အရင်လက အမေရိကန်သမ္မတ အိုဘားမားကတော်ရဲ့လက်စွဲဒီဇိုင်နာ မိုက်ကယ်ခေါ့စ် (Michael Kors) အကြောင်းကို တင်ဆက်ပြီးတဲ့နောက် ဒီလမှာ စက်တင်ဘာမွေးနေ့ရှင်ကြီးဖြစ်တဲ့ Chanel နဲ့ Fendi ဖက်ရှင် တို့ရဲ့ဒီဇိုင်နာခေါင်းဆောင်နဲ့ ဖန်တီးမှုညွှန်ကြားသူ ခါးလာဂါဖဲလ် (Karl Lagerfeld) ရဲ့အကြောင်းကို ဖော်ပြပေးပါ့မယ်ဗျာ။
ခါးလာဂါဖဲလ်ဟာ ဒီဇိုင်နာအဖြစ်သာမက ပန်းချီဆရာ၊ ဓာတ်ပုံဆရာအဖြစ်ပါ ပြောင်မြောက်တဲ့ ဂျာမန် ပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ (၁၉၃၃)ခု၊ စက်တင်ဘာလ(၁၀)ရက်နေ့မှာမွေးဖွားခဲ့တဲ့အသက် (၈၀)ကျော် အဘိုးကြီးတစ်ဦးပါ။ ဒါပေမဲ့အခုအချိန်ထိ ဖက်ရှင်ကိုစိတ်ဝင်တစားရပ်တည်နေတာကတော့ ထူးကဲတဲ့ပါရမီလို့ ဆိုရပါမယ်။
ငယ်ဘဝ
ခါးလာဂါဖဲလ်ရဲ့ မျိုးရိုးထဲမှာတော့ ဒီဇိုင်နာတစ်ဦးမှမပါပါဘူး။ အဘိုးက ဂျာမဏီက ကတ်တလစ်စင်တာပါတီရဲ့ နိုင်ငံရေးသမားတစ်ဦး၊ အဖေက နို့လုပ်ငန်းလုပ်ပြီး အမေကတော့အမျိုးသမီး အတွင်းခံအရောင်းဝန်ထမ်းပါ။ သူ့ဘဝထဲမှာ စိတ်ဝင်စားစရာကတော့ သူဘယ်နှစ်ဖွားလဲဆိုတာ မရေမရာ ဖြစ်ခဲ့ရဖူးခြင်းပါပဲ။ ဒါ့ကြောင့် (၂၀၀၉)တုန်းကိုထုတ်လွှင့်ခဲ့တဲ့ ပြင်သစ်ရုပ်သံလိုင်းမှာ “ကျွန်တော့်ကို (၁၉၃၃) ဒါမှမဟုတ် (၁၉၃၈)မှာမွေးခဲ့ပါတယ်” လို့ပြောခဲ့ရဖူးပါတယ်။ ဒီလိုနဲ့(၂၀၁၃)၊ ဧပြီလ ကျမှပဲ သူ့မွေးနှစ်ဟာ (၁၉၃၅)ပါလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့မိဘတွေဆေးရုံမှာ မှတ်ပုံတင်ခဲ့တဲ့ (၁၉၃၃)ကိုပဲအတည်ယူကြ ပြန်ပါတယ်။
သူငယ်စဉ်က ဒုတိယကမ္ဘာစစ်ကို ဖြတ်ကျော်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ ကျောင်းတက်တော့ ပြင်သစ်တွဲဖက်ကျောင်းဖြစ်တဲ့ Lycee Montaigne မှာ ပုံဆွဲခြင်းနဲ့သမိုင်းဘာသာ အဓိကယူခဲ့ပါတယ်။
ရှုံးနိမ့်မှုများနှင့် ဒီဇိုင်နာဘဝအစ
