တောင်ပြုန်းပွဲတော်၏ ပုံရိပ်လွှာများ


 

ရွှေဖျဉ်းကြီးနတ် 

ရွှေဖျဉ်းငယ်နတ်

မန္တလေးဘိုးတော်နတ်

တောင်ပြုန်းရှိ ရွှေဖျဉ်းညီနောင်ရုပ်တု

ရွှေဖျဉ်းညီနောင်တို့၏ ဇာတိချက်ကြွေ ပုပ္ပါးမြေ

တောင်ပြုန်းဆုတောင်းပြည့်ဘုရား


(၁၉၅၀)ပြည့်နှစ်က တောင်ပြုန်းပွဲပုံရိပ်လွှာတစ်ခု

တောင်ပြုန်းဆုတောင်းပြည့်ဘုရားတွင် အုတ်နှစ်ချပ်လွတ်နေပုံ

တောင်ပြုန်းဆီ ရထားခုတ်မောင်းသော ဆရာစံဈေးခေါ် သူရဲဈေးဘူတာမြင်ကွင်း


တောင်ပြုန်းပွဲမှ နာမည်ကျော် အပျော်ဝတ်ရွှေထည်များ


မုန့်လုံး၊ မလိုင်ကရေကရာ၊ အညာသားကျောကုန်း (ခ) စလူမုန့်၊ အနုဆုပ်


နတ်နန်းမှ ပရိသတ်များ

အသက်စွန့်ငွေတောင်းယူသူများ

တောင်ပြုန်းပွဲတော်၏ ပုံရိပ်လွှာများ
....................................................
ကောလိယ ဝေယံမောင်မောင်

မြန်မာ့ရိုးရာပွဲတော်များသည် ဘာသာရေး၊ ယဉ်ကျေးမှု၊ ရာသီကာလ၊ လူမှုရေးရာ စသည်တို့နှင့် ယှက်သွယ်နေသည်။ ဆယ့်နှစ်လရာသီ ပွဲတော်များကိုကြည့်လျှင်လည်း တန်ခူးလ၏သင်္ကြန်ပွဲတော်သည် ရာသီကာလ၊ သီတင်းကျွတ်လ၏ ဆီမီးထွန်းပွဲသည် ဘာသာရေး၊ ပြာသိုလ၏ မြင်းခင်းသဘင်သည် ယဉ်ကျေးမှု တို့ကို အဓိကကိုယ်စားပြုနေကြပြီး အခြားကဏ္ဍတို့နှင့်လည်း ယှက်သွယ်နေကြသည်ကို တွေ့ရသည်။

ဆယ့်နှစ်လရာသီပွဲတော်မဟုတ်ဘဲ အစဉ်မှန်ကျင်းပသော ပွဲတော်များလည်းရှိသည်။ ယင်းတို့မှာ ဘာသာရေးပွဲ၊ အထိမ်းအမှတ်ပွဲ၊ ဒေသပွဲလမ်း၊ နတ်ပွဲ စသည်တို့ဖြစ်သည်။ ထို့ပြင် ယုံကြည်မှုနှင့်ပတ်သက်၍ လည်း မိုးခေါင်ရေရှားကာလများတွင် မိုးခေါင်ကျော်စွာနတ်ကို တိုင်တည်၍ လွန်ဆွဲပွဲကဲ့သို့ ပွဲများလည်း လုပ်တတ်သေးသည်။ ဘာသာရေး၊ ယဉ်ကျေးမှု၊ ယုံကြည်မှုတို့ ယှက်သွယ်သည့်ပွဲများအနက် မြန်မာပြည်တွင် အကြီးကျယ်ဆုံးပွဲတော်တစ်ခုရှိသည်။ ယင်းမှာ ဝါခေါင်လ၌ ကျင်းပလေ့ရှိသော တောင်ပြုန်းပွဲတော်ဖြစ်သည်။

