ကမ္ဘာ့ဒုတိယနန်းသက်အရှည်ဆုံးနှင့် ဗြိတိသျှ၏နန်းသက်အရှည်ဆုံးအဖြစ် ဗြိတိသျှနိုင်ငံနှင့် ဓနသဟာယ(၁၅)နိုင်ငံကို နှစ်ပေါင်း(၇၀)နှင့် (၂၁၄)ရက်ကြာ အုပ်ချုပ်ခဲ့သည့် အသက်(၉၆)နှစ်အရွယ် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးသည် (၂၀၂၂)ခုနှစ်၊ စက်တင်ဘာ(၈)ရက်၊ ကြာသပတေးနေ့၌ ကံကုန်ခဲ့သည်။
ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်မှာမူ ပြင်သစ်နိုင်ငံ၏ လူဝီ ၁၄ (၁၆၃၈-၁၇၁၅) ဖြစ်သည်။ သူသည် (၁၆၄၃)ခုနှစ်မှ (၁၇၁၅)ခုနှစ်ထိ (၇၂)နှစ်နှင့် ရက်(၁၁၀)ကြာ နန်းစံခဲ့ပြီး အသက်(၇၇)နှစ်၌ ကံကုန်သည်။
ဘုရင်မကြီးကံကုန်ပြီးနောက် သားဖြစ်သူ အိမ်ရှေ့စံ ဝေလမင်းသားက တတိယမြောက်ချားစ်ဘုရင် ဖြစ်လာခဲ့ပြီး မြေးဖြစ်သူဝီလျံက အိမ်ရှေ့စံ ဖြစ်လာခဲ့သည်။ ချားစ်သည် (၇၃)နှစ်ရှိပြီဖြစ်သဖြင့် အသက်အကြီးဆုံး ထီးနန်းဆက်ခံသူ ဖြစ်လာသည်။
ဘုရင်မကြီးသည် မကွယ်လွန်မီ(၂)ရက် စက်တင်ဘာ(၆)ရက်နေ့ကပင် အင်္ဂလိပ်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ နုတ်ထွက်စာကိုလက်ခံခြင်း ဝန်ကြီးချုပ်သစ် လစ်ဇ်ထရပ်စ်ကို (၁၅)ဦးမြောက် အင်္ဂလန် ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်းကို ပြုံးရွှင်စွာ သွားလာဆောင်ရွက်ခဲ့သေးသည်။
သို့သော် စက်တင်ဘာ(၈)ရက်နံနက်၌ ဆရာဝန်များက ကျန်းမာရေးအထူးစောင့်ရှောက်မှုများ ပေးခဲ့ရသည်။ ယင်းနောက် သားသမီး(၄)ဦးနှင့်မြေးများက ဘုရင်မကြီးနေထိုင်ရာ စကော့တလန်နိုင်ငံ ဘယ်လ်မိုရဲလ် ရဲတိုက်သို့ အမြန်သွားရောက်ခဲ့သည်။ စက်တင်ဘာ(၇)၌ကျင်းပမည့် ဗြိတိသျှဝန်ကြီးများ အစည်းအဝေးကို ဘုရင်မကြီး အွန်လိုင်းမှတက်ရောက်ရန်လည်း ဖျက်သိမ်းခဲ့ရသည်။
ဘုရင်မကြီး သက်တောင့်သက်သာရှိနေကြောင်း ဘက်ကင်ဟမ်နန်းတော်က ဦးစွာထုတ်ပြန်သည်။ လူထုပရိသတ်များက ဘက်ကင်ဟမ်နန်းတော်ရှေ့၌ မိုးရေများအောက် စုရုံးရောက်ရှိလာကြသည်။ ကောင်းကင်၌ သက်တံတစ်စင်းလည်း ထူးခြားစွာပေါ်ခဲ့သည်။ ယင်းနေ့မွန်းလွဲပိုင်းတွင်မူ ဘုရင်မကြီး ကံကုန်ခဲ့သည်။ ကံကုန်သည်နှင့် ဝင်ဆာရဲတိုက်တွင် နိုင်ငံတော်အလံကို တိုင်ဝက်သို့လျှော့ချပြီး ဝမ်းနည်းခြင်း ကာလ(၁၀)ရက်ကို ကြေညာခဲ့သည်။ ပါလီမန်အမတ်များသည် စက်တင်ဘာ(၉)ရက်၌ အောက်လွှတ်တော် တွင် ဘုရင်မကြီးကို ဂုဏ်ပြုပူဇော်ခွင့်ရမည်ဖြစ်သည်။
ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးကို (၁၉၂၆)ခုနှစ်၊ ဧပြီလ(၂၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖခင်ဖြစ်သူ ဆဋ္ဌမမြောက်ဂျော့ဘုရင်နှင့် မိဖုရား ဘို့စ်လီးအုန်းတို့က မွေးဖွားခဲ့သည်။ (၁၉၅၂)ခုနှစ်၌ နန်းတက်ခဲ့ပြီး ဝင်စတန်ချာချီမှစ၍ ဝန်ကြီးချုပ်(၁၅)ဦးနှင့် လက်တွဲဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီး ကာလ၊ စစ်အေးကာလ၊ စီးပွားရေး ခေတ်ကောင်းခေတ်ဆိုးကာလ၊ မြောက်အိုင်ယာလန်ခွဲထွက်ရေး၊ ဥရောပသမဂ္ဂဖွဲ့စည်းရေးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဗြိတိန်ခွဲထွက်ရေး စသည့်ခေတ်များ ကျော်ဖြတ်ခဲ့ သည်။ ဘုရင်မကြီး၏ကြင်ရာတော် ဖိလစ်မင်းသားကြီးမှာမူ ယမန်နှစ် (၂၀၂၁)ခုနှစ်၊ ဧပြီ (၉)ရက် အသက်(၁၀၀)၌ ကံကုန်ခဲ့သည်။
ဘုရင်မကြီးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် (၂၀၁၇)ခုနှစ်၊ မေလ(၅)ရက်နေ့၌ အင်္ဂလန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော်တွင် တွေ့ဆုံခဲ့ဖူးသည်။
ကောလိယ ဝေယံမောင်မောင်
၉.၉.၂၀၂၂
ဓာတ်ပုံရှင်များအား မူပိုင်ပေးပါသည်။






























Comments
Post a Comment