နင်ကြီးပဲယူနေတယ်။ (မှား)
နင်ချည်းပဲယူနေတယ်။ (မှန်)
‘ချည်း’ နဲ့ ‘ကြီး’ လွဲရေးတာ၊ လွဲပြောတာ ရှိတတ်ပါတယ်။ ဥပမာ - “နင်ချည်းပဲယူနေတယ်။ ငါကိုမယူရဘူး။” ဆိုတဲ့ဝါကျမှာ ‘နင်ချည်းပဲ’ လို့ရေးရမဲ့အစား ‘နင်ကြီးပဲ’ လို့ရေးမိတာမျိုးပါ။ ‘ချည်း’ နဲ့ ‘ကြီး’ အသံထွက်နီးစပ်တာကြောင့် လွဲမှားတာဖြစ်ပါတယ်။
ချည်း
‘ချည်း’ ဆိုတာ တစ်ခုတည်း၊ တစ်မျိုးတည်း၊ အရောအနှောမရှိတာကို ရည်ညွှန်းပါတယ်။ အထူးအခြား မဟုတ်တဲ့အဖြစ်ကို ဖော်ပြပါတယ်။ ဥပမာ -
- အဖေချည်းပဲပိုက်ဆံရှာတယ်။
- ထိုင်ချည်းနေလို့မရဘူး။ လမ်းလျှောက်အုံးမှ။
- မုန့်ဟင်းခါးဖတ်ရှိတယ်။ ဟင်းရည်ချည်းယူခဲ့။
ကြီး
‘ကြီး’ဆိုတာ
- မသေးငယ်တာ (အရွယ်အစားကြီး)
- အိုမင်းရင့်ရော်တာ (လူကြီး)
- အသက်နှစ်တိုးတာ (အသက်ကြီး)
တို့ကိုဆိုလိုပါတယ်။ ဒါ့ပြင် ‘ကြီး’နဲ့တွဲတဲ့စကားလုံးတွေဟာ ထူးခြားလေးနက်သွားတတ်ပါတယ်။ ဥပမာ - ‘ခံခံ့၊ သန့်သန့်’ ဆိုတဲ့စကားလုံးမှာ ‘ကြီး’ထည့်လိုက်လို့ ‘ခံ့ခံ့ကြီး၊ သန့်သန့်ကြီး’ ဆိုပြီး ပိုလေးနက် သွားတာမျိုးဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment