ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၁၊ ခိုခိုရှနဲ Coco Chanel

 

Chanel တံဆိပ်တည်ထောင်သူ ဖက်ရှင်ဒီဇိုင်နာ ခိုခိုရှနဲ (Coco Chanel)

CHANEL ရှနဲတံဆိပ်

ခိုခိုရှိနဲ (Coco Chanel) ဖန်တီးသောဦးထုပ်နှင့် ပြဇာတ်မင်းသမီး Gabrielle Dorziat

Chanel ရှနဲရေမွှေးကြော်ငြာ

CHANEL ရှနဲဖက်ရှင်ကြော်ငြာတစ်ခု

CHANEL No.5 ခေါ် ရှနဲ၏ နာမည်ကျော်ရေမွှေးဘူးမှာ ပုလင်းပုံဖြစ်သည်။

CHANEL ရှနဲကြော်ငြာတစ်ခု

CHANEL ရှနဲကြော်ငြာတစ်ခု
အသက်ကြီးသော်လည်း ကြိုးစားဆဲဖြစ်သော ဒီဇိုင်နာ ခိုခိုရှနဲ (Coco Chanel)





       လူသားတို့ရဲ့နေ့စဉ်ဘဝဟာ ဖက်ရှင်နဲ့အမြဲဆက်နွှယ်နေပါတယ်။ ကဏ္ဍအသီးသီးက လူသားတွေမှာ မတူညီတဲ့ ဖက်ရှင်အမြင်တွေရှိနေကြပါတယ်။ တချို့တွေက ကိုယ့်ကိုယ်ကိုယ်ဖက်ရှင်ကျအောင် တွဲစပ်ဖန်တီး ဝတ်ဆင်တတ်ကြတယ်။ တချို့တွေကတော့ အများအတွက်ပါ ကွန့်မြူးတတ်ကြပါတယ်။ သူတို့တွေရဲ့ ဖက်ရှင် ပါရမီတွေ၊ အမြင်တွေကို အကောင်းဆုံးအသုံးချကြိုးစားလိုက်တဲ့အခါမှာတော့ ဖက်ရှင်ဒီဇိုင်နာအဖြစ် ရောက်ရှိ လာကြပါတော့တယ်။

    ဒီလို ဖက်ရှင်ပညာရှင်တွေများစွာထဲကမှ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာများရဲ့အကြောင်းကို လစဉ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

    Coco Chanel (ခိုခိုရှနဲ) ဆိုတဲ့နာမည်ထဲမှာ ကမ္ဘာကျော်ဖက်ရှင်တံဆိပ်တစ်ခုနာမည်ပါနေတာကို သတိထားမိကြမယ် ထင်ပါတယ်။ အဲဒီ ခိုခိုရှနဲဆိုတဲ့အမျိုးသမီးဟာ လူတွေနှစ်ခြိုက်ဝယ်သူနေကြတဲ့ CHANEL (ရှနဲ) တံဆိပ်ရဲ့ မိခင်ဒီဇိုင်နာကြီးပါပဲ။ သူဟာ ပြင်သစ်လူမျိုးဖက်ရှင်ဒီဇိုင်နာပါ။

 

ငယ်ဘဝ

    အမည်အပြည့်အစုံကတော့ Gabrielle Bonheur Coco Chanel ဖြစ်ပါတယ်။ (၁၈၈၃)ခုနှစ်၊ သြဂုတ်လ(၁၉)ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက်(၁၂)နှစ်ကတည်းက မိခင်ဆုံးပါးခဲ့လို့ မိခင်မေတ္တာ ငတ်မွတ်ခဲ့တာပါ။ ကဖေးဆိုင်မှာ သီဆိုဖျော်ဖြေသူတစ်ယောက်အဖြစ်လဲ အသက်မွေးခဲ့ရသူမို့ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာမဲ့သူလို့လဲ ထင်ရက်စရာမရှိပါဘူး။ သီချင်းတွေနဲ့နီးစပ်တာမို့ သူ့နာမည်က ခိုခို(Coco)ဆိုတဲ့စာလုံး ကလဲ အဲတုန်းကခတ်စားတဲ့ သီချင်းနှစ်ပုဒ်ခေါင်းစဉ်နဲ့ဆက်စပ်ပြီး မှည့်ထားတာလို့ဆိုပါတယ်။ နှစ်အနည်းငယ် ရုန်းကန်ပြီးတော့ စားဝတ်နေရေးအတွက် မတူညီတဲ့အလုပ်တွေ လုပ်ခဲ့ရပါတယ်။ ငယ်ဂုဏ်ရဲ့ဆွဲဆောင်မှုလဲ ရှိလေတော့ Spa တစ်ခုမှာ သီချင်းဆက်ဆိုပြီး အသက်မွေးရပါသေးတယ်။ ဒါပေမဲ့ အဲဒီ Spa က သူတို့ရာသီကုန်မှာ ရပ်နားလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်ရပြန်ပါတယ်။

