ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၆၊ ဒီဇိုင်နာ ရပ်ဖ်လော်ရန် (Ralph Lauren)

 












        ပြီးခဲ့လက Chanel နဲ့ Fendi တံဆိပ်တို့ရဲ့ဒီဇိုင်နာကြီး ခါးလာဂါဖဲလ် (Karl Legerfeld) အကြောင်း ဖော်ပြပြီးတဲ့နောက် ဒီလမှာတော့ အောက်တိုဘာလမွေးနေ့ရှင် ဒီဇိုင်နာ ရပ်ဖ်လော်ရန် (Ralph Lauren) ရဲ့ အကြောင်းကို တင်ဆက်ပေးဖို့ရာရှိပါတယ်။

            မြန်မာပြည်ပရိသတ်တွေကတော့ အဝတ်အစားနဲ့ပတ်သက်လာရင် ‘ပိုလိုစပို့ရှပ်’ ဆိုတာ မသိသူရှား ပါတယ်။ ဒီဇိုင်နာကြီး ရပ်ဖ်လော်ရန် ဆိုတာကတော့ ပိုလိုစပို့ရှပ်ရဲ့ဖခင် ရပ်ဖ်လော်ရန် (Ralph Lauren) တံဆိပ် ရဲ့ဖခင်ကြီးပဲ ဖြစ်ပါတယ်။


ငယ်ဘဝ

            ရပ်ဖ်လော်ရန်ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ (၁၉၃၉)ခုနှစ်၊ အောက်တိုဘာ(၁)ရက်က မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်ကတော့ Ralph Lifshitz ပါ။ မွေးချင်းလေးယောက်ထဲမှာ အငယ်ဆုံးသားလေး ဖြစ်ပါတယ်။ DeWitt Clinton High School မှာ ကျောင်းတက်ခဲ့ပြီး (၁၉၅၇)ခုနှစ်၊ အထက်တန်း အောင်တဲ့အခါမှာ အခုခေတ် Marsha Stern Talmudical အကယ်ဒမီလို့သိကြတဲ့အရင် MTA ကျောင်းမှာ တက်ရောက်ခဲ့ပါတယ်။

            သူ့ငယ်ဘဝလေးက ဒီဇိုင်နာပိုးနဲ့ ကြီးလာတော့မဟုတ်ပါဘူး။ ဘတ်စကတ်ဘောနဲ့ ဘေ့စ်ဘော အားကစားကို တစိုက်မတ်မတ်ဆော့ကစားလာပြီ သူ့ခေတ်သူ့ခါက ချန်ပီယံ Joe DiMaggio လို နာမည်ရ အားကစားသမားဖြစ်ချင်ခဲ့တာပါ။ နောက်ကျတော့ ရည်ရွယ်ချက်က ပြောင်းလာခဲ့ပြန်ပါပြီ။ ရုပ်ရှင်မင်းသား ဖြစ်ချင်ပါသတဲ့။ ဒါ့ကြောင့်သူ့ရဲ့စံပြပုဂ္ဂိုလ်ထဲမှာ အဆိုတော်မင်းသားကြီးတွေဖြစ်တဲ့ Frank Sinatra တို့ Cary Gant တို့ပါဝင်သလို အမေရိကန်သမ္မတ ကနေဒီလဲ ပါဝင်ခဲ့ပါတယ်။ ကောလိပ်ကျောင်းတက်တဲ့ အရွယ်မှာ တော့ နယူးမြောက်မြို့တော်ရဲ့တက္ကသိုလ် Batuch College မှာ စီးပွားရေးပညာ တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းတက်ပြီး (၂)နှစ်ကြာတော့ကျောင်းထွက်ခဲ့ပါတယ်။

 

အလုပ်အကိုင်

            ကျောင်းထွက်ပြီးတော့ စစ်ထဲကိုရောက်သွားပြန်ပါတယ်။ အမေရိကန်ပြည်ထောင်စုတပ်မတော်မှာ တာဝန်ထမ်းခဲ့ပြီး စစ်တပ်ကထွက်ပြန်ပါတယ်။ ပြီးတော့ အလုပ်အကိုင်အနေနဲ့ လည်စည်းရောင်းတဲ့ကုမ္ပဏီနဲ့ စာအုပ်အရောင်းဆိုင်တို့မှာ ဝင်လုပ်ခဲ့ပါတယ်။

            လည်စည်း (Necktie) အရောင်းလုပ်ငန်းမှာလုပ်ကိုင်ရင်း (၁၉၆၆) ခုနှစ်၊ အသက်(၂၆)နှစ်အရွယ်မှာ အမေရိကန်မင်းသားကြီး Douglas Fairbanks, Jr ရဲ့လည်စည်းစည်းဟန်ကိုမြင်ပြီး ဥရောပဟန်လည်စည်း ပုံစံသစ်ထွင်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါပေမဲ့ သူလုပ်နေတဲ့ကုမ္ပဏီက သူ့ရဲ့အကြံကောင်း၊ ဉာဏ်ကောင်းကို လက်သင့်မခံခဲ့ပါဘူး။ အဲဒီအကြောင်းတရားကပဲ သူ့ဘဝကြီးကို မြှင့်တင်ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ရပ်ဖ်လော်ရန် တစ်ယောက် ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ အလုပ်ကထွက်နိုင်ခဲ့လို့ပါပဲ။