● တောင်ပြုန်းနှင့်ဆက်စပ်ခဲ့သော နတ်များအကြောင်း

တောင်ပြုန်းညီနောင်နတ်၊ ပုပ္ပါးမယ်တော်နတ်၊ မရွှေဥနတ်၊ မန္တလေးဘိုးတော်နတ်တို့၏ သမိုင်းမှာ ပထမမြန်မာနိုင်ငံတော် တည်တော်မူခဲ့သော ပုဂံခေတ်၊ အနော်ရထာမင်းခေတ်က အစတည်ခဲ့ကြောင်း မြန်မာ့ ဇာတ်ကြောင်းများတွင်တွေ့ရသည်။ သို့သော် တိကျကျစ်လျစ်ခိုင်မာသော သမိုင်းအထောက်အထားများထက် ပါးစပ်ရာဇဝင်များ၊ ပုံပြင်များသာတွေ့ရသည်။

တစေကြားလေ့ရှိသော တောင်ပြုန်းညီနောင်နတ်၏ ယေဘုယျဇာတ်ကြောင်းရှိသည်။ အေဒီ(၁၁)ရာစု၊ ပုဂံခေတ်က သမုဒ္ဒရာအတွင်း ကုလားညီနောင်နှစ်ယောက်စီးလာသော သင်္ဘောပျက်သဖြင့် ပျဉ်ပြားများ တွယ်ဖက်ရင်း သုဝဏ္ဏဘူမိပြည်၊ သထုံကမ်းနားဆီ ရေမျောကမ်းတင်ဘဝဖြင့် ရောက်ရှိလာခဲ့သည်။ ယင်း ကုလားညီနောင်မှာ ဗျတ်ဝိနှင့်ဗျတ္တဖြစ်သည်။ ၎င်းနှစ်ယောက်ကို သထုံမြို့၊ မွန်ဘုန်းကြီးကျောင်း ဆရာတော်က သနားသဖြင့် ကူမစောင့်ကျွေးထားသည်။ တစ်နေ့ ဆရာတော် တောတွင်းမှပြန်ကြွအလာ အရှင်ထွက်သွားသော ဇော်ဂျီ၏ ဖိုလ်ဝင်ခန္ဓာကိုယ်ကို ယူဆောင်လာခဲ့ပြီး ဗျတ်ဝိနှင့်ဗျတ္တကိုကျွေးရာမှ စွမ်းရည်အင်အားများ ရှိလာခဲ့သည်။

သို့သော် ဇော်ဂျီဖိုလ်ဝင်သားစား၍ရသော အင်အားများဖြင့် ကျေးဇူးရှင်ဘုန်းကြီး သီတင်းသုံးသော ကျောင်းကို ဖျက်ဆီးခြင်း၊ ရပ်ရွာသောင်းကျန်းခြင်းတို့ကို ကျူးလွန်တော့သည်။ ထိုသတင်းကို သထုံဘုရင် မနူဟာမင်းသိ၍ သေဒဏ်ချလေရာ ဗျတ်ဝိသာသေ၍ ဗျတ္တမှာထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဗျတ္တလည်း ပြေးလွှားရွေ့လျားရင်း ပုဂံပြည်အနီး၊ ပုပ္ပားတောင်ခြေတွင် ပန်းသည်မယ်ဝဏ္ဏနှင့်ဆုံ၍ စုံမက်ခဲ့ကြသည်။

ပန်းသည်မယ်ဝဏ္ဏကို အချို့က ပန်းစားဘီလူးမဟု မှတ်ယူကြသည်။ သီတဂူဆရာတော်၊ ဒေါက်တာ အရှင်ဉာဏိဿရက ပန်းသည်ဖြစ်ကြောင်းဟောခဲ့ဖူးသည်။ အလုပ်မရှိသောဗျတ္တလည်း အနော်ရထာမင်းထံ နေ့ဆင်ပန်းပို့ရသော ပန်းဆက်သမားဖြစ်လာသည်။ မယ်ဝဏ္ဏလည်း ဗျတ္တနှင့်အကြောင်းပါ၍ အမြွှာညီနောင် မွေးဖွားခဲ့သည်။ အနော်ရထာမင်းက ပန်းဆက်သမားဗျတ္တကို ရွှေဖျဉ်းအိုးနှစ်လုံး စွန့်ကြဲတော်မူသည်။ အမြွှာညီနောင်က ဘုရင်စွန့်ကြဲတော်မူသော ဖျင်းအိုးတွင်းဝင်နေကြသည်ကို စွဲ၍ ရွှေဖျဉ်းညီနောင်ဟုတွင်သည်။

● နတ်စိမ်းများဖြစ်လာကြပုံ

ရွှေဖျဉ်းညီနောင်တို့ အရွယ်ရောက်ချိန် (၁၀၅၇)ခုနှစ်၊ ဒီဇင်ဘာ(၁၆)ရက်တွင် အနော်ရထာမင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်ရန် စစ်သည်အလုံးအရင်းဖြင့် ပုဂံမြို့၊ ဧရာဝတီမြစ် အတိုင်း အညာသို့ဆန်တက်ကာ စစ်ချီခဲ့သည်။ ထိုခရီးတွင် သူရဲကောင်းလေးဦးနှင့်အတူ ရွှေဖျဉ်းညီနောင်လည်း လိုက်ပါခဲ့သည်။ (၁၀၅၈)၌ တရုတ်ကိုစစ်နိုင်၍ပြန်အလာ ယခု မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာ အရောက်တွင် စစ်အောင်နိုင်ခြင်းအထိမ်းအမှတ် စေတီတည်ရန် စီမံခဲ့သည်။

မင်းမှုထမ်းအားလုံး စေတီတည်ကုသိုလ်အဖြစ် အုတ်၊သဲများသယ်၍ လုပ်အားဒါနပြုကြသည်။ သို့သော် ရွှေဖျဉ်းညီနောင်မှာ အရက်သေစာ သောက်စားရမ်းကားခြင်း - သူရာမေရယကံ၊ သစ်ဖောင်သမား ကိုရင်မောင့် မယားမရွှေဥကို အဓမ္မကျင့်ခြင်း - ကာမေသုမိစ္ဆာစာရကံ၊ မရွှေဥနှင့် ကိုရင်မောင်ကိုသတ်ခြင်း - ပါဏာတိပါတကံ တို့ကို ကျူးလွန်နေသည်။

ထိုသို့ ကုသိုလ်မပြုသည့်အပြင် ဆိုးသွမ်းယုတ်မာနေကြောင်း အနော်ရထာမင်းသိလျှင် သေဒဏ်ပေးခဲ့ရသည်။ ယင်းမှသည် မကျွတ်မလွတ်ဘဲ နတ်စိမ်းဖြစ်သည်မှစ၍ “တောင်ပြုန်းညီနောင်၊ ရွှေဖျင်းညီနောင်၊ ကိုယ်တော်ကြီးကိုယ်တော်လေး၊ မင်းကြီးမင်းလေး၊ ရွှေဖျဉ်းကြီးရွှေဖျဉ်းငယ်” ဟူသောအမည်များတွင်သည့် နတ်စိမ်းများဖြစ်ခဲ့သည်။ ဘုရားတည်ရာ၌လည်း သူတို့နှစ်ဦးလုပ်အားကုသိုလ် မပါဝင်သည့် အမှတ်လက္ခဏာ အဖြစ် ယနေ့ခေတ် တောင်ပြုန်းရွာ ဆုတောင်းပြည့်ဘုရားတွင်း၌ အုတ်နှစ်ချပ်လွတ်သည့်ဟန် မြင်တွေ့ရခြင်း ဖြစ်သည်။

● မန္တလေးဘိုးတော်နတ်၊ မရွှေဥနတ်၊
ပုပ္ပားမယ်တော်နတ်တို့ပါ တစ်ဆက်တည်းဖြစ်လာ

ယင်းတို့ကို ထိန်းကွပ်ရသောဘိုးတော်လည်း အုပ်ချုပ်မှုညံ့သောကြောင့် အကွပ်မျက်ခံရပြီး နတ်စိမ်း ဖြစ်ကာ မန္တလေးဘိုးတော်ဟုတွင်သည်။ ရွှေဖျဉ်းညီနောင်ကြောင့် သေလွန်သော မရွှေဥလည်း မရွှေဥနတ်ဟုတွင်သည်။ သားနှစ်ဦးသတင်းကိုကြား၍ ပုပ္ပါးမှလာရောက်သော ပန်းသည်မယ်ဝဏ္ဏသည်လည်း တောင်ပြုန်းမှ အပြန် မန္တလေးမြို့အလွန် ရတနာ့ဂူရွာ၌ ရင်ကွဲနာကျသေကာ နတ်စိမ်းဖြစ်၍ ပုပ္ပါးမယ်တော်ဟု တွင်ပြန်သည်။

တောင်ပြုန်းညီနောင်နတ်နှင့် ဆက်စပ်သော နတ်များ၏ပွဲကိုလည်း ကျင်းပလေ့ရှိသည်။

‣ သခင်မ မရွှေဥနတ်ပွဲ
နှစ်စဉ်ဝါခေါင်လဆန်း(၉)ရက် (သြဂုတ်လ)

‣ သခင်မ မရွှေဥပန်းကောက်ပွဲ
တန်ခူးလဆန်း(၄)ရက် မှ (၈)ရက်ထိ (မတ်လ နှင့် ဧပြီလ)

‣ မယ်ဝဏ္ဏ၏ ရတနာ့ဂူနတ်ပွဲ
တောင်ပြုံးပွဲအပြီး တစ်ပတ်အကြာ (သြဂုတ်လ)

● တောင်ပြုန်းပွဲတော်

တောင်ပြုန်းပွဲတော်ဆိုသည်မှာ မြန်မာနိုင်ငံကို ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်ရန် ကြိုးပမ်းခဲ့သည့် အနော်ရထာမင်း၏ တရုတ်နိုင်စေတီဘုရားပွဲဖြစ်သည်။ တောင်ပြုန်းရွာတွင် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ်၏ နတ်ပွဲပါကျင်းပသည်။ တောင်ပြုန်းရွာသည် အထက်မြန်မာပြည်၊ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာခရိုင်အတွင်း တည်ရှိသည်။ တောင်ပြုန်းပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း(၈)ရက်မှ ဝါခေါင်လပြည့်အထိ ကျင်းပသည်။

တောင်ပြုန်းပွဲကို လာရောက်ဈေးရောင်းချသည့် အိုးပုတ်သည်များက မန္တလေးတောင်ခြေ အိုးဘိုရွှေကျင်ရပ်၊ ဧရာဝတီမြစ်ကမ်းနားတွင် ခရီးတစ်ထောက်နား၍ ဈေးရောင်းချသည်မှအစပြု၍ အိုးပုတ်ပွဲတော်ကို တောင်ပြုန်းပွဲမတိုင်မီ တွေ့မြင်ရသည်။ နှစ်စဉ်တစ်ရက်သာကျင်းပသည်။

တောင်ပြုန်းနတ်ပွဲသည် မြန်မာ့အကြီးဆုံးနတ်ပွဲဖြစ်သည့်အားလျော်စွာ စည်ကားသိုက်မြိုက်လှသည်။ ပင်မနတ်နန်းကြီးအပြင် အနယ်နယ်အရပ်ရပ်မှ နတ်ကတော်များ၏ နတ်ခန်းပေါင်းများစွာလည်းရှိသည်။ ဇာတ်ပွဲ၊ ကြည့်ချင်ပွဲ စသောဖျော်ဖြေရေးပွဲများလည်းရှိသည်။ ဆိုင်ခန်းများစွာလည်းရှိသည်။

