![]() |
|
ဒီဇိုင်နာကြီး ဂျော်ဂျီယို အားမာနီ (Giorgio Armani) |
![]() |
|
ဂျော်ဂျီယို အားမာနီ (Giorgio Armani) တံဆိပ် |
![]() |
| ဂျော်ဂျီယို အားမာနီ (Giorgio Armani) အမျိုးသားဖက်ရှင်များ |
![]() |
|
အမျိုးသမီးဝတ်ဖက်ရှင်ကြော်ငြာ |
![]() |
|
ရုံးတက်ဖက်ရှင်တစ်ခု |
![]() |
|
ဦးထုပ်၊ ပုဝါ၊ အိတ်၊ အဝတ်အစား၊ ဖိနပ်အဆင်တန်ဆာစုံ |
![]() |
|
အားမာနီ (Armani) ဖက်ရှင်ရက်သတ္တပတ် |
![]() |
|
ကလေးဖက်ရှင်များ |
![]() |
|
Giorgio Armani ၏ အမျိုးသားဖက်ရှင် |
![]() |
|
အားမာနီ (Armani) ရေမွှေးကြော်ငြာတစ်ခု |
![]() |
|
ဆုလက်ခံနေသော ဒီဇိုင်နာကြီး ဂျော်ဂျီယို အားမာနီ (Giorgio Armani) |
အရင်လက ကမ္ဘာကျော်ဖက်ရှင့်ဘွားအေကြီး ဒေါ့နားခဲရန့် (DKNY - Donna Karan) အကြောင်း တင်ဆက်ပြီးတဲ့နောက် ဒီလမှာတော့ အသက်ကိုးဆယ်နီး ကမ္ဘာကျော်ဖက်ရှင့်ဘိုးအေကြီး ဂျော်ဂျီယို အားမာနီ (Giorgio Armani) အကြောင်း တင်ဆက်ပေးချင်ပါတယ်။
ဖက်ရှင်ချစ်သူတွေအားလုံး ကမ္ဘာကျော်ဖက်ရှင်တံဆိပ်တွေဖြစ်တဲ့ Emporio Armani (အင်ဖိုးရီးယိုး အာနာနီ) တို့ Giorgio Armani (ဂျော်ဂျီယို အားမာနီ) တို့ကိုသိကြမှာပါ။ အဲဒီ Armani(အားမာနီ) တံဆိပ်တွေကို ဖန်တီးထုတ်လုပ်ခဲ့သူကတော့ ဖက်ရှင်ဒီဇိုင်နာကြီး Giorgio Armani (ဂျော်ဂျီယို အားမာနီ) ဖြစ်ပါတယ်။
• စိတ်ဝင်စားဖွယ်ငယ်ဘဝ
အီတလီနိုင်ငံသား ဂျော်ဂျီယို အားမာနီကို (၁၉၃၄)ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်က Liceo Scientifico ကျောင်းမှာ ပညာသင်ယူခဲ့ပါတယ်။ ဂျော်ဂျီယို အားမာနီဟာ စာဖတ်ဝါသနာ ကြီးသူတစ်ယောက်လို့ ကောက်ချက်ချလို့ ရနိုင်လားမသိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့သူဟာ (၁၉၃၇) ခုနှစ်က အမျိုးသားစာအုပ်ဆုရတဲ့ ဒေါက်တာ Cronin ရေးတဲ့ အင်္ဂလန်နိုင်ငံထုတ် The Citadel ဆိုတဲ့ဝတ္ထုကိုဖတ်ပြီး ဆေးဝါးနဲ့ဆက်စပ်တဲ့ဝန်ထမ်း လုပ်ကိုင်ခဲ့လို့ပါ။
ဂျော်ဂျီယို အားမာနီက မီလန်တက္ကသိုလ်၊ ဆေးပညာဌာနမှာ သုံးနှစ်ကြာတာဝန်ထမ်းဆောင်ပြီး (၁၉၅၃)ခုနှစ်မှာတော့ Verona မှာတည်ရှိတဲ့ စစ်ဆေးရုံမှာ ဆက်လက် ထမ်းဆောင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဘဝရဲ့အလှည့်အပြောင်းတွေဟာ တကယ်ဆန်းကြယ်လွန်းပါတယ်။ စစ်ဆေးရုံကဝန်ထမ်း လုပ်နေတုန်း Verona Arena ပြဇာတ်ရုံကြီးမှာ ပွဲသွားကြည့်ပြီးနောက်ပိုင်းမှာတော့ တခြားအလုပ်အကိုင်ကို ပြောင်းလဲလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