ခါးလာဂါဖဲလ်ဟာ သူ့ရဲ့ပွဲဦးထွက် ဒီဇိုင်နာခရီးမှာတော့ မျက်နှာပန်းလှခဲ့ပါတယ်။ (၁၉၅၅)ခုနှစ်မှာ International Wool Secretrariat ရဲ့ ကုတ်ဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲပြီးတဲ့နောက် ဒီဇိုင်နာ Pierre Balmain ဆီမှာ တွဲဖက်ဒီဇိုင်နာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ (၁၉၅၈)မှာတော့ ပြင်သစ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ JeanPatou ထံမှာလုပ်ကိုင်ပြီး အဝတ်အထည်(၂)မျိုး ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။
သူ့ရဲ့ ပထမဆုံးဝတ်စုံပြသမှုကို (၁၉၅၈)၊ ဇူလိုင်လမှာကျင်းပခဲ့ပါတယ်။ ကနဦးမှာတော့ ခါးလာဂါဖဲလ် (Karl Lagerfeld) နာမည်နဲ့မဟုတ်ဘဲ Roland Karl အမည်ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ စာနယ်ဇင်းသမား အပါအဝင် သူ့ဖက်ရှင်ကို နားမလည်သူတွေက ဝေဖန်တယ်။ “ကော့တေးဝတ်စုံက အစကို အကျယ်ကြီးညှပ်ပြီး ချုပ်ထားတယ်၊ ဝတ်စုံရဲ့နောက်ကျောဘက်ခြမ်းမှာလဲ ပိတ်စညှပ်ထားတာအားနည်းချက်ရှိတယ်” စသဖြင့်ပေါ့။ ဒါ့ကြောင့် ခါးလာဂါဖဲလ်က နားလည်ကြအောင် ပြန်လည်ရှင်းပြခဲ့ရပါတယ်။
စကတ်ဒီဇိုင်းလေးတွေကို (၁၉၆၀)နွေဦးပေါက်ရောက်တော့ ပဲရစ်မြို့မှာ စတင်ထုတ်လုပ်ခဲ့ပြန်တယ်။ ဒါပေမဲ့ သူကြုံလာရတဲ့အခက်အခဲကတော့ အထည်မှာယူသူ အတော်လေးနည်းခဲ့တာပါပဲ။ (၁၉၆၀)မှာ သူဖန်တီးတဲ့ ဦိးထုပ်လေးတွေကိုလဲ ဝေဖန်သူတစ်ဦးက Slaps in the Face လို့ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ခါးလာဂါဖဲလ်ခမျာ သူ့ဘဝဟာ “ကမ်းခြေမှာအချိန်ဖြုန်းတာတွေများခဲ့ပြီ။ စာသင်ခဲ့တဲ့ ဘဝလေးကို ပြန်သတိရမိတယ်လို့” ငြီးတွားခဲ့မိပါတယ်။
ဒီဇိုင်နာဖြစ်ပြီးနောက်ပိုင်း
(၁၉၆၃)ခုနှစ်မှာ Tiziani ကုမ္ပဏီဖို့ ဒီဇိုင်နာလုပ်ပေးခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ကိုအရင်ထက်ပိုပြီး ကံကောင်းလာစေခဲ့ပါတယ်။ အဲဒီမှာထုတ်တဲ့ ဖက်ရှင်တံဆိပ်က Tiziani – Roma (Made in Englad) ဖြစ်ပါတယ်။ ခါးလာဂါဖဲလ်နဲ့ အလုပ်လက်တွဲဖော် ကုမ္ပဏီပိုင်ရှင်ဒီဇိုင်နာ Evan Richards တို့ဟာ သူတို့ ပထမဆုံးဝတ်စုံစုစည်းမှုကို တွဲပြီးစတင်ခဲ့ကြပါတယ်။ ခါးလာဂါဖဲလ်ကတော့ ကုမ္ပဏီအတွက် (၁၉၆၉)ထိတိုင် ဒီဇိုင်နာလုပ်ပေးခဲ့ပါတယ်။
