ပိုကီမွန်ဂိုး (သို့မဟုတ်) ခါတော်မီကစားနည်း

 

ပိုကီမွန်ဂိုးကစားနည်း


 

ပိုကီမွန်ဂိုးတံဆပ်


ရန်ကုန်မြို့တော်ခန်းမအနီး ဧရာဝတီဘဏ်ရှေ့မှ ပိုကီမွန်ဂိုးကစားသူနှစ်ဦး

(ဓါတ်ပုံ - ရဲအောင်သူ Getty Imges)

အဆင့်(၅)ရောက်လျှင် ဝင်ရောက်ရမည့်အသင်းသုံးခု


GPS မှညွှန်ပြသောနေရာနှင့် အပြင်လောက နှိုင်းယှဉ်ပြပုံ


ညဘက်တွင်လည်း ကစားကြသည်ကို လူမှုကွန်ရက်ပေါ်တွင်မှတ်တမ်းပြုထားသောပုံ


ပိုကီမွန်ဂိုးအသည်းစွဲ Jonas Brothers


ရှရွတ်ခန်းနှင့် ၎င်းကြုံတွေ့ခဲ့ရသောအမေရိကန်လေဆိပ်အကြောင်း


မြန်မာနိုင်ငံ၏ ပိုကီမွန်ဂိုးကစားသူများကို Google တွင်ပါတွေ့မြင်ရပြီဖြစ်သည်။


             ပြောင်းလဲမှုများစွာနဲ့ တိုးတက်နေတဲ့ခေတ်ကြီးမှာ အသစ်အဆန်းတွေ၊ တစ်ကျော့ပြန်မှုတွေကြုံတိုင်း လူပြောများရေပန်းစားလာရစမြဲပါ။ နည်းပညာကဏ္ဍမှာ နေ့ချင်းညချင်း တိုးတက်မှုတွေများတဲ့အတွက် အသစ်တစ်ခုပေါ်လာရင် အဟုန်နဲ့ထိုးဖောက်ဝင်ရောက်လာတော့တာပါပဲ။ ဒါ့အပြင်ဖျော်ဖြေရေးဆိုရင်လဲ လူကြိုက်များတာမို့ နည်းပညာနဲ့ဖျော်ဖြေရေးပေါင်းစပ်ထားတဲ့ Infotainment ကဏ္ဍမှာ အခုအချိန်ရေပန်း အစားဆုံးကတော့ အားလုံးသိတော်မူကြတဲ့ ပိုကီမွန်ဂိုးဂိမ်းပါပဲ။

ဒီမတိုင်မီ မြန်မာပြည်မှာဖေ့စ်ဘုတ်တွင်ကျယ်ခါစမှာ Farm Ville ဆိုတဲ့စိုက်ပျိုးရေးအွန်လိုင်းဂိမ်း၊ လက်ကိုင်ပွတ်ပြားတွေ တွင်ကျယ်လာချိန်မှာ စီအိုစီခေါ်ကြတဲ့ Clash of Clans တိုက်ခိုက်ရေးအွန်လိုင်းဂိမ်း၊ အခုလတ်တလောကတော့ ပိုကီမွန်ဂိုးဆိုတဲ့ ကိုယ်တိုင်ပါဝင်ရတဲ့အွန်လိုင်းဂိမ်းဆိုပြီး လွှမ်းမိုးနေကြတာပါ။

ပိုကီမွန်ဂိုးရဲ့ထူးခြားချက်ကတော့ အိပ်ရင်း၊ ထိုင်ရင်း ထိုင်ရာမထဆော့လို့မရဘဲ မြေပုံကိုကြည့်ပြီး တကယ့်အပြင်လောက လမ်းတွေမှာပတ်ပြီး ပိုကီမွန်ဆိုတဲ့ကာတွန်းကောင်လေးတွေဖမ်း၊ တိုက်ခိုက်ရေးလုပ်၊ စွမ်းအားစုရတာပါ။ ဒါ့ကြောင့် ဂိမ်းစဖွင့်တာနဲ့ယာဉ်မောင်းရင်းမဆော့ဖို့၊ လမ်းဖြတ်ကူးရင်းမဆော့ဖို့ သတိပေး စာတန်း အရင်ပေါ်လာရတာပါပဲ။