 

ကိုယ်ပိုင်လုပ်ငန်းစတင်

            (၁၉၆၆)မှာပဲ ကိုယ်ပိုင်ကုမ္ပဏီထောင်နိုင်ခဲ့ပါတယ်။ နယူးယောက်မြို့တော်မှာ ဆိုင်ပိစိလေးဖွင့်ရင်း သူ့စိတ်ကြိုက်လည်စည်းတွေ တီထွင်ဆန်းသစ်ပြီး ရောင်းလာခဲ့တာ Neiman Marcus စတိုးဆိုင်ကြီးက အခုပေါင်း (၁၂၀၀)တောင် အားပေးခဲ့ရတဲ့အထိ လက်မလည်ရောင်းခဲ့ရပါတယ်။

            (၁၉၆၇)ခုနှစ်မှာ သူ့ဘဝရဲ့သင်္ကေတ ပိုလို (Polo) လည်စည်းဆိုင်ကြီးအဖြစ် ဖွင့်လှစ်လာနိုင်ခဲ့ပါပြီ။ ပိုလိုတံဆိပ်ဟာ ပိုမိုတရားဝင်ခိုင်မာတဲ့အဆင့် ရောက်လာခဲ့တယ်။ (၁၉၇၁)ခုနှစ်မှာဆိုရင် လည်စည်းဆိုင်ကနေ ပိုလိုတံဆိပ်ဖက်ရှင်ဆိုင်ကြီးအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်မှာ တိုးချဲ့ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်မှု ရခဲ့ပါတယ်။

            (၁၉၇၀)မှာလဲ အမျိုးသားဝတ်စုံလက်ရာတွေအတွက် Coty Award လို့ခေါ်တဲ့ အမေရိကန်နိုင်ငံ ဖက်ရှင်ဆုကို အပ်နှင်းခံရတဲ့အတွက်အောင်မြင်မှုတွေပိုမိုခိုင်မာလာပါတယ်။ ဒါ့ကြောင့် ရပ်ဖ်လော်ရန်ရဲ့ အမျိုးသားဝတ်ဖက်ရှင်တွေဟာ သပ်ရပ်တိကျတဲ့ ဒီဇိုင်နာချုပ်လက်ရာတွေဖြစ်ကြောင်း လူတွေပိုသိလာခဲ့ ပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသမီးဖက်ရှင်တွေပါ တီထွင်ထုတ်လုပ်ခဲ့ပြန်ပါတယ်။

            ကျွန်တော်တို့တစ်တွေ နှစ်ခြိုက်ကြရတဲ့ ပိုလိုရဲ့နာမည်ကျော်စပို့ရှပ်ကိုတော့ (၁၉၇၂)မှာ စတင် ရောင်းချခဲ့ပါတယ်။ ဒါနဲ့အတူ အမျိုးသမီးဝတ်စုံအုပ်စုကိုပါ ပူးတွဲထုတ်လုပ်ပြီး အဲဒီဝတ်စုံတွေမှာ အရောင်(၂၄) ရောင်ထိ ထုတ်လုပ်ခဲ့ပြီး ဂန္ထဝင်တန်းကို ဝင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ (၁၉၇၄)မှာကျော်ကြားခဲ့တဲ့ The Great Gatsby ရုပ်ရှင်ကားကြီးအတွက်စာချုပ်ချုပ်ဆိုခဲ့ရပါတယ်။ နောက်ထပ် (၁၉၇၇)ရဲ့နာမည်ကြီး Annie Hall ရုပ်ရှင်ကားကြီးမှာ မင်းသမီးကြီး Diane Kaeton ဝတ်ဖို့ ကမ်းလှမ်းခံခဲ့ရပြန်ပါတယ်။


တိုးတက်ပြောင်းလဲလာသောလုပ်ငန်း

            ရပ်ဖ်လော်ရန်ရဲ့လုပ်ငန်းဟာ တစ်စထက်တစ်စ တိုးတက်အောင်မြင်လာပြီးနောက် (၁၉၉၇)ခုနှစ်၊ ဇွန်လ(၁၁)ရက်မှာဆိုရင် ရပ်ဖ်လော်ရန် ကော်ပိုရေးရှင်း (Ralph Lauren Corporation) အမည်နဲ့ အများပိုင်ကုမ္ပဏီဖြစ်လာခဲ့ပါပြီ။ နယူးယောက် စတော့အိတ်စ်ချိန်းကနေ သူ့ကုမ္ပဏီရှယ်ယာတွေကို ရောင်းချ ပေးခဲ့ပါတယ်။

