၆၂၊ မြင့်မိုရ် (မှား) ၊ မြင်းမိုရ် (မှန်)

 

            အမှားအများဆုံး စာလုံးပေါင်းတစ်ခုဖြစ်ပါတယ်။ ‘မြင့်မိုရ်’ လို့ရေးရင်မှားပြီး ‘မြင်းမိုရ်’ လို့ရေးမှ မှန်ပါတယ်။ စာလုံးပေါင်းသတ်ပုံကျမ်းမှာလဲ ‘မြင်းမိုရ်’ လို့ပဲပြဋ္ဌာန်းထားပါတယ်။ ရှေးတုန်းကတော့ အမျိုးမျိုး ရေးခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ စံနမူနာမြန်မာရေးထုံးရှိနေတာမို့ ပြဋ္ဌာန်းချက်သာ အမှန်ဖြစ်ပါတယ်။

 

ရှေးတုန်းက စာလုံးဘယ်လိုပေါင်းသလဲ

            အင်းဝခေတ်မှာ ‘မြင်မိုဝ်’ လို့ရေးခဲ့ကြပါတယ်။ ကုန်းဘောင်ခေတ်လယ်မှာ ‘မြင်းမိုရ်’ လို့စရေးလာပြီး ဘိုးတော်ဘုရားလက်ထက်ကျ ပိုမိုခိုင်မာတဲ့ စကားလုံးဖြစ်လာပါတယ်။ ကုန်းဘောင်ခေတ်ဦးတုန်းက ‘မြင့်မိုရ်’ လို့လဲ ရေးခဲ့ဖူးကြပါတယ်။ သေချာတာက နဂိုတုန်းက ‘မြင်’ ဖြစ်ပြီး နောက်ကျမှ ‘မြင့်’ နဲ့ ‘မြင်း’ ဖြစ်လာတာပါ။

 

ပါဠိစကားကနေ ဆင်းသက်လာသလား

            မြင်းမိုရ်တောင်ကို ပါဠိလို ‘မေရု’ လို့ခေါ်ပါတယ်။ ‘မေရု’ ကနေ ‘မြင်းမိုရ်’ ဖြစ်လာသလားမေးရင် မသေချာဘူးလို့ ဖြေရမယ်။ ဘာ့ကြောင့်လဲဆိုရင် ‘မြင်း+မိုရ်’ ခွဲကြည့်ရမယ်။ မြန်မာအဘိဓာန်မှာ  ‘မြင်း’ ဆိုတာ မြန်မာစာလုံးဖြစ်ပြီး ‘မိုရ်’ ဆိုတာ ပါဠိစကား ‘မေရု’ ကနေ ဆင်းသက်လာတယ်လို့ဆိုတယ်။

            ဒါပေမဲ့ မြန်မာစာပညာရှင်ကြီး ဦးဖိုးလတ်ကတော့ ပါဠိစကား ‘မေရု’ ကနေ ‘မိုရ်’ ဖြစ်လာတာ မဟုတ်ဘူးဆိုပါတယ်။ ပါဠိအားသန်သူတွေက နောက်ပိုင်းမှယူဆတာတဲ့။ ဘာလို့လဲဆိုတော့ အင်းဝခေတ် တစ်လျှောက်လုံး ‘မိုဝ်’ လို့ပဲရေးခဲ့တာကိုး။ နောက်ပိုင်းမှ ‘ရကောက်’ ဆွဲထည့်တာဖြစ်နိုင်တာပေါ့။

            ဒါ့ပြင် တချို့ပညာရှင်ကြီးတွေကလဲ မြင့်မားပြီး မိုနေ၊ မို့နေလို့ မြင့်မိုရ်လို့ခေါ်တယ်လို့ ယူဆကြပြန်ပါ သေးတယ်။ 

 

ကောလိယ ဝေယံမောင်မောင်

၁၇.၂.၂၀၂၂

 

#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင်

Comments