တောင်ပြုန်းပွဲတော်ကို အထိမ်းအမှတ်ရက်များအလိုက် ကျင်းပသည်။

‣ ဘုရားပွဲ
ဝါခေါင်လဆန်း(၈)ရက် မှ လပြည့်နေ့အထိ (သြဂုတ်လ)

‣ ညီလာခံနေ့
ဝါခေါင်လဆန်း(၁၀)ရက်

အိမ်တွင်းနတ်(၇)ပါး ညီလာခံသည့်နေ့ဟုဆိုသည်။ နတ်များကို သပြေခံတီးလုံးတီး၍ ကန်တော့ကြ သည်။ ယင်းကို နတ်ကြီးကောက်သည်ဟု ခေါ်သည်။ တိုင်းပြည်တွင် စပါးဆန်ရေပေါများစိမ့်ငှာ ဆန်စေ့များ ကိုင်လျက် ဆုတောင်းကြသည်။

‣ ချိုးရေတော်သုံးရက်
ဝါခေါင်လဆန်း(၁၁)ရက်

တောင်ပြုန်းပွဲ၏ အစည်ဆုံးရက်ဖြစ်သည်။ ရွှေဖျဉ်းညီနောင်နတ် ချိုးရေမသုံးမီ မန္တလေးဘိုးတော်က ဦးစွာချိုးရေသုံးရသည်။ ရွှေဖျဉ်းညီနောင်အရုပ်ကို ဝေါပေါ်တင်၍ နတ်နန်းရှေ့ထီးဖြူရုံ၌ ချိုးရေသုံးရသည်။ မန္တလေးဘိုးတော် ချိုးရေတော်သုံးအပြီးတွင် ပွဲဦးမင်းကိုကြီးကျော် ကြက်လောင်းရသည်။

‣ ပြပွဲ၊ ဝက်ပွဲ၊ ထပ်ပွဲ နေ့
ဝါခေါင်လဆန်း(၁၂)ရက်

ရွှေဖျဉ်းညီနောင်အား အုန်းသီး၊ ငှက်ပျောသီးဖြင့် လာရောက်ဆက်သကြ၏။ ပြပွဲကန်တော့သူများက ကန်တော့ပွဲပြပြီး မိမိတို့အိမ်များသို့ ပြန်လည်ဆောင်ယူကြသည်။ ဝက်ပွဲကန်တော့သူများက ကန်တော့ပွဲ တစ်ဝက်ထားရစ်၍ အိမ်သို့တစ်ဝက်သယ်ကြသည်။ ထပ်ပွဲကန်တော့သူများမှာ ပါလာသောကန်တော့ပွဲအပြင် နောက်တစ်ပွဲထပ်၍ အိမ်ကိုသယ်ယူကြသည်။ နတ်နန်းပေါ်သို့ လာရောက်အိပ်စက်သည့် အိပ်ဖန်စောင့် ရိုးရာဓလေ့လည်း ရှိသေးသည်။ သို့သော် ယနေ့ခေတ်၌ စတိသဘော ခေတ္တခဏအိပ်သူများသာ ရှိတော့သည်။

‣ ယုန်ထိုးနေ့
ဝါခေါင်လဆန်း(၁၃)ရက်

ယုန်ထိုးသည်ဆိုသည်မှာ ရွှေဖျဉ်းညီနောင်ကို ယုန်ကင်ဆက်ခြင်းဖြစ်သည်။ ယုန်မထိုးမီ ပွဲနှင့်နန်း တစ်လျှောက် ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုကြရသည်။ ဆဲခြင်းဖြင့် လာဘ်ရွှင်သည်ဟု ယုံကြသည်။ နတ်နန်းသို့ လာရောက်ဆဲကြသူများကို နတ်ကတော်များက ငွေများပေးကမ်းလေ့ရှိသည်။