• ဖက်ရှင်လောကတွင်းရောက်ရှိပုံ
ဂျော်ဂျီယို အားမာနီဟာ စစ်ဘက်ကနေအနားယူပြီး မတူကွဲပြားတဲ့အလုပ်ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအလုပ်ကတော့ ဖက်ရှင်ဆိုင်ရှေ့ တံခါးကအရုပ်တွေကို အဝတ်တွေဆင်ပေးသူပါ။ အဲဒီအလုပ်ကနေ တစ်ဆင့်အမျိုးသားဝတ်စုံ အရောင်းဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။သူ့ အတွက်ဒီရာထူးကနေရတဲ့ အတွေ့အကြုံနဲ့ ဈေးကွက်မြှင့်တင်မှုအသိပညာတွေက တော်တော်လေးတန်ဖိုးရှိခဲ့ပါတယ်။
(၁၉၆၀)ခုနှစ်များရဲ့အလယ်မှာ ဂျော်ဂျီယို အားမာနီဟာ Nino Cerruti ကုမ္ပဏီမှာ အမျိုးသားဖက်ရှင် ဒီဇိုင်းထွင်တဲ့အလုပ် ပြောင်းလုပ်ခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝရဲ့ အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာတော့တာပါပဲ။ ဗိသုကာအကြမ်းထည်ပုံဖော်ပညာရှင် Sergio Galeottiနဲ့ ဆုံတွေ့ရပြီး မိတ်ဆွေတွေ ဖြစ်သွားတာမို့ ဘဝတစ်လျှောက် နှစ်ရှည်လက်တွဲဖြစ်ကြပါတော့တယ်။ သူ့မိတ်ဆွေက ဂျော်ဂျီယို အားမာနီရဲ့ ဒီဇိုင်းရုံးဖွင့်ဖို့အကြံပေးတယ်။ ဒါနဲ့ပဲ သူ့ရဲ့ဒီဇိုင်းရုံးလေးကို မီလန်မှာဖွင့်ဖြစ်သွားပါတယ်။
အဲအချိန်တုန်းက ဂျော်ဂျီယို အားမာနီက အလွတ်တန်းဒီဇိုင်နာအနေနဲ့ သူ့လက်ရာတွေကို ဖက်ရှင်ဆိုင် ခပ်များများအတွက် ဖန်တီးနေတဲ့ပညာရှင်ဖြစ်နေပါပြီ။ သူဖန်တီးပေးရတဲ့ဆိုင်တွေထဲမှာ နာမည်တစ်ခုစီ ရှိနေကြတဲ့ Allegri, Bagutta, Hilton, Sicons, Gibo, Montedoro နဲ့Tendresse တို့လဲပါပါတယ်။ ဒီလို ဖန်တီးမှုတွေကြောင့်လဲ ဂျော်ဂျီယို အားမာနီဆိုတဲ့နာမည်ဟာ နိုင်ငံတကာသတင်းစာတွေရဲ့ စာမျက်နှာထက်မှာ ပါခဲ့ပါတယ်။ သူ့ရဲ့ဖက်ရှင်တွေဟာ စင်မြှင့်လျှောက်လမ်းပေါ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာလဲ လူတွေ ပိုသိလာခဲ့ကြတာပါ။
• ကိုယ်ပိုင်တံဆိပ်စတင်ထူထောင်
အကျော်ဇေယျ အောင်မြင်ပြီးသကာလ (၁၉၇၅)ခုနှစ်မှာ ဂျော်ဂျီယို အားမာနီဟာ သူ့နာမည်နဲ့ပဲ Giorgio Armani ဆိုတဲ့ဖက်ရှင်တံဆိပ်ကို စပြီးတည်ထောင်ခဲ့ပါတယ်။ သူတည်ထောင်ချိန်မှာ သူ့မိတ်ဆွေ Sergio Galeotti ကိုမေ့မထားဘဲ အတူလက်တွဲခဲ့တာကတော့ သူ့ရဲ့စိတ်ထားကောင်းကို ဖော်ပြနေတယ် ဆိုရမှာပါပဲ။ တည်ထောင်စဖန်တီးမှုအနေနဲ့ (၁၉၇၅)ခုနှစ်၊ အောက်တိုဘာလမှာ လာမဲ့နှစ် နွေဦးနဲ့နွေရာသီ အတွက် အမျိုးသားအသင့်ဝတ်ဖက်ရှင်တွေကို ပွဲဦးထွက်ထုတ်ခဲ့ပါတယ်။ သူ့ရဲ့ဖန်တီးမှုတွေက အမျိုးသားတွေ အတွက်တင်မကပါဘူး။ အဲဒီအချိန်မှာပဲ အမျိုးသမီးဖက်ရှင်တွေပါ တစ်ခါတည်းဖန်တီးလိုက်ပါတယ်။