သူ့အသက်(၂၃)နှစ် ရောက်တဲ့အခါမှာတော့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ဝတ်စုံချုပ်လုပ်ငန်းကြီးကို အမွေဆက်ခံထားတဲ့ Etenne Balsan နဲ့ချစ်ကြိုက်ခဲ့ပြီး သုံးနှစ်ကြာတဲ့အခါ အတူ နေထိုင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကံတရားက ရှုပ်ထွေးလှပါတယ်။ ပုဂ္ဂိုလ်ရေးရှုပ်ထွေးမှုတွေကြောင့် သူတို့နှစ်ဦး မတည်မြဲခဲ့ပါဘူး။

 

ဒီဇိုင်နာဘဝအစ

ခိုခိုရှနဲဟာ Balsan နဲ့အတူနေစဉ်က ဦးထုပ်ဒီဇိုင်းတွေကို ကနဦးစတင်ဖန်တီးပါတယ်။ ဒါကသူ့ရဲ့ စွန့်ဦးတီထွင်မှုတစ်ခုပါ။ (၁၉၁၀)ပြည့်နှစ်မှာ ဦးထုပ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပါပြီ။ သူ့ဦးထုပ်ဆိုင် Chanel Modes ကို ပါရီမှာဖွင့်လှစ်ခဲ့နိုင်ခဲ့ပါပြီ။ သူတို့ဆိုင်ဖွင့်ထားတဲ့နေရာမှာ အဝတ်အစားပဲရောင်းကြပေမဲ့ Chanel က ဦးထုပ်တွေပဲ ရောင်းခဲ့ပါတယ်။ (၁၉၁၂)မှာ ပြဇာတ်မင်းသမီး Gabrielle Dorziat က သူဖန်တီးတဲ့ဦးထုပ်ကို ဝတ်ဆင်ခဲ့ပါတယ်။ နောက်ပိုင်းမှာလဲ Gabrielle Dorziat ကပဲ ဦးထုပ်မော်ဒယ်လုပ်ပေးပါတယ်။

(၁၉၁၃)ခုနှစ်မှာ အင်္ဂလိပ်အထက်တန်းစားတစ်ဦးဖြစ်တဲ့ Arthur Capel ဟာ သူ့ဆိုင်အတွက် အား ဖြည့်ခဲ့ပါတယ်။ သုံးသပ်သူများကတော့ Capel ရဲ့ ဝတ်စားဆင်ယင်ပုံဟာ ခိုခိုရှနဲအပေါ် လွှမ်းမိုးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ CHANEL No.5 ခေါ်တဲ့ ရှနဲရဲ့ နာမည်ကျော်ရေမွှေးဘူးဒီဇိုင်းက ပုလင်းပုံဖြစ်ရခြင်းအကြောင်းရင်း (၂)ချက်မှာလဲ တစ်ချက်က Capel ရဲ့ဆန်းထွင်ကွန့်မြူးမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ သုံးသပ်ကြပါတယ်။

 ခိုခိုရှနဲဟာ သူ့ဆိုင်ရှနဲမှာ အားကစားသမားတွေ၊ အပန်းဖြေအနားယူသူတွေနဲ့ သင့်တော်တဲ့ ထသွားထလာဖက်ရှင်နဲ့ အမျိုးသားအတွင်းခံတွေ ရောင်းချခဲ့ပါတယ်။ ရှနဲကို အချက်အချာကျတဲ့ ဖက်ရှင်လမ်းမပေါ်မှာဖွင့်ထားပြီး ဦးထုပ်တွေ၊ ဂျက်ကက်တွေ၊ ဆွယ်တာတွေ၊ သင်္ဘောသားဝတ်စုံပုံ မိန်းမဝတ် အင်္ကျီတွေ၊ ခေါင်းစွပ်လက်ရှည်တွေ အတော်လေးစုံစုံလင်လင်ပါပဲ။ ဒီကရတဲ့ဝင်ငွေနဲ့ပဲ သူ့ညီမနဲ့ ဆွေမျိုးတချို့ ကို ကျွေးမွေးခဲ့ရတာပါ။ (၁၉၁၉)မှာတော့ ခိုခိုရှနဲရဲ့ လက်တွဲဖော် Capal ကားမတော်မဆနဲ့ သေဆုံးခဲ့ရ ရှာပါတယ်။ ဒါကို ခိုခိုရှနဲက အမြဲဝမ်းနည်းခဲ့ရှာတာပါ။ နောင်နှစ်အစိတ်ကြာတဲ့အခါ ‘Capal သေဆုံးခဲ့တာဟာ အရာရာပျောက်ဆုံးခဲ့တာပါ’ လို့ သူ့သူငယ်ချင်းတစ်ယောက်ကို ဖွင့်ပြောခဲ့လေရဲ့။

