ကျွန်ုပ်လက်ရာ ၄၅၊ ငါးပျစ်ပျစ် အာပူလျှာပူ

 





        အာပူလျှာပူကို ဆိုင်မှာစားရင် ငါးဖတ်များတာ ရှာမှရှား။ သာမန်ညောင်ညဆိုင်၊ ခေါင်းရွက်ဗျပ်ထိုးဆိုင်၊ ကုလားဖျင်းမိုးဆိုင်၊ ဟိုဆိုင်ဒီဆိုင်တွေကတော့ စိမ်းစားငါးပိသတ်သတ်နဲ့ပဲ ချက်ကြတာများတယ်။ ဆိုင်ကြီးကနားကျတော့လဲ ဈေးပေးရသဗျ။ အရသာရှိရှိ ငါးများများစားချင်ရင် အိမ်တင်ချက်တာ အဟန်ဆုံးပဲ။ အာပူလျှာပူ ချက်နည်းပြုတ်နည်းလေးတွေ မတူကြဘူး။ ဘယ်လိုပဲမတူကြပါစေ လိုရင်းကတော့ ငါးဟင်းခါးမှာ မုန့်ဖတ်ထည့်စားတာပါပဲ။

 

ငါး

မုန့်ဟင်းခါးဖတ်

စိမ်းစားငါးပိ

ငရုတ်သီးစိမ်း

ကြက်သွန်ဖြူ

ငရုတ်ကောင်းစေ့

ပတဲကော

နံနံပင်

ကြက်သွန်နီ

 

            အာပူလျှာပူကို အသုပ်နဲ့ အရည်စားပါတယ်။ တွဲဖက်တွေက ငါးမှုန့်၊ ငါးပိထောင်း၊ ပဲကြော်၊ ငါးဆုပ်၊ မန်ကျည်းမှည့်ရေ၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်၊ ကြက်သွန်နီ၊ ပဲတောင့်ရှည် စတာတွေပါ။ ကျွန်တော့်အိမ်မှာ ငရုတ်ကောင်းမှုန့်တောင် အသင့်သုံးမဝယ်ဘူး။ အစေ့လတ်လတ်ဆတ်ဆတ်ပဲ လှော်ထောင်းတာ။ အာပူလျှာပူ ချက်ဖို့အတွက် ငါးကြင်းကိုအရင်ပြုတ်ပြီး ဆယ်ထားလိုက်တယ်။ ငါးပြုတ်ရည်ထဲကို ပတဲကော၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ စိမ်းစားငါးပိ၊ ငါးပြုတ်တုံး စတာတွေ အစဉ်လိုက်ထည့်ပါတယ်။

 

            ငါးပိထောင်းကျ ငရုတ်သီးပြုတ်ကို စိမ်းစားငါးပိနဲ့ ထောင်းရတယ်။ ငါးမှုန့်အတွက်ကျ ငါးလှော်ရတယ်။ ငါးမှုန့်ကို ငါးမုန့်နဲ့မှားတတ်ကြတယ်။ (အသံထွက်တောင် ‘မှုန့်’ နဲ့ ‘မုန့်’ မကွဲကြဘူး။) ငါးမှုန့်ကို အာပူလျှာပူ အသုပ်ဖြစ်ဖြစ်၊ အရည်ဖြစ်ဖြစ် ဖြူးစားရင်မွှေးဆိမ့်နေတာ။ အချဉ်အတွက် မန်ကျည်းမှည့်ကို အရည်ကျဲကျဲ ဖျော်ထားပေးရတယ်။ တွဲစားဖို့ နံနံပင်တို့၊ ကြက်သွန်နီတို့လဲ လှီးထားရတယ်။ 

 

အိုးပေါ်ကဟင်းရည်က မွှေးတက်လာပြီ။ မြည်းကြည့်တော့ အရသာလဲပြေလည်နေပြီ။ အရည်သောက် သမားဖို့ မုန့်ဖတ်ပေါ် ငါးပျစ်ပျစ်ဟင်းရည် လောင်းပေးတယ်။ နံနံပင်၊ ငါးပိထောင်း၊ ငါးမှုန့်၊ မန်ကျည်းရေနဲ့။ အသုပ်သမားဖို့ မုန့်ဖတ်ကိုအမယ်တွေနဲ့နယ်ပေးရုံ။ ဆီမလိုဘူးဆိုတော့ ခြောက်ကပ်ကပ်မဖြစ်အောင် မန်ကျည်းရေ၊ ဟင်းရည် ပါးပါးလေးဆမ်းနယ်တယ်။ ငါးမှုန့်ထပ်ဖြူးတယ်။ အသုပ်စားလိုက်၊ ဟင်းရည် သောက်လိုက်နဲ့ ဥတုများအေးရင် ဟန်တော့ကျနေမှာဗျ။ တစ်အိမ်လုံး ဗိုက်ရိုက်ပြီးသာစား၊ ဝမ်းအပြင် အိတ်မပါဘူး။ ဒါက ပိုက်ဆံနည်းနည်းနဲ့ အဝအပြဲစားလို့ရတဲ့ ငါးပျစ်ပျစ် အာပူလျှာပူဆိုတာပေါ့ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၇.၈.၂၀၂၂

 

#ကျွန်ုပ်လက်ရာ

#ကောလိယဝေယံမောင်မောင်

Comments