ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၇၊ ခဲဗင်းခလိုင်း Calvin Klein

 

ဖက်ရှင်ဒီဇိုင်နာ ခဲဗင်းခလိုင်း Calvin Klein

ခဲဗင်းခလိုင်း (Calvin Klein) ဖက်ရှင်များသရုပ်ဖော်


ခဲဗင်ကလိုင်း (Calvin Klein) အမှတ်တံဆိပ်

ခဲဗင်းခလိုင်း (Calvin Klein) ဂျင်းကြော်ငြာ


ကမ္ဘာအဆင့်(၁)အမျိုးသားမော်ဒယ် ရှောင်အိုပရိုင်း (Sean O'Pry) နှင့် ခဲဗင်းခလိုင်း (Calvin Klein) လက်ပတ်နာရီ


ဂျက်စတင်ဘီဘာ၏ စီကေ (CK) အတွင်းခံကြော်ငြာ

ပုလင်းပြားပုံစံဒီဇိုင်းဖြင့် CK One Summer ရေမွှေး


CK ဂျင်းကြော်ငြာတစ်ခု


ခဲဗင်းခလိုင်း (Celvin Klein) အား နယူးယောက်ဖက်ရှင်ပညာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်းစဉ်


ခဲဗင်းကလိုင်း (Calvin Klein) တံဆိပ် ကျား/မဝတ် ချပ်ရပ်အတွင်းခံများ

ခဲဗင်းကလိုင်း (Calvin Klein) တံဆိပ် ကျားဝတ်အတွင်းခံဘောင်းဘီ

လစဉ်တင်ဆက်နေကျ ဒီကဏ္ဍလေးကိုဆက်ပါ့မယ်။ အရင်လမှာ ပိုလိုတံဆိပ်ရဲ့ပဲ့ကိုင်ရှင် ဒီဇိုင်နာကြီး ရပ်ဖ်လော်ရန် (Ralph Lauren) အကြောင်းကိုဖတ်ရှုခဲ့ကြရတာပါ။ အခုလ   နိုဝင်ဘာလထုတ် CHIC မဂ္ဂဇင်းရဲ့ (၆)နှစ်ပြည့်မှာတော့ အင်္ဂလိပ်အက္ခရာနှစ်လုံးနဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်ကြီးရဲ့ပိုင်ရှင် နိုဝင်ဘာလမွေးနေ့ရှင် ဖက်ရှင်ဘိုးဘိုးကြီးအကြောင်းကို ဖော်ပြပေးလိုပါတယ်။

            ဖက်ရှင်ချစ်သူတွေ အဲဒီတံဆိပ်ကို ဘယ်လောက်တောင်ကြိုက်ကြလဲဆိုတာ အမျိုးသားတွေဆို တံဆိပ်နာမည်ပေါ်အောင် အတွင်းခံကိုခါးပေါ်ဆွဲတင်ပြီး ဝတ်ရတဲ့ထိပါ။ ဖက်ရှင်တွေ၊ ရေမွှေးတွေ၊ အိတ်တွေ နာရီတွေမှာ တကယ်ကိုနာမည်ကြီးပါတယ်။ သူ့နာမည်ကတော့ Calvin Klein (ခဲဗင်းခလိုင်း) ပါတဲ့ဗျား။

 

ငယ်ဘဝ နဲ့ ပညာရေး

            ခဲဗင်းခလိုင်း (Calvin Klein) ကို ဂျူးလူမျိုးမိသားစုကနေ (၁၉၄၂)ခုနှစ်၊ နိုဝင်ဘာလ(၁၉)ရက်နေ့က အမေရိကန်၊ နယူးယောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ နာမည်အပြည့်အစုံကတော့ Calvin Richard Klein ဖြစ်ပါတယ်။ သူ့ရဲ့ အထက်တန်းကျောင်းသားဘဝကို သူဝါသနာပါတဲ့ အနုပညာနဲ့ဒီဇိုင်းကျောင်းဖြစ်တဲ့ နယူးယောက်ရဲ့ High School of Art and Design တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းကဘွဲ့တော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ထူးချွန်တဲ့ဖက်ရှင်ပညာကြောင့် (၂၀၀၃)ခုနှစ်မှာ နယူးယောက် Fashion Institute of Technology ရဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate) ကို အပ်နှင်းခံခဲ့ရပါတယ်။

 

အလုပ်အကိုင်အစ

            (၁၉၆၂)ခုနှစ် လူငယ်ဘဝအလုပ်အကိုင်အဖြစ် အမေရိကန်က ဝတ်စုံထုတ်လုပ်သူ Dan Millstein ရဲ့ စက်ရုံမှာ အလုပ်သင်ဝန်ထမ်းအဖြစ် စတင်ခဲ့ပါတယ်။ ပြီးတော့ နယူးယောက်မှာရှိတဲ့ဆိုင်တွေမှာ ဒီဇိုင်းအလုပ် (၅)နှစ်ကြာလုပ်ခဲ့ပါတယ်။ (၁၉၆၈)ခုနှစ်မှာ သူ့ရဲ့ Calvin Klein Inc. ကို ငယ်သူငယ်ချင်း Barry K. Schwartz နဲ့ပေါင်းပြီး ထူထောင်နိုင်ခဲ့ပါတယ်။  

            ခဲဗင်းခလိုင်းက ရွှေ့ပြောင်းဂျူးလူမျိုးတွေကြားက ဦးဆောင်သူဒီဇိုင်းပညာရှင်တစ်ဦးဖြစ်ပါတယ်။ ခေတ်ပြိုင်တွေကတော့ ပိုလိုရှပ်အင်္ကျီရဲ့ဖခင် ရဲပ်ဖ်လော်ရန် Ralph Lauren နဲ့ အိမ်တွင်းဒီဇိုင်းပညာရှင် Robert Denning တို့ဖြစ်ပါတယ်။ သူ့ရဲ့ကုမ္ပဏီစထောင်ချိန်မှာပဲ ဂျင်းအဝတ်အစားမှာ အောင်မြင်မှုရခဲ့ပါတယ်။ နယူးယောက်ဖက်ရှင်ရက်သတ္တပတ်မှာ သူ့အဝတ်အစားတွေပြနိုင်ခဲ့ပြီး များမကြာခင်မှာလဲ သူ့အရည်အသွေး တွေကို ထပ်မံထုတ်ဖော်ပြသနိုင်ခဲ့ပြန်ပါတယ်။

 

ခဲဗင်းခလိုင်း (Calvin Klein) ၏ထုတ်ကုန်များ

            ခဲဗင်းခလိုင်းဟာ ကုမ္ပဏီထောင်စက York ဟိုတယ်မှာ ကုတ်အင်္ကျီဆိုင်ဖွင့်ခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာ မှာဆိုရင် အားကစားဝတ်စုံ၊ ဂန္ထဝင်ဆန်တဲ့ ဘလေဇာကုတ်တွေနဲ့ အမျိုးသမီးဝတ်စုံတွေ ထုတ်လုပ်ခဲ့ပါတယ်။ (၁၉၇၇)ခုနှစ်မှာ စကတ်၊ ရှူးဖိနပ်၊ ခါးပတ်၊ သားမွေး၊ နေကာမျက်မှန်နဲ့ အိပ်ရာခင်းထုတ်လုပ်မှုလိုင်စင် ရရှိခဲ့ ပါတယ်။ လိုင်စင်ရပြီးနောက်ပိုင်း အလှကုန်၊ ဂျင်းနဲ့ အမျိုးသားဝတ်စုံ နှစ်စဉ်ရောင်းရငွေဟာ အဲဒီအချိန်က ဒေါ်လာသန်း(၁၀၀) (၂၀၁၆ခုနှစ်ပေါက်ဈေး ဒေါ်လာသန်း ၃၉၀) ရောင်းအားတက်လာပါတယ်။

            ယောက်ျားသားများနှစ်ခြိုက်ကြတဲ့ CK (စီကေ) အတွင်းခံဘောင်းဘီတွေကို (၁၉၈၀) ကနေ (၁၉၈၅) အတွင်း စတင်ထုတ်လုပ်ခဲ့ပါတယ်။ စီကေရေမွှေးဆိုရင်လဲ ကျွန်တော်အပါအဝင် ကမ္ဘာ့အမျိုးသား၊ အမျိုးသမီးများ နှစ်ခြိုက်ကြတဲ့ ရေမွှေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အကြိုက်ဆုံးကတော့ CK One Summer အစိမ်းရင့်ဘူးပါ။ CK ရေမွှေးတွေဟာ အတုတွေများစွာပေါ်တဲ့အထိ အောင်မြင်မှုတွေရထားတာပါ။

       ခဲဗင်းခလိုင်းကနေ သူ့ရဲ့တံဆိပ်ကို ဘယ်လိုတွေခွဲထုတ်ပြီး ထုတ်ကုန်တွေခွဲထုတ်သလဲဆိုတာ ဖက်ရှင်ချစ်သူတွေ သိထားသင့်လို့ ကျွန်တော်လေ့လာစုဆောင်းထားတဲ့မှတ်စုတွေထဲကနေ အကျဉ်းချုံးဖော်ပြ ပေးပါ့မယ်။

