ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၂၊ ဒီဇိုင်နာ ဒေါ့နားခဲရန့် Donna Karan

 

 









  




        ပြီးခဲ့တဲ့လမှာ အမျိုးသမီးဖက်ရှင်ဒီဇိုင်နာကြီး Coco Chanel (ခိုခိုရှနဲ) အကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာလဲ အမျိုးသမီးဖက်ရှင်ဒီဇိုင်နာကြီးဖြစ်တဲ့ Donna Karan (ဒေါ့နားခဲရန့်) ရဲ့အကြောင်းကို တင်ဆက်ဖို့ ရှိပါတယ်။

        ကမ္ဘာ့ဖက်ရှင်လောကမှာ DKNY တံဆိပ်က အတော်လေးသြဇာရှိပါတယ်။ အဲဒီတံဆိပ်က တခြားတော့ မဟုတ်ပါဘူး။ ဒေါ့နားခဲရန့် ရဲ့ဖက်ရှင်ထုတ်ကုန်အမည်ပါ။ Donna Karan New York ကို အတိုကောက်အနေနဲ့ DKNY ဆိုတဲ့အမည်ကို တပ်ထားပါတယ်။

            ဒေါ့နားခဲရန့်ကို (၁၉၄၈)ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်းက Donna Ivy Faske ဖြစ်ပါတယ်။ နယူးယောက်သူ ဒေါ့နားခဲရန့်က ဂျူးလူမျိုးနွယ်တစ်ယောက်ပါ။ သူ့ကို ဒီဇိုင်နာ ဖြစ်လာစေတဲ့အကြောင်းရင်းက အဓိကနှစ်ချက်ရှိပါတယ်။ အဲဒါကတော့ သူ့အမေ Helen (Queenie) ဟာ မော်ဒယ်တစ်ယောက်လဲ ဖြစ်ခဲ့သလို ဒီဇိုင်နာ Chester Weinberg ရဲ့အရောင်းဆိုင်မှာ အလုပ်လုပ်ခဲ့သူ ဖြစ်နေခြင်းပါ။ နောက်တစ်ချက်ကတော့ သူ့အဖေက အပ်ချုပ်သမားတစ်ယောက်ဖြစ်ပြီး အပ်ချုပ်ပစ္စည်း အတို အထွာဆိုင်လေး ဖွင့်ခဲ့တာပါ။

            ဒေါ့နားခဲရန့် ကံမကောင်းရှာတဲ့အချက်ကတော့ သူ့အသက်(၃)နှစ်သမီးမှာ ဖခင်ဖြစ်သူဆုံးပါးခဲ့ခြင်း ပါပဲ။ ဒါ့ကြောင့်မိခင်ဖြစ်သူကပဲ သူနဲ့သူ့အစ်မတို့ကို ရုန်းကန်ကျွေးမွေးခဲ့ရတာပါ။ ဒေါ့နားခဲရန့် အသက်(၁၈)နှစ် အရွယ် (၁၉၆၆)ခုနှစ်ရောက်တော့ အထက်တန်းကျောင်းအောင်မြင်ပြီး Parsons School of Design မှာ တက်ရောက်ခဲ့ပါတယ်။

 

ဒီဇိုင်နာခြေလှမ်း

            သူ ကောလိပ်တက်ပြီးနောက် အမေရိကန်ဖက်ရှင်ဒီဇိုင်နာ Anne Klein ဆီမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။ အလုပ်ကြိုးစားရင်း နောက်ဆုံးမှာတော့ Anne Klein ရဲ့ ဒီဇိုင်းအဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ သူများရဲ့ အလုပ်မှာ အောက်သက်ကြေကြိုးစားခဲ့တဲ့ ဒေါ့နားခဲရန့်ဟာ (၁၉၈၅)ခုနှစ်ရောက်ချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ သူ့ကြိုးစားမှုတွေက အရာထင်တယ်ပြောရပါမယ်။ သူ့ရဲ့အိပ်မက်အတိုင်း ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ကို စတင်တည်ထောင်နိုင်ခဲ့ပါတော့တယ်။