‣ ထိန်ခုတ်ပွဲနေ့
ဝါခေါင်လဆန်း(၁၄)ရက်

အနော်ရထာမင်းကို ထိန်ပင်စောင့်နတ်က ကျွဲယောင်ဆောင်ခတ်ခဲ့၍ နတ်ရွာစံသည်ဟု အယူရှိသည်။ ထိန်ခုတ်ပွဲကို လက်တုံ့ပြန်သည့်အနေဖြင့် ကျင်းပသည်။ နတ်နန်းရင်ပြင်၌ ထိန်ပင်ကိုစိုက်ထူလျက် ခုနစ်ပတ် ပတ်ပြီး ဓားနှင့်ခုတ်ပိုင်းကျင်းပသည်။ ထိန်သားများကို ကံကောင်းခြင်းအဆောင်အဖြစ် လုယက်လေ့ရှိသည်။

‣ ဆွမ်းကြီးလောင်းပွဲ
ဝါခေါင်လပြည့်နေ့

တောင်ပြုန်းပွဲတော်၏ နောက်ဆုံးရက်ဖြစ်ပြီး ဆွမ်းကြီးလောင်းကုသိုလ်ဖြင့် ပွဲတော်ပိတ်သည်။

‣ စစ်ထွက်ပွဲ
နတ်တော်လဆန်း(၁၄ ၊ ၁၅)ရက် (ဒီဇင်ဘာလ)

‣ စစ်ပြန်ပွဲ
တပေါင်းလဆန်း(၁၄၊ ၁၅)ရက် (မတ်လ)

● တောင်ပြုန်းရွာလမ်းညွှန်

မန္တလေးတောင်ခြေမှ မတ္တရာကားလမ်းအတိုင်း(၈)မိုင်၊ တောင်ပြုန်းလမ်းခွဲရောက်က ဘယ်သို့ (၂)မိုင်၊ (၅)ဖာလုံဆက်သွားလျှင် တောင်ပြုန်းရွာကိုရောက်သည်။ ရှေးကမူ မန္တလေးမြို့အနောက်ပိုင်း ရွှေတစ်ချောင်း မြောင်းမှတစ်ဆင့် လှေလှော်ကာ ပျော်ရွှင်စွာသွားခဲ့ကြသည့်ဓလေ့ ရှိခဲ့ဖူးသည်။ ယခုအခါ ကားဖြင့်သာမက မန္တလေး၊ မြောက်ပြင်ရပ်ရှိ ဆရာစံဈေးခေါ် သူရဲဈေးဘူတာမှ ရထားစီး၍လည်း သွားနိုင်သည်။ ပွဲတော်ကာလ၌ မန္တလေးမြို့တွင်း၌ အငှားကားများလည်း ပြေးဆွဲသည်။ တောင်ပြုန်းရွာနှင့် ရွာနီးနားစပ်များက မြင်းလှည်း၊ နွားလှည်းများဖြင့်လည်း သွားရောက်ကြသည်။ မန္တလေးမှာ ဆိုင်ကယ်မြို့တော်ဖြစ်၍ ဆိုင်ကယ်ဖြင့်သွားသူ အလွန်တရာများပြားသည်။

● တောင်ပြုန်းပွဲမှရောင်းကုန်များ

တောင်ပြုန်းပွဲတွင် စားစရာ၊ အမှတ်တရလက်ဆောင်၊ ရိုးရာပစ္စည်း၊ ခေတ်ပေါ်အသုံးအဆောင် စသည် တို့ကို ရောင်းချသည်။ အညာမုန့်များဖြစ်သည့် မုန့်လုံး၊ မလိုင်ကရေကရာ၊ ကရေကရာ၊ အညာသားကျောကုန်း (ခ) စလူမုန့်၊ အနုဆုပ် စသည်တို့ကို ဆိုင်ကြီးကနား ခပ်များများဖြင့် စည်စည်ကားကားရောင်းချသည်။ ခုံညင်းပင်မှရသည့် ဒိုးပစ်ကစားရသော မြန်မာ့ရိုးရာစစ်စစ် ခုံညင်းဒိုးများ၊ အိုးပုတ်၊ ချိုးရုပ်များ၊ ဗန္ဓုလဦးထုပ်၊ ဖိုးဝရုပ်၊ နွားရုပ် စသော စက္ကူရုပ်များလည်း စုံလင်လှသည်။ တောင်ပြုန်း၏ နောက်ထပ်သင်္ကေတတစ်ခုမှာ အပျော်ဝတ်ဆင်ကြသော ပလတ်စတစ်ရွှေထည် အဆင်ဆန်ဆာများဖြစ်သည်။

