၅၈၊ 'နယ်' ဆိုတာ 'တော' ကိုပြောတာမဟုတ်

 

မြို့ပြနေသူများဟာ ‘နယ်’ ဆိုတဲ့စကားလုံးကို ‘မြို့ကြီးမဟုတ်တဲ့နေရာ၊ တော၊ ရွာ’ အဖြစ်  ရည်ရွယ် သုံးတတ်ပါတယ်။ ဥပမာ -

• နယ်ကဟာတွေ

• နယ်ကလာကြတာ

• နယ်ဘက်ကလူတွေ

• နယ်ပို့ပေးတယ်

စသဖြင့်ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်ဆိုတာ မြို့မဟုတ်တဲ့နေရာကိုပြောတာ မဟုတ်ပါဘူး။

           

နယ်ဆိုတာဘာလဲ

            နေရာနဲ့ပတ်သက်ပြီး ‘နယ်’မှာ အဓိပ္ပာယ်(၂)ခုရှိပါတယ်။

(၁) သတ်မှတ်ထားသော ဒေသအပိုင်းအခြား (Part of a state, Territory)

(၂) ကျင်လည်ကျက်စားရာလောက (Jurisdiction)  

 

ဒေသအဖြစ်သုံးရင်

ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်ပြည်နယ်၊ မရန်းကုန်းမြို့နယ်၊ တိုက်နယ်ဆေးရုံ၊ နယ်နိမိတ်၊ သာသနာ့ နယ်မြေ စတာတွေထဲက ‘နယ်’ ဆိုတဲ့စာလုံးဟာ ဒေသအပိုင်းအခြားကို ဆိုလိုတာပါ။ တောနယ်၊ မြို့နယ် ဆိုတဲ့ဝေါဟာရကို နမူနာကြည့်ရင်တောင် ‘နယ်’ ဆိုတာ ဒေသကိုဆိုလိုမှန်းသိနိုင်ပါတယ်။

 

ကျင်လည်ရာလောက အဓိပ္ပာယ်နဲ့သုံးရင်

            ဂီတနယ်၊ နယ်လု၊ အတွေးနယ်ကျယ်၊ ကျက်စားရာနယ်၊ အင်္ဂလိပ်နယ်ချဲ့၊ စစ်ဘက်နယ်ဘက် စတဲ့ ဝေါဟာရတွေလဲရှိတယ်။ အဲဒီထဲက ‘နယ်’ ဆိုတဲ့စာလုံးကျတော့ ဒေသကိုပြောတာမဟုတ်ဘဲ ရပ်တည်ရာ လောကကို ပြောတာဖြစ်ပါတယ်။ ‘နယ်ကျော်တယ်၊ နယ်မကျော်နဲ့’ စသဖြင့်ပြောကြတာမျိုးပါ။ 

 

မှတ်ရန်

            အွန်လိုင်းဈေးသည်တွေက ‘နယ်ပို့ပေးတယ်’ လို့သုံးလေ့ရှိတယ်။ မြို့ကြီးမဟုတ်တဲ့နေရာတွေကို ပို့ပေးတယ်လို့ဆိုချင်တာပါ။ ဒါပေမဲ့ နယ်ဆိုတာ တောမြို့ မဟုတ်ကြောင်းပြောခဲ့ပါပြီ။ ဈေးသည်ဟာ မြန်မာစာ ပညာရှင်မဟုတ်လို့ ပြဿနာမဟုတ်ပါဘူး။ တကယ်လို့များ မှန်မှန်ကန်ကန် သုံးချင်တယ်ဆိုရင်တော့ ‘နယ်’ အစား ‘နယ်စုံ၊ မြို့စုံ၊ ဒေသစုံ၊ အမြို့မြို့အနယ်နယ်’ စသဖြင့် ပြောင်းသုံးနိုင်ပါတယ်။

            ‘နယ်’ ကို ‘နယ်စုံ’ လို့သုံးလိုက်လို့ ဘာများကွာသွားလဲလို့ တွေးနိုင်တယ်။ ကွာပါတယ်။ အခုသုံးကြတဲ့ ‘နယ်’ဆိုတာ တောမြို့ကိုရည်ညွှန်းတာပါ။ အစားထိုးသုံးနိုင်တဲ့ ‘နယ်စုံ’ ဆိုတာကျ ‘ဒေသစုံ’ ကိုရည်ညွှန်းတာပါ။

 

ကောလိယ ဝေယံမောင်မောင်

၃၁.၈.၂၀၂၂ 

 

#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင်

Comments