• ဂျော်ဂျီယို အားမာနီထုတ်ခဲ့သော ကမ္ဘာကျော်တံဆိပ်များ
ဖက်ရှင်ဒီဇိုင်နာကြီး ဂျော်ဂျီယို အားမာနီဟာ သူ့ရဲ့နာမည်နဲ့ ဖက်ရှင်တံဆိပ်ခွဲတွေအများကြီး ဖန်တီး ထုတ်လုပ်ထားပါတယ်။ ဂုဏ်ယူစရာကောင်းတာကတော့ သူထုတ်သမျှတံဆိပ်တွေဟာ ကမ္ဘာတစ်ဝှန်း ထိုးဖောက်ပြီး ဖက်ရှင်ချစ်သူတွေ မက်မက်မောမော နှစ်ခြိုက်ကြခြင်းပါပဲ။ သူ့နာမည်နဲ့ဖက်ရှင်တင်မကဘဲ တခြားသော တန်ဖိုးကြီး အသုံးအဆောင်တွေဖြစ်တဲ့ ပရိဘောဂလုပ်ငန်း၊ တန်ဖိုးကြီးမုန့်တိုက်၊ ပန်းအလှဆင် လုပ်ငန်းတွေပါရှိပါတယ်။
ဒီလောက်နဲ့တင် ဂျော်ဂျီယို အားမာနီဟာ သိပ်ချမ်းသာမှာပဲလို့ တွေးနိုင်စရာပါ။ တကယ်လဲ ချမ်းသာ လွန်းပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် အားမာနီ (Armani) ဆိုတဲ့နာမည်နဲ့ ဟိုတယ်တွေပါရှိလို့ပါပဲ။ ကိုယ့်ထူးကိုယ်ချွန်ပြီး ကမ္ဘာကိုလွှမ်းမိုးနိုင်ခဲ့တဲ့ သူ့တံဆိပ်တွေနဲ့ထုတ်ကုန်တွေကတော့
₋ Giorgio Armani
အမျိုးသား၊ အမျိုးသမီး တန်ဖိုးကြီးဖက်ရှင်ထုတ်ကုန်များ။
₋ Emporio Armani
ခေတ်ပေါ်ဖက်ရှင်များနှင့် စင်မြင့်လျှောက်လှမ်းဝတ်စုံများ။
₋ Armani Collezioni
အမျိုးသား၊ အမျိုးသမီး တန်ဖိုးကြီးဖက်ရှင်ထုတ်ကုန်များ။
₋ Armani Jeans
ဂျင်းဖက်ရှင်ဝတ်စုံများ။
₋ Armani Exchange
ဖက်ရှင်များနှင့် လူမှုဘဝအသုံးအဆောင်များ။
₋ Armani Junior
ကလေးများအတွက်ဖက်ရှင်ထုတ်ကုန်များ။
₋ Armani / Casa
တန်ဖိုးကြီး အိမ်သုံးပရိဘောဂများ။
₋ Armani / Dolci
တန်ဖိုးကြီးမုန့်များ။
₋ Armani / Fiori
ပန်းအလှဆင်ခြင်း။
₋ Armani / Hotels
တန်ဖိုးကြီး ဇိမ်ခံဟိုတယ်များ။
• အပ်နှင်းခံရသောဆုများ
₋ အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ
ဖက်ရှင်ဒီဇိုင်နာများ ကောင်စီ (CFDA) ဆု ၁၉၈၇
₋ The Royal College of Art ၏ ဂုဏ်ထူးဆောင်ဖန်တီးဆင်ယင်သူဆု ၁၉၉၁
₋ ဖက်ရှင်ဖန်တီးသူများအတွက် ဂျာမနီနိုင်ငံမှပေးသော BAMBI ဆု ၁၉၉၈
₋ Walk of Style စာရင်းသို့ထည့်သွင်းခံရခြင်း ၂၀၀၃
₋ GQ မဂ္ဂဇင်းကြီး၏ Man of the Year ၂၀၀၆
₋ Legion of Honour ဂုဏ်ထူး ၂၀၀၈
₋ ဖန်တီးမှုများအတွက်ဂျာမဏီမှပေးသော BAMBI ဆု ၂၀၀၉
ကောလိယ ဝေယံမောင်မောင်
ဇူလိုင်၊ ၂၀၁၆
The CHIC မဂ္ဂဇင်း











Comments
Post a Comment