှင်ကျရေးအတွက် လမ်းညွှန်ထားကြပါတယ်။
• အသားဖြူသောအုပ်စု
ပုံမှန်ရှိတာ၊ အသားလတ်တာ၊ အသားဖွေးတာ၊ အသားဝင်းတာ စတဲ့အခေါ်အဝေါ်တွေဟာ အသားဖြူ တယ်လို့ဆိုရမှာပါ။
အသားဖြူသူများဝတ်ရန်
မှောင်တဲ့အရောင်တွေဟာ အသားဖြူတဲ့သူတွေနဲ့ ပနံတင့်လှပါတယ်။ မီးခိုး၊ အညို၊ ဝိုင်နီရောင်၊ ပုလင်း အစိမ်းရောင်၊ အပြာရင့်ရောင် ဒီလိုမျိုး မှောင်တဲ့အရောင်တွေကို ရွေးချယ်သင့်ပါတယ်။
အသားဖြူသူများရှောင်ရန်
လင်းတဲ့အရောင်တွေ၊ စူးတဲ့အရောင်တွေဟာ ဖြူဝင်းတဲ့သူတွေ မဆင်သင့်ပါဘူး။ တအားလင်းတာ၊ တအားဖြူတာမျိုးတွေရှောင်ပါ။ ခရမ်း၊ အနီ၊ လိမ္မော်၊ အဝါတွေမဝတ်ပါနဲ့။
အဲဒီအရောင်တွေအစား အလင်းဘက်သိပ်မရောက်တဲ့အရောင်တွေနဲ့ အစားထိုးဝတ်ပါ။ ဥပမာ ဖြူသလိုရှိပေမဲ့ အဖြူလိုသိပ်မလင်းတဲ့ သဲရောင်၊ မီးဖိုထဲကပြာအရောင်၊ ပြီးတော့ ညိုဝါဘက်သွားတဲ့ သနပ်ခါး ရောင်၊ ကုလားအုတ်ရောင်၊ ကာကီရောင်တွေဆင်ပါ။
Daniel Rhone (Personal Shopper at Topman) ကတော့ “သင့်ရဲ့အခြေခံကျတဲ့ ဝတ်စုံတော်တော် များများဝတ်တဲ့အခါ မှိုင်းတဲ့အရောင်ကို လင်းတဲ့အရောင်နည်းနည်းနဲ့ တွဲပြီးဝတ်ပါ။ ဥပမာ နေဗီပြာရင့်၊ အညိုနဲ့ အနက်တွေကို လင်းပြီးလိုက်ဖက်တဲ့ အရောင်လေးတစ်ခုနဲ့ တွဲဝတ်တာမျိုးပါ။” လို့ပြောပါတယ်။
• အသားညိုသောအုပ်စု (ပုံမှန်အသားရောင်)
အသားညိုတာကို အနောက်တိုင်းကတော့ ပုံမှန်ကြားရောင်၊ သံလွင်ရောင်လို့ခေါ်ကြပါတယ်။
အသားညိုသူများဝတ်ရန်
ကံကောင်းတာက အသားအရည်ပုံမှန်ရှိသူတွေဟာ အရောင်တော်တော်များများနဲ့ လိုက်ဖက်လေ့ရှိပါ တယ်။ ဒါပေမဲ့ လုံးဝဖက်ရှင်ကျဖို့အတွက် ကိုယ့်အသားရောင်ထက် နည်းနည်းပိုရင့်တဲ့အရောင်၊ နည်းနည်းပိုနု တဲ့ အရောင်တွေဝတ်ဆင်သင့်ပါတယ်။
အမည်း၊ ပန်းရောင်၊ အပြာရောင်၊ နေဗီပြာရောင်၊ သနပ်ခါးရောင်၊ ဝိုင်နီရောင်လေးတွေလဲ ဝတ်နိုင် တယ်လို့ Kapage Life Moments က လမ်းညွှန်ထားပါတယ်။
အသားညိုသူများရှောင်ရန်
ကိုယ့်အသားရောင်နဲ့ ထပ်တူကျတဲ့အရောင်၊ နီးစပ်တဲ့အရောင်တွေကို မဝတ်ပါနဲ့။ ဥပမာ ကိုယ့်အသား က သံလွင်သီးရောင်ဖြစ်နေရင် သံလွင်သီးစိမ်း၊ သံလွင်သီးဝါ အရောင်တွေရှောင်ပေးပါ။ အသားရောင်နဲ့ အဝတ်ရောင် ရောနှောနေတာ မဖြစ်ပါစေနဲ့။ အစိမ်းရင့်၊ ခရမ်း၊ အနီ၊ အညိုရင့်ရင့်တွေတော့ လုံးဝရှောင်ပါ။
“ပုံမှန်အသားအရည်ရှိတဲ့သူတွေက နွေရာသီဆိုရင် အရောင်လင်းတာလေးတွေ ဝတ်ပါ။ လီနင်ရှပ် အဖြူလိုမျိုးကို ကျောက်တုံးကျောက်ခဲ အရောင်လိုမျိုးနဲ့ တွဲဝတ်တာဟာ ပေါ်လွင်ထင်ရှားစေပါတယ်။" လို့ Daniel Rhone (Personal Shopper at Topman) က ဆိုပါတယ်။
• အသားမည်းသောအုပ်စု
ကိုယ်ကအသားမည်းနေလို့ ဝတ်တဲ့အဝတ်ကြားထဲက ထွက်နေတဲ့လက်နဲ့ မလိုက်ဘဲများနေမလားလို့ မစိုးရိမ်လိုက်ပါနဲ့။
အသားမည်းသူများဝတ်ရန်
အဖြူ၊ ပန်းရောင်၊ ခဲရောင်၊ အပြာဖျော့နဲ့ ကာကီလိုအရောင်တွေ ဝတ်လို့ရပါတယ်။ လင်းတဲ့အရောင် တွေလဲ ဝတ်ဆင်သင့်ပါတယ်။ အရောင်ရင့်တွေ၊ အပူရောင်တွေကလဲ မည်းတဲ့သူရဲ့အသားနဲ့ သိပ်ကွဲလွဲပြီး မလိုက်မှာတော့ မဟုတ်ပါဘူး။
အသားမည်းသူများရှောင်ရန်
ပန်းခရမ်းတွေ၊ မိုးပြာရောင်တွေ၊ ပူဒီနာရွက်လိုစိမ်းတာတွေ ကိုတော့ အသားမည်းသူတွေ မဝတ်သင့် ပါဘူး။ အမဲ၊ အညိုနဲ့ အပြာရင့်ရင့်တွေကို အနည်းအပါးတော့ ရှောင်သင့်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၂၀.၈.၂၀၂၂



Comments
Post a Comment