‘ကမ္ဗလာ’ အသီးနဲ့ပတ်သက်ရင် ကမ္ဗလာသီး၊ ကမ္ဗလာဖျော်ရည် ဆိုတာတွေရှိပြီး အထည်နဲ့ပတ်သက်ရင် ကမ္ဗလာအထည်၊ ကမ္ဗလာသက္ကလတ်၊ သိကြားမင်းထိုင်တဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ ဆိုတာတွေရှိပါတယ်။
ပါဠိဘာသာမှာ စကားတစ်လုံးရှိတယ်။ ဟိန္ဒီဘာသာမှာလဲ စကားတစ်လုံးရှိတယ်။ အဲဒီစကား(၂)လုံး မြန်မာပြည်ရောက်လာပြီး တစ်လုံးတည်းဖြစ်လာတယ်။ အဲစကားလုံးက ‘ကမ္ဗလာ’ တဲ့။
ကမ္ဗလာသီး
ကမ္ဗလာသီးဆိုတာ ဟိဒ္ဒီစကား ‘ကမလာ’ (Kamala) ကနေဆင်းသက်လာတယ်။ မြန်မာမှာကျ ‘ကမ္ဗလာ’ ဖြစ်လာတယ်။ ရှောက်၊ သံပရာ၊ လိမ္မော်အုပ်စုမို့ ရုက္ခဗေဒအမည် Citrus aurantium တဲ့။ အင်္ဂလိပ်လို Bitter Orange လို့ခေါ်ပြီး စပိန်လို Naranja Agria လို့ခေါ်ပါတယ်။
ကမ္ဗလာအထည်
ကမ္ဗလာအထည်ဆိုတာ သားမွေးစတာနဲ့ ရက်တဲ့အထည်ပါ။ ပါဠိစကား ‘ကမ္ဗလ’ ကနေဆင်းသက် လာတယ်။ အင်္ဂလိပ်လို Woolen Rug။ ကျွန်တော်တို့ ဘိုးဘွားတွေခေတ်က ကမ္ဗလာ၊ သက္ကလတ်ဆိုပြီး ပြောတတ်တယ်။ ကမ္ဗလာနဲ့ သက္ကလတ်မကွာဘူး။ သက္ကလတ် (Sakallat) ဆိုတာ သိုးမွေးနဲ့ရက်တဲ့အထည်ကို ပါရှန်စကားနဲ့ပြောတာပါ။
ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ
ကမ္ဗလာပါတဲ့ စကားလုံးရှိသေးတယ်။ အဲဒါ သိကြားမင်းထိုင်တဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာပါ။ အင်္ဂလိပ်လို Sakka’s Throne လို့ရေးတယ်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာဟာ လယ်ခေါင်ရန်းပွင့်လို နီသတဲ့။ စဉ်းစားစရာတစ်ခု ပေါ်လာနိုင်တယ်။ မြကျောက်ဖျာလို့လဲ ပြောသေးတယ်။ နီလဲနီတယ်ဆိုပြီးတော့ပေါ့။ တကယ်က သိလာသနဆိုတဲ့ မြကျောက်ဖျာကြီးက သတ်သတ်၊ အဲဒီအပေါ်က နီနေတဲ့သားမွေးထည်ကြီးက သတ်သတ်လို့ ယူဆရပါတယ်။ သိပ်နူးညံ့တဲ့ကမ္ဗလာဖြစ်လို့ ထိုင်လိုက်ရင် သိကြားမင်းရဲ့ ကိုယ်တစ်ဝက်မြုပ်ပြီး ထလိုက်ရင် ပြန်ပြည့်ဖောင်းသွားပါသတဲ့။ မြတ်စွာဘုရား အဘိဓမ္မတရားဟောခဲ့တာ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီး ပေါ်မှာဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၂၈.၉.၂၀၂၂
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment