၆၀၊ ဒေဝါလီ မဟုတ်တဲ့ ဒီပါဝလီ

 

၆၀၊ ဒေဝါလီ မဟုတ်တဲ့ ဒီပါဝလီ

‘ဒီပါဝလီနေ့’ ကို ‘ဒေဝါလီနေ့’ လို့သုံးမိတတ်ပါတယ်။ ‘ဒီပါဝလီ’ ဆိုတာ ဟိန္ဒူမီးထွန်းပွဲဖြစ်ပြီး ‘ဒေဝါလီ’ ဆိုတာ လူမွဲခံယူတာပါ။ ဒီစကားနှစ်လုံးက မြန်မာဝေါဟာရ မဟုတ်တဲ့အပြင် အသံထွက်လဲနီးစပ်လို့ လွဲတာ ဖြစ်ပါလိမ့်မယ်။ ဒီစကားနှစ်လုံးက အခုလိုကွဲပြားပါတယ်။

 

ဒီပါဝလီ

            ဒီပါဝလီ (Deepavali) ဆိုတာ ဟိန္ဒူရိုးရာမီးထွန်းပွဲပါ။ Diwali လို့လဲရေးသလို Divali လို့လဲရေး ပါတယ်။ အင်္ဂလိပ်စကားလုံး ‘V’ ကို မြန်မာလို ‘ဝလုံး (W)’ နဲ့ အသံဖလှယ်လေ့ရှိလို့ စကားလုံးလေးတွေ ကွဲပြားတတ်တာပါ။ ဒါ့ကြောင့် ‘ဒီပါဝလီ’ ကို ‘ဒီဝါလီ’ လို့လဲအသံထွက်တတ်တယ်ပေါ့လေ။

            ဒီပါဝလီပွဲက ဟိန္ဒူပွဲတွေထဲမှာ အကျော်ကြားဆုံးပါ။ လက်ချ်မီးမယ်တော် စတဲ့ပုဂ္ဂိုလ်တို့ကို ဆီမီးထွန်း ပူဇော်ကြတာပါ။ ဟိန္ဒူပြက္ခဒိန်ထဲက Kārtika လအတွင်းမှာ ကျင်းပပါတယ်။ မြန်မာပြက္ခဒိန်နဲ့တွက်ရင် သီတင်းကျွတ်လကွယ်တစ်ဝိုက် ကျပါတယ်။ အင်္ဂလိပ်ပြက္ခဒိန်နဲ့ဆို အောက်တိုဘာလလယ်နဲ့ နိုဝင်ဘာလလယ် ကြား ကျရောက်ပါတယ်။ ဒီပါဝလီပွဲတော်မှာ ဟိန္ဒူရိုးရာအချိုမုန့်များက နာမည်ကျော်လှပါတယ်။

 

ဒေဝါလီ

            ဒေဝါလီ (Divāliyāpana) ဆိုတာ ဟိန္ဒိစကား ‘ဒေဝါလိယာ’ ကိုပြောတာပါ။  လူမွဲအဖြစ်ခံယူတာလို့ အနက်ရပါတယ်။ ဒါ့ကြောင့် အဘိဓာန်မှာ “အကြွေးမဆပ်နိုင်၍ ရှိသမျှပစ္စည်းများကို ကြွေးရှင်များအား ပေးအပ်ရသောအဖြစ်သို့ ရောက်သည်။ လူမွဲစာခံသည်။” လို့ဖွင့်ဆိုထားပါတယ်။ အင်္ဂလိပ်လို Bankrupt လို့ ဘာသာပြန်ပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင်

#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင် 

Comments