 

ပိုကီမွန်ဂိုးအစ

            Pokemon ဆိုတဲ့ဝေါဟာရဟာ အင်္ဂလိပ်ဘာသာ Pocket နဲ့ Monsters ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပိုကီမွန်ဆိုတဲ့စကားလုံးကို ဂျပန်ကနေရေပန်းစားတဲ့အတွက် ဂျပန်စာလုံးလို့လဲ မှတ်ယူကြတာရှိပါတယ်။ အနီးစပ်ဆုံးအဓိပ္ပာယ်ကောက်ယူလို့ရအောင် မြန်မာလို အကြမ်းဖျင်းဘာသာပြန်ရင်တော့

“Pocket Monsters = Pokemon = အိတ်ထဲထည့်လို့ရတဲ့ သတ္တဝါလေး” ဖြစ်ပါတယ်။

သမိုင်းကြောင်းဆိုရင်တော့ ပိုကီမွန်ဂိုးအစ ပိုကီမွန်ကာတွန်းကားကလို့ ပြောရမယ်ဗျ။ ပိုကီမွန်ဂိုး ထဲမှာပါတဲ့ ဂိမ်းဇာတ်ကောင်လေးတွေက အဲဒီကာတွန်းကားထဲက ဇာတ်ကောင်လေးတွေပါ။ ကာတွန်းကား ကိုတော့ ဂျပန်နိုင်ငံက The Pokemon Company ကနေ (၁၉၉၆)ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ ကလေးကြိုက်ပိုကီမွန်ကာတွန်းကား ပေါက်ခဲ့လေတော့ ပိုကီမွန်ကာတွန်း၊ ပိုကီမွန်ကာတွန်း စာအုပ်၊ ပိုကီမွန်ဗီဒီယိုဂိမ်း၊ ပိုကီမွန်ဖဲချပ်ဂိမ်းတွေအတွဲလိုက်ထွက်တဲ့ထိ ရေပန်းစားပြီး ကမ္ဘာအနှံ့ရောက်ရှိ လာခဲ့ခြင်းပါ။

            အခုထင်ရှားတဲ့ ပိုကီမွန်ဂိုးကစားနည်းကတော့ သြဂုတ်လ(၆)ရက်နေ့ကမှ ထွက်ခဲ့တာမို့လပိုင်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ပွတ်ပြားကြီးငယ်နဲ့ဆော့ရတဲ့ ကစားနည်းတွေကြားမှာတော့ သူမတူစံချိန်တင်ပြီး အောင်မြင်ခဲ့တဲ့ဂိမ်း ဖြစ်လာခဲ့ပါတယ်။


ပိုကီမွန်ဂိုးကစားနည်း

            ပိုကီမွန်ဂိုးဂိမ်းကစားနည်းကတော့ ယေဘုယျပြောရရင်လွယ်ကူရိုးရှင်းပါတယ်။ စစချင်း ဂိမ်းကိုဖွင့်၊ မွေးသက္ကရာဇ်ဖြည့်၊ ကျား/မအရုပ်လေးရွေး၊ ပိုကီမွန်လေးအစမ်းဖမ်း၊ ကိုယ့်နာမည်ကိုပေးပြီး လမ်းမထက်မှာ ပတ်ပြီး ပိုကီမွန်ရှာပုံတော်ဖွင့်ရတာပါပဲ။ နာမည်ပေးမရရင်တော့ ဂဏန်းနံပါတ်တွေထည့်ပေးရမှာပါ။

            အဆင့်(၅)ရောက်ရင်တော့ Gymကို ဝင်ရောက်ခွင့်ရမှာဖြစ်ပြီး အသင်း(၃)ခုမှာ နှစ်သက်ရာ(၁)ခုထဲ ဝင်ရမှာဖြစ်ပါတယ်။ သာမန်ဂိမ်းတွေနဲ့မတူတာကတော့ ပြထားတဲ့မြေပုံတစ်လျှောက်ပိုကီမွန်ရှိမဲ့နေရာ၊ ပိုကီမွန်ဘောလုံးတွေ၊ စွမ်းအားတွေတွေရှိမဲ့နေရာကို  အရောက်သွားရမှာဖြစ်ပါတယ်။ နေရာရွေ့သွားရတာမို့ ရူပဗေဒသဘောနဲ့ကြည့်ရင် အလုပ်ပြီးမြောက်တယ်လို့ ဆိုရမယ်လို့ထင်ပါတယ်။

            ရည်ညွှန်းနေရာတွေကတော့ လက်ကိုင်ပွတ်ပြားတည်နေရာပြညွှန်း (GPS)မြေပုံကနေ အပြာရောင်အမှတ်အသားနဲ့ အထင်ကရပြသထားတဲ့နေရာတွေပါ။ ဥပမာ - ဈေး၊ ရုံး၊ ဘဏ်၊ ဟိုတယ်၊ ဆေးရုံ၊ ဆိုင်၊ ဘုရားကျောင်း ဒီလိုနေရာတွေမှာ ပိုကီမွန်ဘောလုံးတွေ၊ စွမ်းအားတွေကိုရယူပြီး အနီးအနားမှာရှိတဲ့ ပိုကီမွန်ကာတွန်း သတ္တဝါလေးတွေကိုပစ်ပြီး ဘောလုံးတွင်းသိမ်းယူရမှာပါ။

            ကာတွန်းသတ္တဝါလေးတွေကလဲ အစုံအလင်ပါပဲ။ ဘောလုံးနဲ့ပစ်ဖမ်းပြီးရင် ဘောလုံးသုံးကြိမ် တုန်သွားရပါတယ်။ သုံးကြိမ်မပြည့်ခင် ဘောလုံးထဲကနေဖောက်ထွက်သွားတဲ့ ပိုကီမွန်လေးတွေလဲ ရှိပါတယ်။          ပိုကီမွန်လေးတွေစုဆောင်းရင်း အနားမှာရှိတဲ့ Gymတွေကို တိုက်ခိုက်သိမ်းပိုက်လို့လဲရပါတယ်။ ကိုယ့်ရဲ့သတ္တဝါလေးတွေ စွမ်းအင်ပြည့်ဖို့ကိုတော့ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ပေးနေရပါမယ်။ တချို့က ပွတ်ပြားကိုတောက်လျှောက်ကြည့်နေရမယ်လို့ ထင်နေကြပါတယ်။ တကယ်တမ်းကတော့ ပိုကီမွန်လေး အနီးနားမှာရှိနေတဲ့အခါမှ တုန်ပေးမှာဖြစ်လို့ အဲဒီအချိန်ကျမှဘောလုံးလေးကိုပစ်ပြီး ဖမ်းယူရမှာဖြစ်ပါတယ်။ ဒါဆိုရင် ယာဉ်ရှိတဲ့နေရာသွားရင်လဲ ယာဉ်အန္တရာယ်ကင်းဝေးမှာဖြစ်ပါတယ်။

 

ပိုကီမွန်ဂိုးနှင့် အကောင်းအဆိုး

            ဂိမ်းကစားနည်းတွေထဲမှာ ပိုကီမွန်ဂိုးက အကောင်းအဆိုးဝေဖန်ခံရမှု အများဆုံးဂိမ်းလို့ ဆိုလို့ရပါတယ်။ လမ်းဖြတ်ကူးရင်းဆော့တာ၊ ယာဉ်မောင်းရင်းဆော့တာတွေကြောင့် အသက်အန္တရာယ် ရှိတယ်လို့ စိုးရိမ်မကင်းကြတဲ့သူတွေလဲရှိသလို ကျန်းမာရေးရှုထောင့်ကနေလဲ ကောင်းချက်တွေရှိတယ်ဆိုတာ ပြောလာကြပါတယ်။