နတ်ပွဲဖြစ်၍ အုန်း၊ ငှက်ပျော၊ ပန်းတို့ကို တောင်နှယ်ပုံအောင် ရောင်းချသည်။ စားသောက်ဆိုင် များစွာလည်းရှိသည်။ နောက်ပိုင်းတွင် ကာလပေါ်လူသုံးကုန်များလည်း ရောင်းချလာကြသည်။ လာရောက်ရောင်းချ သူများအတွက် ဆိုင်ခန်းခများလည်း ဈေးမြင့်မားသည်။ (၁၉၉၇)ခုနှစ်မှ (၂၀၁၁)ခုနှစ်အထိ ဆိုင်ခန်းများကို သာမန်ခင်းကျင်းရောင်းချခဲ့သော်လည်း (၂၀၁၂)ခုနှစ်မှစတင်၍ လေလံစနစ်ပြောင်းလဲခဲ့သဖြင့် (၁၅)နှစ်အတွင်း ဆိုင်ခန်းငှားခ ငါးဆမြင့်တက်ခဲ့ဖူးသည်။

● ဗုဒ္ဓဘာသာ နှင့် နတ်ကိုးကွယ်မှု

မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာအဆီအနှစ်များဖြင့် ထုံမွှမ်းထားပြီး ဗုဒ္ဓအဆုံးအမအတိုင်း နေ့စဉ်ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ စောင့်ထိန်းလေ့ရှိပါသည်။ ကိုးကွယ်ရာအစစ်ဖြစ်သော ဘုရား၊ တရား၊ သံဃာ ကိုးကွယ်ခြင်းကို သရဏဂုံဟုခေါ်သည်။ ထို့ကြောင့် သေသောခါ မတော်တဆ မကျွတ်လွတ်ဘဝ ရောက်လျှင်ပင် ကိုးကွယ်ခြင်းသဒ္ဓါစိတ် ဆက်လက်တည်တံ့နိုင်စေရန် သရဏဂုံတင်ကြခြင်းဖြစ်သည်။

သို့သော် နတ်ကိုးကွယ်ခြင်း၊ နတ်အပေါ် သဒ္ဓါစိတ်များပြားခြင်းသည် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်နှင့် လုံးဝဆန့်ကျင်သဖြင့် သရဏဂုံပျက်ယွင်းပါတော့သည်။ ဗုဒ္ဓဘာသာ၌ အရက်သေစာ သောက်စားရမ်းကားခြင်း သည် သူရာမေရယကံ၊ သူတစ်ပါးသားမယား ပစ်မှားခြင်းသည် ကာမေသုမိစ္ဆာစာရကံ၊ သူ့အသတ်သတ်ခြင်း သည် ပါဏာတိပါတကံ၊ ဆဲရေးတိုင်းထွာ ကြမ်းတမ်းစကား ဆိုခြင်းသည် ဖရုသဝါစာ၊ အကျိုးမဲ့အနှစ်မဲ့ အတင်းအဖျင်းစကား ဆိုခြင်းသည် သမ္ဖပ္ပလာပဝါစာ တို့ကို ကျူးလွန်ခြင်းဖြစ်ပါသည်။ ထိုအကျင့်အကြံတို့သည် အပယ်ငရဲကို လုံးဝရောက်စေပြီး ရှောင်ကြဉ်ခြင်းသည် နိဗ္ဗာန်ချမ်းသာကို ပေးစွမ်းနိုင်ပါသည်။