            (၂၀၀၇)ခုနှစ်မှာ အမေရိကမှာ ရပ်ဖ်လော်ရန်ဆိုင်ပေါင်း (၃၅)ဆိုင်ထိ ဖွင့်လှစ်လာခဲ့ပါတယ်။ ရပ်ဖ်လော်ရန်ရဲ့ ကြီးမားထိုးဖောက်လာတဲ့ဖက်ရှင်လုပ်ငန်းဈေးကွက်ကို အများပြည်သူတွေ၊ မီဒီယာတွေ မျက်စိကျစွာ စောင့်ကြည့်ကြရပါတယ်။ The Financial Timeလို စာစောင်ကြီးတွေကတောင် ရပ်ဖ်လော်ရန်ရဲ့ စီးပွားရေးကိန်းဂဏန်းတွေကို စိတ်ဝင်တစားဖော်ပြပေးခဲ့ရပါတယ်။

            ရပ်ဖ်လော်ရန် ဆိုင်တွေဟာ သူမတူဘဲ ထူးခြားတဲ့အဆင်အပြင်တွေနဲ့ ဈေးဝယ်သူနှစ်ခြိုက်မှုကို ရရှိစေ ပါတယ်။ ဈေးနှုန်းကလည်း တကယ်ကြီးပါတယ်။ ကျားဝတ်၊ မဝတ်အပြင် ကလေးဝတ်တွေကိုပါရာသီအပေါ် မူတည်ပြီး အုပ်စုအလိုက်ဖန်တီးထုတ်လုပ်ခဲ့တဲ့အတွက် ရပ်ဖ်လော်ရန် ချစ်သူတွေ စောင့်မျှော်ဝယ်ရပါတယ်။

            ကျွန်တော်စင်္ကာပူနိုင်ငံက မာရီနာဘေးကုန်တိုက်ကြီးမှာရှိတဲ့ ရပ်ဖ်လော်ရန်ဆိုင်ကို ရောက်စဉ်ကဆို ခရစ္စမတ်ကာလဖြစ်နေတဲ့အတွက် ခရစ္စမတ်အပြင်အဆင်တွေနဲ့ တခမ်းတနားပြင်ဆင်ရောင်းချတာ တွေ့ရပါတယ်။ အိမ်တစ်လုံးလိုပြင်ဆင်ထားပြီး အိမ်ရဲ့အထဲမှာ ရေခဲအိမ်တွေ၊ မြေခွေးရုပ်တွေ၊ ခရစ္စမတ် သစ်ပင်တွေနဲ့အတူ ကလေးဝတ်စုံလေးတွေ ထည့်ထားပြီး ရောင်းချပြသထားပါတယ်။


ရပ်ဖ်လော်ရန် ရဲ့ရာထူးအပြောင်းအလဲ

            ရပ်ဖ်လော်ရန်ဟာ ဖက်ရှင်ကို အေးအေးဆေးဆေး ဖန်တီးချင်လို့ပဲလားမသိဘူး။ (၂၀၁၅)၊ စက်တင်ဘာ (၂၉)ရက်မှာ သူ့လုပ်ငန်းရဲ့သူဌေးဥက္ကဌရာထူးကို Old Navy ဆိုတဲ့အမေရိကန်က အဝတ်အထည်လုပ်ငန်း ဥက္ကဌဟောင်း Stefan Larsson ကိုလွှဲအပ်ပြီး အမှုဆောင်အရာရှိချုပ်ရာထူးက ဆင်းပြီးနေပေးခဲ့ပါတယ်။


အပ်နှင်းခံရသောဆုများ

            ရပ်ဖ်လော်ရန် ငယ်ဘဝကရရှိခဲ့တဲ့ဆုတွေလဲရှိပါတယ်။ အခုဖော်ပြထားတဲ့ ဆုတွေကတော့ သူ့ဆုတွေထဲက အမှတ်တရဆုတချို့ဖြစ်ပါတယ်။ 


Coty Award (၁၉၇၀)

(အမျိုးဝတ်ဖက်ရှင်များအတွက်ရရှိခဲ့သည်။)

  

National Order of the Legion of Honour ဂုဏ်ထူး (၂၀၁၀)

(ပြင်သစ်သမ္မတ နီကိုလတ်ဆာကိုဇီ ကိုယ်ဆိုင်ချီးမြှင့်ခဲ့သည်။)

  

James Smithson Bicentennial Medal (၂၀၁၄) 

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟစ်လာရီကလင်တန် တက်ရောက်ဂုဏ်ပြုခဲ့သည်။)                                                                                                           

 

        ရပ်ဖ်လော်ရန်ကတော့ ဖက်ရှင်လောကမှာ အခုအချိန်ထိတိုင် စိတ်ဝင်တစား ကျင်လည်နေဆဲပါ။ ဒီလ (၁၄) ရက်ဟာလဲ သူ့ရဲ့ (၇၆)နှစ်ပြည့်မွေးနေ့ ဖြစ်တာမို့ ဖက်ရှင်ဒီဇိုင်နာကြီး Ralph Lauren လည်း ကျန်းကျန်းမာမာ အသက်တစ်ရာတိုင် ရွှင်လန်းစွာနေနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၆၊ အောက်တိုဘာ









Comments