            နိုင်ငံတကာသုံးသပ်သူတွေပြောတဲ့ ပိုကီမွန်ဂိုးရဲ့အားသာချက်တွေကတော့ လက်ကိုင်ပွတ်ပြားတွေ အရွယ်စုံထွက်ပြီးနောက်ပိုင်းမှာ လူသားတွေရဲ့ကိုယ်လက်လှုပ်ရှား အားကစားလုပ်မှုနှုန်း နည်းပါးလာတဲ့ အတွက် အခုထွက်ပေါ်လာတဲ့ ပိုကီမွန်ဂိုးကစားနည်းက လမ်းလျှောက်အားကစားကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ပြီးတော့ မြေပုံစနစ်ကို တောက်လျှောက်လေ့လာနေရလို့ ခါတိုင်းကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေရှိတယ်ဆိုတာမသိခဲ့ပေမဲ့ ခုချိန်မှာ ပိုသိနိုင်တယ်လို့ဆိုပါတယ်။ ပြီးတော့ အကောင်ဘယ်လောက် ရတယ်၊ ပါဝါဘယ်လောက်တိုးတယ်ဆိုတဲ့ သင်္ချာအရေအတွက်တွေကို မှတ်သားနေရလို့ ဦးနှောက်စွမ်းရည်ကို တိုးတက်စေမှာဖြစ်ပါတယ်။

            ဆိုးကျိုးမဖြစ်အောင်အကြံပေးချက်ကတော့ ကစားနည်းညွှန်ကြားချက်များကို လိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။ ကစားနည်းဖွင့်ဖွင့်ခြင်း လမ်းဖြတ်ကူးတုန်းမကစားဖို့၊ အန္တရာယ်ရှိနိုင်တဲ့နေရာတွေမသွားဖို့ ဒီလိုလမ်းညွှန်ချက်တွေကို သေချာလိုက်နာသင့်တယ်လို့ဆိုပါတယ်။ ပြီးတော့ကစားတာကိုပဲ အာရုံမရောက်ဘဲ ကိုယ့်ရဲ့အလုပ်အကိုင်ရှိရင်လဲ အချိန်မီသွားဖို့နဲ့ဘာသာရေး၊ လူမှုရေး၊ လုံခြုံရေးနဲ့သက်ဆိုင်တဲ့နေရာတွေကို ပိုကီမွန်ဖမ်းရင်း အနှောင့်အယှက်မပြုမိစေဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

 

ကမ္ဘာကျော်များနဲ့ပိုကီမွန်ဂိုး

            ကမ္ဘာကျော်လည်းလူသားပဲမို့ သူတို့တွေလဲ ဂိမ်းကစားတတ်ကြပါတယ်။ ဒါပေမဲ့ အများသူငါ စောင့်ကြည့်ရတဲ့ အနုပညာရှင်တွေဖြစ်နေတော့ သူတို့ရဲ့ပိုကီမွန်ဂိုးအတွေ့အကြုံတွေကလဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

            ပိုကီမွန်ဂိုးအကြောင်း လူမှုကွန်ရက်တွေမှာတင်တဲ့ အနုပညာရှင်များစွာထဲက တကယ်စွဲစွဲမြဲမြဲ ကစားတဲ့အထဲမှာ Jonas Brothers တို့ ပါဝင်ကြပါတယ်။ သူတို့ရဲ့တွစ်တာမှာ ပိုကီမွန်ဂိုးအပေါ် ဘယ်လိုနှစ်သစ်တယ်ဆိုတာကို တင်လေ့ရှိကြပါတယ်။