ခိုခိုရှနဲဟာ သူ့ဆိုင်ကို တစ်နှစ်ထက်တစ်နှစ် ပိုကောင်းအောင် ဖန်တီးမှုခဲ့ပါတယ်။ (၁၉၂၀)ပြည့်နှစ် နောက်ပိုင်းမှာ ဦးထုပ်နဲ့အဝတ်တွေတင်မကဘဲ ရေမွှေး၊ အဆင်တန်ဆာတွေ၊ ကျောက်မျက်ရတနာ တွေပါ တိုးချဲ့ဖန်တီး ရောင်းချလာခဲ့ပါတယ်။ ဒါပေမဲလဲ စွန့်ဦးသူတို့လျှောက်တဲ့လမ်း ဖြစ်တဲ့အတွက် အခက်အခဲ၊ အဆီးအတားတွေ အများကြီးကြုံခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ ဒုတိယကမ္ဘာစစ်ကြောင့် ရှနဲလုပ်ငန်းကို (၁၅)နှစ်ကြာ ရပ်နားထားရခြင်းပါ။

 

စံနမူနာယူဖွယ်ရုန်းကန်မှု

            (၁၉၄၅)ခုနှစ်မှာ ခိုခိုရှနဲက ဆွပ်ဇလန်နိုင်ငံကိုပြောင်းရွှေ့ပြီး နှစ်များစွာနေထိုင်ပါတယ်။ အသက်(၇၀) ကျော်လာခါမှ (၁၅)နှစ်ကြာပိတ်ခဲ့ရတဲ့ ဆိုင်ကိုပြန်ဖွင့်ပြီး ဖက်ရှင်လောထဲ တစ်ကျော့ပြန်ဝင်ရောက်ခဲ့ပါတယ်။ အိုမင်းမစွမ်းအရွယ် ဇွဲ၊ သတ္တိတွေနဲ့ ပြန်လည်ရုန်းကန်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ရှနဲတံဆိပ်ဟာ ကမ္ဘာ့ထိပ်တန်း တံဆိပ်ဖြစ်လာခဲ့တာပါပဲ။

 

နောက်ဆုံးအချိန်

            ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာကြီး ခိုခိုရှနဲရဲ့ နောက်ဆုံးလက်ကျန်ဘဝကတော့ အလွန်အမင်းကို အထီးကျန်ခဲ့ရရှာပါတယ်။ အသက်(၉၀)နားကပ်တဲ့အထိ ဖက်ရှင်လုပ်ငန်းတွေလုပ်ဆဲပါ။ သူ့လူယုံတော်ကိုလဲ အဖော်ပြုခဲ့ရတယ်။ တစ်ခါတလေတော့ မိတ်ဆွေနဲ့အတူ လမ်းလျှောက်ထွက်ဖြစ်ကြပါတယ်။

            (၁၉၇၁)မှာ ခိုခိုရှနဲအသက်(၈၇)အရွယ်ရောက်လာခဲ့ပါပြီ။ အိုမင်းလာပေမဲ့ လုပ်နေကျ နွေဦးရာသီ ဖက်ရှင်ကတ်တလောက်အတွက် ပြင်ဆင်နေပါတယ်။ တစ်နေ့ကျတော့ နေ့ခင်းဘက် အချိန်ကြာကြာ ကားစီးခဲ့ရတဲ့အရှိန်ကြောင့် ပင်ပန်းဖျားနာရှာပါတယ်။ ဇန်နဝါရီ(၁၀)ရက်နေ့မှာ သူနေထိုင်တဲ့ Ritz ဟိုတယ်မှာ အနိစ္စရောက်ခဲ့ရှာပါတယ်။ ခိုခိုရှနဲဈာပနမှာ ရှနဲရဲ့ဖက်ရှင်မော်ဒယ်တွေက ထိုင်ခုံရှေ့ဆုံးတန်းမှာထိုင်ကြပြီး ဝမ်းနည်းခြင်းကိုဖော်ပြခဲ့ကြပါတယ်။ သစ်ခွဖြူ၊ ဇီဇဝါဖြူ၊ လက်ဖက်နှင်းဆီဖြူတွေကို နှင်းဆီနီနဲ့ရောပြီး ဆင်ယင်နှုတ်ဆက်ခဲ့ကြပါတယ်။           

 

 

ဖက်ရှင်ဒီဇိုင်နာမကြီး ခိုခိုရှနဲကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ သူဟာဒီနေ့ထိ ကမ္ဘာ့အကျော်ကြားဆုံး ဖက်ရှင်ဒီဇိုင်ကြီးတစ်ဦး ဖြစ်ဆဲပါ။ (၁၉၀၉)မှာ သူတည်ထောင်ခဲ့တဲ့ ရှနဲတံဆိပ်ဟာလဲ သက်တမ်းရာကျော်တိုင် ထိပ်ဆုံးမှာရှိနေဆဲပါ။

 

ကောလိယ ဝေယံမောင်မောင်

၂၀၁၆၊ မေလ

The CHIC မဂ္ဂဇင်း 


#ကမ္ဘာကျော်ကြားဖက်ရှင်ဒီဇိုင်နာများ 

#ကောလိယဝေယံမောင်မောင်

 

Comments