သူ့ရဲ့လက်ရာတွေကို စွဲမက်ကြသူတွေထဲမှာ ကလီယိုပါထရာဘုရင်မ ဇာတ်ကားနဲ့သရုပ်ဆောင်ပြီး အကျော်ဇေယျဖြစ်ခဲ့တဲ့ ကမ္ဘာထိပ်သီးမင်းသမီးကြီး အဲလစ်ဇဘက်တေလာလဲ အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် အီတလီမင်းသမီး Gina Lollobrigida ၊ အမေရိကန်အနုပညာရှင် Doris Dukeနဲ့ အီတလီတော်ဝင်မင်းသမီးကြီး Marcella Borghese တို့လဲ ပါဝင်ခဲ့ပါတယ်။
(၁၉၆၄)ခုနှစ်မှာတော့ ပြင်သစ်ဖက်ရှင်တိုက် Chole မှာ အလွတ်တန်းဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့ ပါတယ်။ ခါးလာဂါဖဲလ်လဲ တော်တော်လေးဝါရင့်လာပြီမို့ သူ့လက်ရာတွေကို ရာသီစုံအတွက် ဖန်တီးရောင်းချ နိုင်လာခဲ့ပါပြီ။ (၁၉၇၀)မှာ ရောမအထက်တန်းစားဖက်ရှင်တိုက် Curiel နဲ့လက်တွဲပြီး ဖက်ရှင်ထုတ်လုပ် ပြသခဲ့ပြန်ပါတယ်။ အဲဒါကို Drippy Drapey Elegance လို့ဖော်ပြကြပြီး ခါးလာဂါဖဲလ်က အဲဒီဝတ်စုံတွေကို (၁၉၃၀)ခုနှစ်များက ရုပ်ရှင်ဘုရင်မတစ်ဦးအတွက်ဆိုပြီး တီထွင်ဖန်တီးခဲ့ပါတယ်။
ခါးလာဂါဖဲလ်ဟာ အောင်မြင်မှုတွေကို နှစ်အလိုက်တဖြည်းဖြည်းသိမ်းပိုက်လာနိုင်ခဲ့ပါတယ်။ (၁၉၇၂) မှာပြသခဲ့တဲ့ (၁၉၇၃)နွေဦးဝတ်စုံ အုပ်စုတွေအတွက် သူဖန်တီးခဲ့တာကတော့ Spencer Jacket နဲ့ ဆေးဆိုးပန်းရိုက် ပိုးသားရှပ်ဂျာကင်တို့ဖြစ်ပါတယ်။
(၁၉၇၂)မှာပဲ ကျွန်တော်တို့တစ်တွေ ယနေ့ထက်တိုင်နှစ်ခြိုက်နေကြတဲ့ နာမည်ကျော်အီတလီ ဖက်ရှင် အမှတ်တံဆိပ် Fendi အတွက် အဝတ်အထည်တွေ၊ အဆင်တန်ဆာတွေကို ဖန်တီးတီထွင်ပေးခဲ့ပါတယ်။ ဒါ့ကြောင့် (၁၉၇၀)ခုနှစ်များက ခါးလာဂါဖဲလ်ရဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့နှစ်တွေလို့ ပြောရင်မမှားပါဘူး။ အဲဒီနှစ်တွေမှာ ဖက်ရှင်ထုတ်လုပ်မှုအပြင်ရုပ်ရှင်တွေ၊ ပြဇာတ်တွေအတွက် ဝတ်စုံဒီဇိုင်နာအဖြစ် လုပ်ပေးခဲ့ရ ပါသေးတယ်။
ဓါတ်ပုံပညာရှင်လည်းဖြစ်သူ Karl Lagerfeld