• Calvin Klein
စာလုံးကိုအဖြူရောင်သုံးသည်။ အခြေခံဖက်ရှင်များထုတ်ပြီး ခဲဗင်းခလိုင်း (Calvin Klein) အားကစားဝတ်စုံများထက် တန်ဖိုးမြင့်သည်။

• Calvin Klein Sport
စာလုံးကိုအဖြူရောင်သုံးသည်။ အားကစားဝတ်စုံများထုတ်သည်။

• Calvin Klein Jeans

ဂျင်းဝတ်စုံများထုတ်သည်။

• Calvin Klein Home
အိပ်ခန်း၊ ရေချိုးခန်းသုံးများဖြစ်သော တန်ဖိုးမြင့်မျက်နှာသုတ်ပုဝါ၊ခြေသုတ်ဖုံ စသောအရာများ၊ အိမ်သုံးပစ္စည်းများထုတ်သည်။

• The Khaki Collection
လူငယ်များအတွက် အလတ်စားမှ တန်ဖိုးမြင့်အရည်အသွေးထိ မျက်နှာသုတ်ပုဝါ၊ ရေချိုးခန်းခြေသုတ်ဖုံ စသည်တို့ထုတ်သည်။

• Calvin Klein Golf
ဂေါက်ရိုက်ပစ္စည်းများထုတ်သည်။

• Calvin Klein Underwear
အတွင်းခံဘောင်းဘီများထုတ်သည်။

• CK one Lifestyle Brand
ရေမွှေး၊ အတွင်းခံ၊ ဂျင်းထည်များထုတ်သည်။

• Calvin Klein Watches + Jewelry
နာရီနှင့် လက်ဝတ်ရတနာများ ထုတ်သည်။

 

ဘဝဇာတ်ခုံ

            ပထမအိမ်ထောင်နဲ့ Marci Klein သမီးတစ်ဦးမွေးပါတယ်။ သူကရုပ်သံဝန်ထမ်းဖြစ်ပြီး ရုပ်သံသမိုင်းမှာ အထူးချွန်ဆုံး ရုပ်သံထုတ်လုပ်ရေးမှူးလို့သတ်မှတ်ခံရပါတယ်။ ရုပ်သံဆုကြီးဖြစ်တဲ့ Emmy Award ကို လေးကြိမ်တိတိ အပ်နှင်းခံရပါတယ်။

            ဒုတိယအမျိုးသမီး Kelly Rector က နာမည်ကျော်လူမှုဘဝဓာတ်ပုံပညာရှင်ဖြစ်ပါတယ်။ သူမနဲ့လဲ (၂၀၀၆)မှာ ပြတ်စဲခဲ့ကြပြန်ပါတယ်။ 

 

အပ်နှင်းခံရသောဆုများ

·        Coty American Fashion Critics' Award (၁၉၇၃ ၊ ၁၉၇၄ ၊ ၁၉၇၅)

ထိုအချိန်တွင် ဤဆုရရှိသူများအနက် အသက်အငယ်ဆုံးဖြစ်ပြီး သုံးကြိမ်တိတိရရှိခဲ့သည်။

 

·        International Best Dressed List (၁၉၈၃)

အပြည်ပြည်ဆိုင်ရာအကောင်းဆုံးဝတ်စုံဖန်တီးသူများစာရင်းဝင်ခြင်း ဖြစ်သည်။

 

·        Councils of Fashion of America Awards (CFAD Awards) (၁၉၈၁ ၊ ၁၉၈၃ ၊ ၁၉၉၃)

အမေရိကန်ပြည်ထောင်စုဖက်ရှင်ဒီဇိုင်နာများကောင်စီဆုကို သုံးကြိမ်တိတိအပ်နှင်းခံရသည်။

 

·        Honorary Doctorate of New York Fashion Institute of Technology (၂၀၀၃)

နယူးယောက်ဖက်ရှင်ပညာတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဖြစ်သည်။

           

ဒီဇိုင်နာကြီး ခဲဗင်းခလိုင်းက လက်ရှိအချိန်ထိ ကျွန်တော်တို့ကြိုက်တဲ့ CK ထုတ်ကုန်တွေ ဖန်တီးနေဆဲပါပဲ။ အခုနိုဝင်ဘာ(၁၉)ရက်နေ့ အသက်(၇၄)နှစ်ပြည့်မွေးနေ့မှပြီး ကိုယ်လဲကျန်းမာ၊ စိတ်လဲချမ်းသာစွာ အောင်မြင်မှုသရဖူများ ဆက်လက်ဆောင်းနိုင်ပါစေဗျာ။

 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၆၊ နိုဝင်ဘာလ

Comments