သင်္ကြန်သခင်၊ ဂီတဘုရင် အလင်္ကာကျော်စွာ မြို့မငြိမ်း

 



သင်္ကြန်ချိန်ရောက်ပြီဆိုလျှင် တူးပို့ဒိုးသံများက ပျံ့လွင့်စမြဲဖြစ်သည်။ သင်္ကြန်သီချင်းများတွင် သခင် ရှိသည်။ ထိုသခင်၏ သင်္ကြန်သီချင်းများသည် နှစ်ပရိစ္ဆေဒကြာလေလေ တန်ဖိုးရှိလေလေဖြစ်သည်။ သင်္ကြန် တစ်ခုတည်းတွင်လည်းမဟုတ်၊ သီချင်းကောင်းလျှင် သူများရေးရော့လားဟု တွေးမိကြရသည်။ ထိုပုဂ္ဂိုလ်ကား သင်္ကြန်၏သခင်၊ ဂီတ၏ဘုရင် မန္တလေးမြို့မှ အလင်္ကာကျော်စွာ မြို့မငြိမ်းဖြစ်သည်။

မြို့မငြိမ်းမွေးဖွားခဲ့သည်က (၂၀၁၅)ခုနှစ်၌ နှစ်ပေါင်း(၁၀၆)နှစ်တိုင်ပြီဖြစ်၏။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းထက် ငါးနှစ်ကျော်ကြီးသည်။ ယခုကဲ့သို့ မဟာသင်္ကြန်သမယတွင် မြို့မငြိမ်း၏ ဂန္ထဝင် ဂီတများသည် သင်္ကြန်ရေစင်များနှင့်အတူ နိုင်ငံအနှံ့ ထုံမွမ်းထားသည်။ ထို့ကြောင့် ထူးချွန်ပြောင်မြောက် လွန်းသော ကမ္ဘာသိအနုပညာရှင် မြို့မငြိမ်းအကြောင်းကို ကျွန်တော် အနှစ်ချုပ်စာစီကြည့်မိသည်။

 

အမည်
ဦးကျော်ငြိမ်း၊ မန္တလေးမြို့မမောင်ငြိမ်း၊ ဆရာငြိမ်း၊ အလင်္ကာကျော်စွာမြို့မငြိမ်း

 

မိဘအမည်

ရွှေပန်းထိမ်ဆရာကြီး ဦးညီ + ယွန်းကုန်သည် ဒေါ်ချစ်ဦး

 

မွေးဖွားခြင်း

(၁၂၇၀)ပြည့်နှစ်၊ တပို့တွဲလဆန်း(၅)ရက်၊ တနင်္လာနေ့။ ၂၅.၁.၂၀၁၅

 

မွေးဖွားရာနေရာ

(၂၈)လမ်း၊ လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ မန္တလေးမြို့။

 

ကွယ်လွန်ခြင်း

(၁၃၁၇)ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁၃)ရက်၊ ကြာသပတေးနေ့၊ ၁၅.၉.၁၉၅၅ (အသက် ၄၆ နှစ်) အနောက်ပြင်၊ စိန်ပန်းသန်လျက်မှော်အနောက်ပိုင်း၊ မန္တလေးမြို့၌ ဂီတပညာအပေါ် အမြတ်ထုတ်စီးပွားရှာလို သူများကြောင့် စိတ်ဖိစီး၍ အုတ်သယ်ကားကြီးအောက် ခေါင်းထိုးဝင်၍ အဆုံးစီရင်ခဲ့ရှာသည်။

မိသားစု

ဇနီး - ဒေါ်သန်းမေ (၁၉၂၈ - ၁၉၅၅)

သားသမီး - တင်ကြည်၊ ရွှန်းမြိုင်၊ သန်းအောင်ကြိုင်

 

အထွေထွေမှတ်စု

အသက်(၁၀)နှစ်အရွယ်က စောင်းဆရာကြီး ဒေဝဣန္ဒာ မောင်မောင်ကြီးထံ၌ တစ်ရက်တည်း သင်ယူ တတ်မြောက်ရန်မဖြစ်နိုင်သော ‘ဇမ္ဗူကျွန်းလုံး’ သီချင်းကို တစ်ရက်တည်းဖြင့် တတ်မြောက်ခဲ့သည်။ စိန်ဗေဒါ နှင့်အိမ်နီးချင်းဖြစ်ပြီး စိန်ဗေဒါတီးသောဆိုင်းသံကို အကြားအာရုံဖြင့်မှတ်ကာ ဘင်ဂျို၊ မယ်ဒလင်နှင့် ဗျပ်စောင်း စသည်ဖြင့် ပြန်လည်တီးခတ်ပြသည်။