            သူ့ရဲ့ကိုယ်ပိုင်တံဆိပ်ကို စတင်ပေမဲ့လဲ Anne Klein နဲ့အတူ Assistant Designer အဖြစ် လက်တွဲမဖြုတ်ခဲ့တာကတော့ကျေးဇူးတရားသိတတ်တာကို ဖော်ညွှန်းတယ်ပြောရပါမယ်။ (၁၉၇၄)ခုနှစ် Anne Klein ကွယ်လွန်ချိန်မှာ ဒေါ့နားခဲရန့် တစ်ယောက်Takihyo Corporation of Japan ရဲ့ ပိုင်ရှင်အသစ်နဲ့အတူ လက်တွဲပြီး ဒီဇိုင်နာခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

            ကိုယ်ရေးကိုယ်တာအရ ကြည့်မယ်ဆိုရင် ဒေါ့နားခဲရန့်ဟာ အိမ်ထောင်ရေးကံမကောင်းရှာတဲ့ အမျိုး သမီးတစ်ယောက်ပါ။ ဒါပေမဲ့ အိမ်ထောင်ရေးကြောင့်စီးပွားရေးနဲ့ ဘဝအောင်မြင်ရေးကို အဆုံးရှုံးမခံခဲ့ပါဘူး။ (၁၉၈၄)ခုနှစ်မှာ Anne Klein ဆီက အလုပ်ရပ်နားဖြစ်ပါတယ်။ (၁၉၈၅)ခုနှစ်မှာတော့ ခေတ်လူများအတွက် ခေတ်ပေါ်ဖက်ရှင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝတ်စုံတွေဖန်တီးခဲ့ပါတယ်။ ဒေါ့နားခဲရန့်ကို နာမည်ကျော်စေတဲ့ အချက်တွေထဲမှာ ဝတ်စုံအတွဲအစပ်ကိစ္စလေးလဲ ပါပါတယ်။ ဘီရိုထဲက အဝတ်အထည်(၇)မျိုးကို တွဲစပ်တဲ့ ဖက်ရှင်ဟာလူသိများခဲ့ပါတယ်။

 

DKNY တံဆိပ်အစ

(၁၉၈၈)မှာ သူဟာ ချစ်စနိုးနာမည်တစ်ခုရခဲ့ပါတယ်။ အဲဒါက The Queen of Seventh Avenue ပါတဲ့။ အဲဒီနောက် သူချဲ့ထွင်လိုက်တာကတော့ ဈေးကြီးဝတ်စုံတွေထဲက အသက်သာဆုံးမိန်းကလေးဖက်ရှင် Donna Karan New York ပါပဲ။ အဲဒီအချိန်ကနေစပြီး DKNY ဆိုတဲ့ကမ္ဘာကျော်ဖက်ရှင်တံဆိပ် မြစ်ဖျားခံလာခဲ့ပါတယ်။ (၂)နှစ်ကြာတဲ့အခါ Denim-Inspired Collection ဆိုပြီး ဂျင်းတွေစထုတ်ပါတယ်။ ဒေါ့နားခဲရန့်ဟာ အမြင် ကျယ်တဲ့အတွက် အမျိုးသမီးဖက်ရှင်တစ်ခုတည်းနဲ့ ရှေ့မဆက်ခဲ့ပါဘူး။ (၁၉၉၂)မှာ အမျိုးသားများအတွက် DKNY ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

            ဒေါ့နားခဲရန့်ဟာ ဒီဇိုင်နာပိုင်းကို ထိထိရောက်ရောက်လုပ်ချင်တဲ့ဆန္ဒ ရှိလို့လားတော့မသိပါဘူး။ (၁၉၉၇)ခုနှစ်မှာ အမှုဆောင်အရာရှိချုပ်ရာထူးကနေ ဥက္ကဋ္ဌရာထူးနဲ့ ဒီဇိုင်နာအဖြစ်ပဲ နေရာနှိမ့်ယူခဲ့ပါတယ်။ သူက (၁၉၉၀)ပြည့်လွန်နှစ်များမှာ ရေမွှေးထုတ်ခဲ့ဖူးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီရေမွှေးကို ဆက်မထုတ်ဖြစ်ခဲ့တာမို့ (၂၀၀၈)၊ သြဂုတ်လမှာ သူ့ရဲ့ရေမွှေးတစ်ခေတ်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ DKNY ရေမွှေးပုလင်းအများစုဟာ ပန်းသီးပုံစံလေးတွေနဲ့ချစ်စဖွယ်ဆန်းသစ်ထားတာပါ။ ရေမွှေးချစ်သူတွေကြားမှာ Be Delicious တို့ Be Desired တို့ပါရင် ဒေါ့နားခဲရန့် ထုတ်ထားတဲ့ DKNY ရေမွှေးဆိုတာ တန်းသိကြပါတယ်။