ရိုးရာကိုးကွယ်မှုသည် ရုတ်ချည်းဖြတ်တောက်၍ ရနိုင်မည်တော့မဟုတ်ပေ။ လုံး၀ပိတ်ပင်တားမြစ် လိုက်လျှင်လည်း ယဉ်ကျေးမှု၊ စီးပွားရေး စသည်ကို ထိပါးနိုင်ဖွယ်ရှိသည်။ တစ်ဖက်ကကြည့်ပြန်လျှင်လည်း တောင်ပြုန်းပွဲသည် ကျန်းမာရေးအဖွဲ့အစည်းများ၏ စစ်တမ်းအရ အိတ်ချ်အိုင်ဗီပိုး ပြန့်ပွားရာနေရာကြီးတစ်ခု ဖြစ်၍ အကာအကွယ်များ လိုက်လံဝေငှရသည်အထိ ဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်သော အယူလွဲများ၊ အပျော်များအတွက် ငွေကြေးမြောက်များစွာ နှစ်စဉ်ကုန်ကျသော နေရာဖြစ်နေပြန်သည်။

တစ်ဖန် တောင်ပြုန်းပွဲမှီ၍ လမ်းတစ်လျှောက် အတင်းအကျပ်အလှူခံများ ရှိခြင်းကြောင့် ဗုဒ္ဓဘာသာကို ညစ်ညမ်းစေပြန်သည်။ အဆိုးရွားဆုံးအချက်ရှိသေးသည်။ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ကြောင်း ကမ္ဘာသို့အခိုင်အမာ ကြေညာထားသည်။ သို့သော် နိုင်ငံကျော်တောင်ပြုန်းပွဲကို နိုင်ငံတကာ သတင်းဌာနများ၊ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြသည်။ ထိုမှ နိုင်ငံတကာသို့ ပြန်လည်ပျံ့နှံ့သွားသော နတ်ကိုးကွယ်မှုပုံရိပ်လွှာများသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမဟုတ်ဟု ငြင်းဆိုသည့်နှယ် ဖြစ်နေသည်။

အချုပ်ဆိုရလျှင် မြန်မာအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြခြင်း၊ မြင့်မားသော ယဉ်ကျေးမှု အဆင့်အတန်းမှ ဆင်းသက်လာကြခြင်း၊ ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ခြင်းတို့ကြောင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံ့ဂုဏ်၊ ကျန်းမာရေး၊ စီးပွားရေး စသော အဓိကမဏ္ဍိုင်ကြီးများကို သေချာစွာထောက်ဆ၍ ရိုးရာကိုထိန်းသင့်လှပေတော့သည်။

● မှတ်ချက်

မြန်မာသက္ကရာဇ် (၁၃၇၉)ခုနှစ်၊ ဝါခေါင်လ၊ ခရစ်သက္ကရာဇ်(၂၀၁၇)ခုနှစ်၊ သြဂုတ်လ တောင်ပြုန်းပွဲကို ရာသီတုပ်ကွေးရောဂါကြောင့် အကန့်အသက်မရှိ ရွှေ့ဆိုင်းခဲ့သည်။ (၂၀၂၀)ပြည့်နှစ် ကမ္ဘာ့အဆုတ်ရောင် ကပ်ရောဂါကာလ မှသည် နိုင်ငံရေးကာလများတိုင် ယခင်ကဲ့သို့ ကျင်းပနိုင်ခြင်း မရှိတော့ပေ။

ကောလိယ ဝေယံမောင်မောင်
၂၀၁၇၊ စက်တင်ဘာ
The CHIC မဂ္ဂဇင်း 


ဖေ့စ်ဘုတ်၌ ဖတ်ရှုရန်

https://www.facebook.com/Kawliya.WaiYanMaungMaung/posts/pfbid02gK5d1UTZvYNGyDdEbL94dbrBgCS258j2tfnJXzkcQEsdvfFdUhcMndVayFmVeQDBl


ဓာတ်ပုံရှင်များနှင့် ပန်းချီဆရာများအား မူပိုင်ပေးပါသည်။
လွတ်လပ်စွာဝေမျှနိုင်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။

Comments