             ဘောလီးဝုဒ်လောကမှာလဲ ပိုကီမွန်ဂိုးရူးသွပ်တဲ့ မင်းသားကြီးတစ်လက်ရှိပါတယ်။ သူကတော့ ရှရွတ်ခမ်းပါ။ ရှရွတ်ခမ်းတစ်ယောက် သြဂုတ်လ(၁၂)ရက်နေ့က အမေရိကကိုသွားခဲ့ပါတယ်။ လေဆိပ်ကို ဝင်တော့ အာဏာပိုင်တွေက လိုတာထက်ပိုပြီးတော့ စစ်လားဆေးလားလုပ်ခဲ့ကြပါတယ်။ (၂၀၁၂)တုန်းကလဲ အမေရိကလေဆိပ်က ရစ်နေတဲ့အတွက် မိနစ်(၉၀)နှောင့်နှေးခဲ့ရတော့ ဒီတစ်ခေါက်မှာ အတော်လေး စိတ်တိုမယ်ဆိုတိုစရာပါ။

            ဒါပေမဲ့ ရှရွတ်ခမ်းက သူ့တွစ်တာကနေပြောလိုက်ပါတယ်။

“တာဝန်အရစစ်ဆေးတာကို လေးစား၊ လက်ခံပါတယ်။ ဒါပေမဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဟာ လုံးဝလုံးဝကို နှောင့်နှေးအောင်လုပ်တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကောင်းတာက သူတို့ကိုစောင့်ရင်း ပိုကီမွန်တွေအများကြီးဖမ်းမိခဲ့တယ်လေ”

            ပိုကီမွန်ဂိုးကျယ်ပြန့်လာတဲ့အတွက် ကမ္ဘာ့ငွေကြယ်ပွင့်တွေလဲ အပြိုင်အဆိုင်ဆော့ကြပါတယ်။ ဘယ်ငွေကြယ်ပွင့်တွေကများ ပိုကီမွန်ဂိုးဆော့ကြသလဲဆိုတာကို သူတို့သုံးတဲ့လူမှုကွန်ရက်တွေကို အမြဲ စောင့်ကြည့်လေ့လာပြီး ဆော့ကြသူများစာရင်းကို List 25 ဆိုတဲ့နာမည်နဲ့ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာပရိသတ်တွေအသိများတဲ့ အဆိုတော်ကြီး Josh Gorban ၊ မင်းသားကြီး Vince McMahon ၊ အဆိုတော် Jonas Brothers ညီအစ်ကိုများနဲ့ သရုပ်ဆောင်မလေး Justine Ezarik တို့ ထိပ်ဆုံးက ပါဝင်နေကြတာကို တွေ့မြင်ရပါတယ်။

  

ပိုကီမွန်ဂိုးနှင့် အနာဂတ်အလားအလာ

            ပိုကီမွန်ဂိုးကစားနည်းအသစ်က ထွက်တာမကြာသေးလို့ မြန်မာနိုင်ငံအပါအဝင် လူအတော်များများက အုတ်အုတ်ကျက်ကျက်ဆော့ကြတာ အားလုံးအသိပါပဲ။ တချို့ကလဲ အန္တရာယ်ရှိတယ်၊ အချိန်ကုန်တယ်၊ ငွေကုန်တယ်ဆိုပြီး အကြောင်းကြောင်းကြောင့်မဆော့ဖြစ်ကြပါဘူး။