ခါးလာဂါဖဲလ်ဟာ ဒီဇိုင်နာအဖြစ်တင်မကဘဲ ဓာတ်ပုံဆရာအဖြစ်ပါ လက်ရာကောင်းတွေ ဖန်တီးတတ်သူ ဖြစ်ပါတယ်။ သူရိုက်ထားတဲ့ Visionaire 23 : The Emperor’s New Clothes ဆိုတဲ့ဓာတ်ပုံ စာအုပ်ကိုလဲ ထုတ်ဝေခဲ့ပါတယ်။ ဂီတသမားတွေအသည်းစွဲ မာရီယာကာရေးရဲ့ဓာတ်ပုံကို V Magazine မျက်နှာဖုံးအတွက် (၂၀၀၅)ခုနှစ်က ရိုက်ပေးဖူးပါသေးတယ်။ ပြီးတော့ ကမ္ဘာ့ဖက်ရှင်မဂ္ဂဇင်းကြီးတွေဖြစ်တဲ့ Harper’s Bazaar,Numero နဲ့ ရုရှား၊ ဂျာမန်မူနဲ့ထုတ်ဝေတဲ့ Vogue မဂ္ဂဇင်းတို့မှာ CHANEL နဲ့Fendi ဖက်ရှင်တံဆိပ်ကြီးတွေအတွက်ဓာတ်ပုံရိုက်ပြီး ကြော်ငြာကိစ္စတွေညွှန်ကြားခဲ့ပါတယ်။
အပ်နှင်းခံရသောဆုများ
ခါးလာဂါဖဲလ်ဟာ အောင်မြင်မှုသရဖူတွေ နှစ်အလိုက်ဆောင်းနိုင်ခဲ့တဲ့ ဂန္ထဝင်မြောက်ဒီဇိုင်နာကြီး ဖြစ်ပါတယ်။ နိုင်ငံတကာက ထီးနန်းမင်းသား၊ မင်းသမီးများအတွက်လည်း ဖန်တီးပေးခဲ့ရသူပါ။ အပ်နှင်းခံရတဲ့ ဆုတွေမှာ အဆင့်မြင့်ဆုကြီးတွေပါဝင်နေပါတယ်။ ဆုတွေဟာ များပြားလွန်းတဲ့အတွက်ဆု တချို့ကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။
· International Wool Secretariat Design ၁၉၅၄
· Neiman Marcus Award ၁၉၈၀
· Bath Costume Dress of the Year Award ၁၉၈၁
· Golden Thimble Award ၁၉၈၆
· Council of Fashion Designer of America Award ၁၉၉၁
· Fashion Footwear of America Award ၁၉၉၁
· Menschen in Europa, Kunst Award ၂၀၀၉
· British Fashion Award ၂၀၁၅
ကျွန်တော်တို့အိမ်တွေမှာ နိုင်ငံခြားဖက်ရှင်တီဗီတွေဖွင့်လိုက်ရင် အမြဲလန်းဆန်းတက်ကြွစွာ ဖက်ရှင်ကျကျ ဟန်ပန်တွေနဲ့တွေ့ရတဲ့ ကမ္ဘာ့ဖက်ရှင်ဂုရုကြီးဟာတော့ အခုလ ၂၀၁၆၊ စက်တင်ဘာ(၁၀)ရက်နေ့မှာ အသက် (၈၄)နှစ်ထဲကို ရောက်ရှိလာခဲ့ပါပြီ။ ဖက်ရှင်ချစ်သူတွေအတွက် ခါးလာဂါဖဲလ်ဖက်ရှင်တွေကို တီထွင်ဖန်တီးရင်း ဒီဇိုင်နာကြီး ခါးလာဂါဖဲလ်လဲ အသက်တစ်ရာ့နှစ်ဆယ်တိုင် ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ချွေပါရစေလား ခင်ဗျာ။
နောက်ဆုံးခရီး
ခါးလာဂါဖဲလ်သည် အသက်(၈၆)နှစ်အရွယ် (၂၀၁၉)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်၌ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၆၊ စက်တင်ဘာ











Comments
Post a Comment