ကျွန်တော်လစဉ်တင်ဆက်နေတဲ့ ကမ္ဘာကျော်ကြားဖက်ရှင်ဒီဇိုင်နာများ ဆောင်းပါးစုမှာ ပြီးခဲ့တဲ့လက ဒီဇိုင်နာကြီး Giorgio Armani ရဲ့အတ္ထုပ္ပတ္တိကို ဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာဖော်ပြပေးမဲ့ ဒီဇိုင်နာကြီးအမည်က Michael Kors (မိုက်ကယ်ခေါ့စ်) ပါ။ သူ့ဝတ်စုံတွေကို မိန်းမသားတွေ အတော်လေးဝတ်ချင်ကြပါတယ်။ ဘယ်လောက်တောင်ဝတ်ချင်ကြလဲဆိုရင် အမေရိကန်သမ္မတ အိုဘားမားကတော် မစ်ရှဲအိုဘားမားတောင် သူ့ဝတ်စုံမှသူ့ဝတ်စုံပါ။
ငယ်ဘဝ
မိုက်ကယ်ခေါ့စ်ကို (၁၉၅၉)ခု၊ သြဂုတ်လ(၉)ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပါတယ်။ ဂျူးလူမျိုးနဲ့ စပိန်လူမျိုး သွေးနှောတစ်ဦးဖြစ်ပါတယ်။ ဆွီဒင်လူမျိုး သူ့အဖေ Joan Hamberg က မော်ဒယ်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်နာမည်တွေမှာ ဖခင်နာမည်ကိုယူကြရစမြဲပေမဲ့ သူ့နာမည်မှာ ဖခင်နာမည်မပါပါဘူး။ အကြောင်းကတော့ သူ့အသက်(၅)နှစ်အရွယ်မှာ မိခင်ဖြစ်သူက Bill Kors ဆိုသူနဲ့ နောက်အိမ်ထောင်ပြုခဲ့လို့ သူ့နာမည်မှာ ပထွေးနာမည်ပဲ ပါနေခဲ့လို့ပါ။
မိုက်ကယ်ခေါ့စ်ဟာ ကလေးဘဝကတည်းက ထူးခြားတဲ့ပါရမီရှိသူပါ။ သူ့အမေ နောက်အိမ်ထောင်ပြုတုန်းကဆို အရင်ကဝတ်ခဲ့တဲ့မင်္ဂလာဝတ်စုံကို ပြန်မွမ်းမံချုပ်ပေးခဲ့သတဲ့။ ဒီလိုပါရမီကြောင့် ဆယ်ကျော်သက်အရွယ်မှာ အဝတ်အစားဒီဇိုင်းတွေကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမဲ့ သူ့အသက် (၁၄)နှစ်အရွယ်မှာ ဒီအလုပ်တွေလုံးဝရပ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ဖက်ရှင်ဒီဇိုင်နာ လမ်းကြောင်းကြီးပေါ်ကို သွားချင်ခဲ့လို့ပါပဲ။
အခက်အခဲများနှင့် ဒီဇိုင်နာဘဝ
မိုက်ကယ်ခေါ့စ် (၂၁)နှစ်အရွယ် (၁၉၈၁)ခုနှစ်မှာ နယူးယောက်မြို့တော်ကြီးက Fashion Institute of Technology မှာ တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီကြားကာလတွေထဲမှာလဲ သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့ အရည်အသွေးကြောင့် Bergdorf Goodman တန်ဖိုးမြင့်ဖက်ရှင်တိုက်ကြီးကနေ သူ့လက်ရာတွေကို တောင်းဆိုခဲ့ပါသေးတယ်။
မိုက်ကယ်ခေါ့စ် Michael Kors အမှတ်တံဆိပ်
(၁၉၈၁)ခုနှစ်မှာတော့ သူ့လက်ရာတွေကို Bergdorf Goodman ဖက်ရှင်တိုက်တစ်ခုတည်းတင် မကဘဲ Bloomingdale’s, Lord & Taylor, Neiman Marcus နဲ့ Saks Fifth Avenue တို့မှာပါ မိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘဝခရီးလမ်းထုံးစံအတိုင်း ကျရှုံးမှုတွေရှိလာပြန်တော့ သူ့လုပ်ငန်းတွေရပ်ပစ်ဖို့ (၁၉၉၃)မှာ ဖိအားပေးခံလာခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ တခြားဖက်ရှင်တိုက်တွေဆီက လက်တွဲဖြုတ်ခံရပြီး မီးခဲပြာဖုံးဘ၀ ရောက်ရှိခဲ့ရပါတယ်။
ဒါပေမဲ့ မိုက်ကယ်ခေါ့စ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့ဘဝကို လုံး၀ အလျော့မပေးဘဲ တီထွင်မှုအသစ်နဲ့ တိုက်ပွဲဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၉၉၇)ခုနှစ်မှာ ဈေးနှုန်းသက်သာတဲ့ အသင့်ဝတ်အမျိုးသမီးဝတ်စုံတွေနဲ့ နာမည်ဖောက်ခဲ့နိုင်တာမို့ သူ့ဖက်ရှင်နဲ့အဆင်တန်ဆာတွေဟာ ဦးမော့ပြီး အောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ ဒါ့ကြောင့် (၂၀၀၂)မှာ ယောက်ျားလေးဖက်ရှင်တွေပါ ထုတ်လုပ်နိုင်တဲ့ အထိ ဖြစ်လာခဲ့ပါတော့တယ်။