လမ်းမပေါ်နဲ့အထင်ကရနေရာတွေမှာ လူပင်လယ်ဝေနေတတ်တဲ့အတွက် ပိုကီမွန်အများဆုံးရှိတဲ့ တည်နေရာနေတွေ လမ်းညွှန်လာကြတာလဲတွေ့ရပါတယ်။ စီးပွားရေးအမြင်အရ ကြည့်တတ်တဲ့သူတွေကလဲ သူတို့ဖွင့်လှစ်ထားတဲ့ဆိုင်တွေမှာ ပိုကီမွန်လာဆော့ဖို့၊ ပိုကီမွန်အသင်းသုံးခုထဲက တစ်ခုမှာအဖွဲ့ဝင်ထားရင် ဘယ်လိုလက်ဆောင်ပေးမယ်ဆိုတဲ့သတင်းတွေ၊ အချိန်နဲ့အမျှလမ်းလျှောက်ဆော့ကြရင်း အားပြတ်ရင်သုံးဖို့ ပါဝါဘဏ်တွေကို အထူးဈေးနဲ့ရောင်းချပေးတဲ့သတင်းတွေ၊ သူတို့ဆိုင်အနီး တစ်ဝိုက်မှာတော့ဖြင့် ပိုကီမွန်လေးတွေ အများဆုံးရှိတယ်ဆိုတဲ့ ကြော်ငြာသတင်းတွေ ကြားသိနေရပါတယ်။ တချို့ ဘာသာရေးအဆောက်အအုံတွေမှာတော့ လူအများစုလာ ရောက်ဆော့ကြတဲ့အတွက် ဆင်ခြင်ဖို့ သတိပေးနှိုးဆော်နေရတာကိုလဲ တွေ့ရပါတယ်။

 ပညာရှင်တွေဟာလဲ ဒီကစားနည်းဟာ ဆော့ရင်းဆော့ရင်းနဲ့ ပိုကီမွန်စုဆောင်းပြီး စွမ်းအင်မြှင့်ရတာမို့ လွန်ခဲ့တဲ့နှစ်တွေဆီက နာမည်ကျော်ခဲ့တဲ့စီအိုစီကစားနည်းလိုမျိုး အဆင့်မြင့်အောင်ကစားပြီးတဲ့ အကောင့်တွေ ရောင်းချတာမျိုးလဲ ရှိလာနိုင်တယ်လို့သုံးသပ်ကြတာလည်းရှိပါတယ်။

နိုင်ငံတကာမှာတော့ ပိုကီမွန်ဂိုးကြောင့် ပညာရေး၊ ဘာသာရေး၊ စီးပွားရေး မထိခိုက်အောင် ကန့်သတ်နယ်မြေလုပ်တာ၊ ပညာပေးတာ၊ ပိတ်ပင်တားဆီးတာတွေ လုပ်ကြတာတွေလဲ ရှိလာတာတွေ့မြင်ရ ပြန်ပါတယ်။

ဒါတွေကတော့ ပိုကီမွန်ဂိုးဆော့သူတွေနဲ့ မဆော့သူတွေကြား အပြန်အလှန်သုံးသပ်မှုတွေဖြစ်ပါတယ်။ အိုင်တီကဏ္ဍဆိုတာဟာ ပြောင်းလဲမှုအလျင်မြန်ဆုံးဖြစ်တဲ့အတွက် အသစ်အသစ်တွေပေါ်လာပြီး လူငယ်တွေရဲ့ စိတ်ဝင်စားမှုကဏ္ဍတွေဟာ နောက်ပေါ်အသစ်နောက်ကိုပဲ လိုက်လေ့ရှိကြတာဓမ္မတာပါပဲ။ ဒါ့ကြောင့် ဘယ်ခေတ်ကိုပဲရောက်ပစေ ဘယ်သူတွေကများ ဘယ်လိုနောက်ဆုံးပေါ်တိုးတက်မှုကိုအသုံးချပြီး ကိုယ်မီတည်ရာ နိုင်ငံအတွက်အကျိုးပြုကြမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းလှပါတော့တယ်။

 

ကောလိယ ဝေယံမောင်မောင်

စက်တင်ဘာ၊ ၂၀၁၆၊

The CHIC မဂ္ဂဇင်း



Comments