  (၁၉၂၅)တွင် မြို့မအသင်းကို အခြားပညာရှင်၊ ဝါသနာရှင်များနှင့် ပူးပေါင်းတည်ထောင်သည်။

မြန်မာ့ဂီတကို ကမ္ဘာသုံးဂီတသင်္ကေတဖြင့် ပထမဆုံးစတင်ခဲ့သည်။

  ‘တူးပို့ တူးပို့’ ဟူသော သင်္ကြန်ဒိုးသံကို သံဖြူတန်းဒိုးဆရာ ဦးလှဒင်နှင့် တွဲဖက်တီထွင်ခဲ့သည်။

  (၁၉၅၄)တွင် မန္တလေးရုပ်ရှင်ကုမ္ပဏီလီမိတက်၌ ဂီတမှူးအဖြစ်ဆောင်ရွက်ခဲ့သည်။

 

ရေးစပ်ခဲ့သော သီချင်းအချို့


၁၊ မန်းတောင်ရိပ်ခို (ရွှေမန်းတောင်ရိပ်ခို) (၁၉၄၇)

၂၊ တိမ်လွှာမို့မိုလွင် (၁၉၅၄)

၃၊ လူချွန်လူကောင်း (၁၉၅၂)

၄၊ ယဉ်တစ်ကိုယ်မယ် (၁၉၄၅)

၅၊ စစ်ကိုင်းတောင်

၆၊ တူရိယာလုလင်

၇၊ ပျို့မှာတမ်း (စစ်မတိုင်မီ)

၈၊ စစ်ကိုင်းတောင်

၉၊ မင်္ဂလာမောင်မယ်

၁၀၊ သက်ဝေ

၁၁၊ ကသစ်ပန်း(သခွပ်ပန်း)

၁၂၊ နတ်ရှင်နောင် (စစ်မတိုင်မီ)

၁၃၊ နှစ်ယောက်တည်းနေချင်တယ်

၁၄၊ ရေချိုးဆိပ် (စစ်အတွင်း)

၁၅၊ စိုးနှောင့်ဗျာပွေ

၁၆၊ အိမ်တော်ရာဘုရားစျေး (၁၉၃၉)

၁၇၊ မြင်းခင်းတော်

၁၈၊ နန်းမြို့တော်

၁၉၊ မဲဇာရွှေလီ(လက်ဝဲသုန္ဒရ)

၂၀၊ ပါရမီတော် (စစ်မတိုင်မီ)

၂၁၊ လှမဉ္ဇူ

၂၂၊ သစ္စာ

၂၃၊ အိမ်သူပီပီ (၁၉၅၄)

၂၄၊ ဘင်ဂျို

၂၅၊ အလှပြိုင်ပွဲ

၂၆၊ ကိုယ့်ထူးကိုယ်ချွန်

၂၇၊ ကဆုန်ညောင်ရေ (၁၉၂၈)

၂၈၊ တစ်ဝါတွင်း (၁၉၂၈)

၂၉၊ မြို့မဝါဆို (၁၉၂၉)

၃၀၊ တောမြိုင်ခြေလမ်း (၁၉၃၀-၁၉၃၁)

၃၁၊ ချစ်တာပဓာန (၁၉၃၅)

၃၂၊ ခင့်အိပ်မက် (၁၉၃၅)

၃၃၊ ရှုမဝ(လူပျိုသိုး) (၁၉၃၅)

၃၄၊ မန်းဒါလီ

၃၅၊ နှစ်ပိဿာခွဲ

၃၆၊ ပျိုး

၃၇၊ မေ့ပါနိုင် (စစ်မတိုင်မီ)

၃၈၊ ရွှေမင်းဝံ (စစ်မတိုင်မီ)

၃၉၊ နွဲ့မျိုးစုံ (စစ်မတိုင်မီ)

၄၀၊ ပြာပြာမှိုင်းမှိုင်း မြူခိုးလွင်ဆိုင်းရီ အစချီသီချင်း (စစ်အတွင်း)

၄၁၊ ထိုသုံးပါး (စစ်အတွင်း)

၄၂၊ အိုလံပစ် (၁၉၄၅)

၄၃၊ အေးအေးချမ်းချမ်း (၁၉၄၇)

၄၄၊ ကမ္ဘာ့ငြိမ်းချမ်းရေး (၁၉၅၃)

၄၅၊ စာဆိုခံလလုံး

နှင့် အခြား မဟာဂီတ၊ ကာလပေါ်၊ ခေတ်ပေါ်၊ ပြဇာတ်၊ ယိမ်း၊ သံစုံညီသီချင်း စသော သီချင်းကောင်း များစွာ ရေးစပ်ခဲ့သည်။

သင်္ကြန်အခါသမယ၌ လေးစားအားကျ ဂါဝရထားရသော မန္တလေးမြို့မ ငွေငန်းခေါင်းဆောင်၊ ဂီတဘုရင်၊ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်းကို ဂုဏ်ပြုကန်တော့အပ်ပါသည်။

 

ကောလိယ ဝေယံမောင်မောင်

၁၆.၄.၂၀၁၅

ဟဲလိုပိတောက် အွန်လိုင်းမီဒီယာ

Comments