ဒေါ့နားခဲရန့်ဟာ ရာထူးနေရာကိုမက်တာမဟုတ်ဘဲ ဖက်ရှင်တီထွင်မှုကိုပဲ ဝါသနာထုံတယ်လို့ ယူဆ ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (၂၀၁၅)ခုနှစ်တုန်းက သူဟာ သူ့ကုမ္ပဏီရဲ့ ဦးဆောင်သူနေရာကနေ နိမ့်တဲ့ ဘက်ကို တဖြည်းဖြည်းကူးသွားမယ်လို့ကြေညာခဲ့လို့ပါ။ သူဟာ ရိုးရှင်းစွာနေထိုင်လိုသူလို့ သတ်မှတ်လို့ရပါ တယ်။ သူ့ရဲ့ အထီးကျန် ကလေးဘဝအကြောင်း၊ နှစ်(၄၀)ကျော်ဖက်ရှင်ခရီးအကြောင်း၊ မိခင်ဘဝဖြစ်လာခြင်း အကြောင်း၊ အိမ်ထောင်နှစ်ဆက်ကျခဲ့ရတဲ့ ဘဝဇာတ်ကြောင်းတွေကို သူကိုယ်တိုင်ရေးသားထားတဲ့ (၂၀၁၅)၊ အောက်တိုဘာ(၁၃)ထုတ် သူ့ဘဝအတ္ထုပ္ပတ္တိ My Journey စာအုပ်ကိုဖတ်ရင် သူ့ဘဝကို ခံစားနားလည်သိရှိမှာ သေချာပါတယ်။

 

အပ်နှင်းခံရသောဆုများ

            ဒေါ့နားခဲရန့်ဟာ နာမည်ကြီးတဲ့အလျောက် ရခဲ့တဲ့ဆုတွေကလဲ ဒိတ်ဒိတ်ကြဲတွေပါ။ အမေရိကန် ပြည်ထောင်စုဖက်ရှင်ဒီဇိုင်နာများကောင်စီက ပေးတဲ့အထူးဆုကိုဆိုရင် (၃)နှစ်ဆက်တိုက် ရရှိထားသလို ဘဝတစ်သက်တာ ဖက်ရှင်ဒီဇိုင်နာဆုကြီးကိုပါ ရရှိထားပါတယ်။ ဒါကတော့ သူ့ရဲ့ဆုစာရင်းတွေဖြစ်ပါတယ်။

Coty American Fashion Critics’ Award ၁၉၇၇၊ ၁၉၈၂  

(ဤဆုကို သူဝန်ထမ်းလုပ်ခဲ့သော Anna Klein Fashion အတွက် နှစ်ကြိမ်ရခဲ့သည်။)             

·        Coty Hall of Fame ၁၉၈၄

·        Menswear Designer of the Year ၁၉၉၂

·        Womenswear Designer of the Year ၁၉၉၀ ၊ ၁၉၉၆

·        Special Awards of Council of Fashion Designers of America  ၁၉၈၅ ၊ ၁၉၈၆ ၊ ၁၉၈၇

 အမေရိကန်ပြည်ထောင်စုဖက်ရှင်ဒီဇိုင်နာများကောင်စီ(CFDA)၏ ဘဝတစ်သက်တာဖက်ရှင်ဒီဇိုင်နာဆု ၂၀၀၄

 

အသက်(၇၀)ကျော် ဖက်ရှင်ဒီဇိုင်နာကြီး ဒေါ့နားခဲရန့်က ကမ္ဘာကြီးပေါ်က ဖက်ရှင်ချစ်သူတွေအတွက် ဖက်ရှင်တွေဖန်တီးခဲ့တာ ဆယ်စုနှစ်(၄)ခုကျော်ကြာခဲ့ပါပြီ။ သူဟာ ဖက်ရှင်ကိုချစ်ပြီး ရိုးသားကြိုးစားတာမို့ ကမ္ဘာ့ဖက်ရှင်ချစ်သူတွေက သူ့ရဲ့ဖန်တီးမှုတွေကို ယနေ့တိုင်နှစ်သက်ကြဆဲပဲ ဖြစ်ပါတယ်ခင်ဗျာ။

 

ကောလိယ  ဝေယံမောင်မောင် 

The CHIC မဂ္ဂဇင်း၊ ၂၀၁၆၊ ဇွန်



Comments