မိုက်ကယ်ခေါ့စ်၏ ဖက်ရှင်ထုတ်ကုန်များ
မိုက်ကယ်ခေါ့စ်ရဲ့ ဖက်ရှင်ထုတ်ကုန်တွေက များပြားလာခဲ့သလို သူ့ထုတ်ကုန်တွေရဲ့ ပရိသတ်တွေလဲ ကမ္ဘာအနှံ့တိုးပွားလာခဲ့ပါတယ်။ မိုက်ကယ်ခေါ့စ်ဖက်ရှင်ကနေ အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ဖက်ရှင်တွေ အပြင် လက်ကိုင်အိတ်မျိုးစုံ၊ ဖိနပ်မျိုးစုံနဲ့ လက်ပတ်နာရီတွေကိုဖန်တီးပြီး တစ်ရာသီထုတ်တိုင်း တစ်ခါအသားတင်အမြတ်အများကြီးရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
အိုဘားမားကတော်အတွက်ဖက်ရှင်
ကမ္ဘာကျော်ဒီဇိုင်နာတွေ ချုပ်ပေးရတဲ့သူတွေထဲမှာ နာမည်ကျော်တွေလဲပါစမြဲပါ။ မိုက်ကယ်ခေါ့စ်ကတော့ အိုဘားမားကတော် မစ်ရှဲအိုဘားမားရဲ့ အသည်းစွဲဒီဇိုင်နာဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲညကစလို့ အိမ်ဖြူတော်မိန့်ခွန်းတွေ သူ့လှုပ်ရှားမှုတွေမှာ မိုက်ကယ်ခေါ့စ်ဝတ်စုံ ဝတ်ဆင်လေ့ရှိတယ်။ မစ်ရှဲအိုဘားမားဟာ သမ္မတကတော်ဘဝ အိမ်ဖြူတော်မှာ ပထမဆုံးတရားဝင်ရိုက်ပြီးတင်တဲ့ဓာတ်ပုံဟာ မိုက်ကယ်ခေါ့စ်ရဲ့ဝတ်စုံနဲ့ ဖြစ်ပါတယ်။
ကြယ်ပွင့်များနှင့် မိုက်ကယ်ခေါ့စ်
ကမ္ဘာကျော် အနုပညာရှင်တွေ၊ ငွေကြယ်ပွင့်တွေကလဲ မိုက်ကယ်ခေါ့စ်ဝတ်စုံတွေကို ဝတ်ဆင်လေ့ ရှိကြပါတယ်။ အကယ်မီရတဲ့အခါ၊ ကောဇောနီပေါ်လျှောက်လှမ်းတဲ့အခါ သူ့ဝတ်စုံတွေက ခေတ်မီဆန်းပြား စေခဲ့ပါတယ်။ မိုက်ကယ်ခေါ့စ်ရဲ့ဖက်ရှင်ကို ဝတ်ဆင်ကြတဲ့ကြယ်ပွင့်တွေမှာ ကမ္ဘာ့ထိပ်တန်း သရုပ်ဆောင်တွေ၊ အဆိုတော်တွေဖြစ်ကြတဲ့ ဂျနီဖာလိုပက်ဇ်၊ တေလာဆွဖ်၊ ဂျနီဖာလောရင့်စ်၊ ကတ်သရင်းဇီတာဂျူန်းစ်၊ ကိတ်ဟတ်ဆွန် တို့အပြင် Oliva Wilde, Dakota Johnson, Kate Middleton, Lily Aldridge, Rachel McAdams, Elisa, Heidi Klum စသူတွေပါ ပါဝင်ကြပါတယ်။
အပ်နှင်းခံရသောဆုများနှင့် ဂုဏ်ပြုခံရမှုများ
မိုက်ကယ်ခေါ့စ်က ဆုတွေနဲ့ ဂုဏ်ထူးဆောင်အပ်နှင်းမှုတွေကို ကိုယ်တိုင်ရရှိခဲ့တဲ့အပြင် သူကိုယ်တိုင်ကလဲ (၂၀၁၃)ခုနှစ်မှာ အမေရိကန် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟီလာရီကလင်တန်ကို Michael Kors Award for Outstanding Community Service ဆုကို ပေးအပ်ပါတယ်။
- တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့အလွှမ်းမိုးဆုံးလူ (၁၀၀)စာရင်းဝင် ၂၀၁၃ ခုနှစ်
- Couture Council Award for Artistry ဆုနှင့် ဂုဏ်ထူးဆောင် ၂၀၁၃ ခုနှစ်
- Golden Heart Lifetime Achievement Award ၂၀၁၂ ခုနှစ်
(HIV / AIDS လှုပ်ရှားသောလူမှုရေးအဖွဲ့ကြီးဖြစ်သော God’s Love We Deliver
အသင်းမှ သူ၏နှစ်(၂၀)ကျော်လုပ်သက်များအပေါ်အခြေခံ၍ ဘဝတစ်သက်တာ
ဆုပေးအပ်သည်။)
- Oliver R. Grace Award ၂၀၁၀ ခုနှစ်
(ကင်ဆာရောဂါသုတေသနတက္ကသိုလ် Cancer Research Institute
မှပေးအပ်သည်။
- Geoffery Beene Lifetime Achievement Award ၂၀၁၀ ခုနှစ်
(အမေရိကန်ဖက်ရှင်ဒီဇိုင်နာကောင်စီ CFDA မှပေးသော အသက်အငယ်ဆုံး
ဘဝတစ်သက်တာဒီဇိုင်နာဆုရှင်)
- FiFi Award for Lifetime Achivement ၂၀၁၀ ခုနှစ်
(ရေမွှေးဖောင်ဒေးရှင်းမှပေးသော ဘဝတစ်သက်တာဆု)
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
ဩဂုတ်၊ ၂၀၁၆










Comments
Post a Comment