ကျွန်ုပ်လက်ရာ ၄၈၊ ရွှေနီဆနွင်းမကင်း

 





            





    ခြံထဲမယ် ရွှေနီငှက်ပျောတွေ သိပ်သီးတယ်။ အဖီးဖီးတွေက အကြီးကြီးတွေဗျ။ တစ်ခါခုတ် တစ်သုတ် လက်ဆောင်ပို့၊ တချို့ကိုမုန့်ဖုတ်နဲ့ အလျဉ်ကိုမပြတ်ပါဘူး။ ဒီလပိုင်းတင်ကို နှစ်ကြိမ်ဖုတ်ပြီးပြီ။ ရွှေနီ့အရသာကို တခြားငှက်ပျောတွေ လိုက်မမီဘူး။ ချိုတယ်၊ မွှေးတယ်၊ အီတယ်၊ ဆိမ့်တယ်။ အရောင်လဲပိုလှပါတယ်။

 

ရွှေနီငှက်ပျော

ဂျုံ

သကြား

ထောပတ်

အုန်းနို့

ဘိန်းစေ့

 

            ဆနွင်းမကင်းက အစားလွယ်သလောက် အဖုတ်ရှုပ်တယ်။ ဖုတ်စက်နဲ့ဆိုရင် သက်သာနိုင်ပေမဲ့ သဘာဝအနံ့အရသာရဖို့ ထင်း၊ မီးသွေးနဲ့ဖုတ်မယ်ဆို မသက်သာဘူး။ မီးကျီးခဲရအောင် တင်ကူးပြီး မွှေးထားရ အုံးမှာ။ ဖုတ်တော့မယ်ဆို ငှက်ပျောသီးတွေကို ပထမဆုံး သမမျှတချေမွှထားရမယ်။ ပြီးရင် ဂျုံ၊ သကြား၊ ထောပတ်၊ အုန်းနို့ စတာတွေနဲ့ အချိုးကျ၊ အဆင့်လိုက်မွှေထည့်ပေးရမယ်။ အားလုံးညီညာညက်ညောပြီဆိုရင် ဖုတ်မဲ့ကန်ထဲထည့်ပြီး အပေါ်က ဘိန်းစေ့တွေဖြူးရမယ်။ ပြီးရင် မီးသွေးခဲတွေကို အထက်မီးအောက်မီးလုပ်ပြီး ဖုတ်ပေးရမယ်။ ဖုတ်တဲ့အနံ့က အတော်လေးမွှေးပါတယ်။ ထောပတ်နံ့၊ ငှက်ပျောနံ့လေးတွေ သင်းနေတာ။ ဖုတ်ပြီးရင် အအေးခံထား၊ အေးတဲ့အခါမှ ဆနွင်းမကင်းကွက်ပုံလေးတွေ လှီးတာပေါ့။ ကျွန်တော်ကတော့ ဦးဦးဖျားဖျား ဘုရားကပ်ပြီး အိမ်ကလူကြီးတွေစားဖို့ထည့်တယ်။ နောက်တော့ လက်ဆောင်ပို့ဖို့ ထည့်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်

၂.၁၀.၂၀၂၂ 


#ကျွန်ုပ်လက်ရာ

#ကောလိယဝေယံမောင်မောင်

Comments