ခရစ္စမတ်ပွဲတော်ကြီး၏ စိတ်ဝင်စားဖွယ်ပုံရိပ်လွှာများ

အမေရိကန်၊ ဝေါ့ဒစ္စနေ ကမ္ဘာ့အပန်းဖြေစခန်း၏ (၂၀၂၂) ခရစ္စမတ်အလှဆင်မှု


            ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘာသာရေးပွဲတော်ဆိုပေမဲ့ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရဲ့ ပိတ်ရက်ဖြစ်ပြီး မြန်မာလူမျိုးထဲလဲ ခရစ်ယာန်ဘာသာဝင်တွေရှိတာမို့ မြန်မာနဲ့မစိမ်းတဲ့ ပွဲတော်ကြီးတစ်ခုဆိုရင် မမှားပါဘူး။ ပြီးတော့ ခရစ္စမတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေထဲမှာ စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းလေးတွေရှိတာမို့ ဗဟုသုတအဖြစ် မှတ်သားစရာကောင်းလှပါတယ်။

 

ခရစ္စမတ်သမိုင်း

            Christmas ဝေါဟာရရဲ့အရှည်က Christ's Mass ဖြစ်ပြီး မြန်မာလို ‘ယေရှုခရစ်ရဲ့မွေးနေ့’ လို့ အဓိပ္ပာယ်ရပါတယ်။ ခရစ်ယာန်အများစုလက်ခံထားတဲ့ ယေရှုမွေးနေ့ ဒီဇင်ဘာ(၂၅)ရက်မှာ ခရစ္စမတ်ပွဲတော် ကျင်းပကြတာပါ။ ကမ္ဘာ့နိုင်ငံပေါင်း(၁၆၀)လောက် ကျင်းပကြပြီး ကျင်းပပုံအနည်းငယ်စီ ကွာခြားကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ခရစ်ယာန်ဘာသာဝင်မဟုတ်သူတွေလဲ ခရစ္စမတ်ပွဲကို ဆင်နွှဲကြ တယ်လို့ သိရပါတယ်။ ဥရုဂွေးနဲ့ အင်ဂိုလာနိုင်ငံတို့မှာတော့ ခရစ္စမတ်နေ့ကို မိသားစုနေ့ (Family Day) လို့ခေါ်ကြပါတယ်။ ဂျော်ဒန်နဲ့  ပါကစ္စတန်နိုင်ငံတို့မှာတော့ ခရစ္စမတ်ပိတ်ရက်က ထူးခြားပါတယ်။ ဘာလို့လဲ ဆိုတော့ ခရစ္စယာန်ဘာသာဝင်တွေအတွက်ပဲ ခရစ္စမတ်နေ့ကို ပိတ်ပေးလို့ပါ။

တချို့နိုင်ငံတွေမှာတော့ ခရစ်ယာန်ဘာသာကို အဓိကမကိုးကွယ်တဲ့အတွက် ခရစ္စမတ်ပွဲတော်ကို သတ်သတ်မကျင်းပကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ချစ်ကြည်စည်းလုံးစွာ ကျင်းပလေ့ရှိကြပါတယ်။

 

၂၀၁၉ ဒီဇင်ဘာ ၂၁၊ နိုင်ငံ့အကြီးအကဲများ၏ ခရစ္စမတ်ပွဲသတင်း

ခရစ္စမတ်ဘိုးတော် (Santa Claus)

သမင်များကသောစွပ်ဖားဖြင့် လက်ဆောင်လိုက်ပေးနေသော ခရစ္စမတ်ဘိုးတော်

            ခရစ္စမတ်ဘိုးတော်၊ ခရစ္စမတ်ဘိုးဘိုး အမျိုးမျိုးခေါ်ကြတဲ့ အနီရောင်ဝတ်ရုံကြီးနဲ့ ခပ်ထွားထွား အဘိုးအိုဟာ အားလုံးသိကြတဲ့ ဒဏ္ဍာရီလာ စန်တာကလော့ပါပဲ။ ခရစ္စမတ်အကြိုနေ့ဖြစ်တဲ့ ဒီဇင်ဘာ(၂၄)နဲ့ ခရစ္စမတ်နေ့ ဒီဇင်ဘာ(၂၅)မနက်အစောမှာ သမင်တွေကတဲ့ စွပ်ဖားလှည်းကြီးကိုစီးပြီး စိတ်ကောင်းရှိတဲ့ ကလေးတွေကို လက်ဆောင်လိုက်ပေးလေ့ရှိပါသတဲ့။ နောက်ပိုင်းမှာ ခေတ်ပေါ် ခရစ္စမတ်ဘိုးတော်များအဖြစ် ဘိလပ်ပြည်ဘက်က သူတော်စင် နစ်ကိုးလတ်စ်၊ မာယာပြည်က ဘုန်းတော်ကြီး ဘစ်ရှော့ တို့က ဆောင်ရွက်ခဲ့ ကြပါတယ်။

 

ခရစ္စမတ်မိစ္ဆာ (Krampus)

ခရစ္စမတ်မိစ္ဆာ (Krampus) နှင့် အပြစ်ပေးခံရသည့်ကလေးများ

            ဆိတ်ခန္ဓာကိုယ်တစ်ပိုင်းရှိတဲ့ ဒဏ္ဍာရီလာ ခရစ္စမတ်မိစ္ဆာကို ခရန်းမ်ပတ်စ် လို့ခေါ်ပါတယ်။ သူက ခရစ္စမတ်ဘိုးတော်တစ်ဦးဖြစ်တဲ့ သူတော်စင် နစ်ကိုလတ်စ်အပေါ် မရိုသေတဲ့ကလေးတွေကို  အပြစ်ပေးတဲ့ မိစ္ဆာကြီးဖြစ်ပါတယ်။ သူ့အကြောင်း ရိုက်ထားတဲ့ (၂၀၁၅)ခုနှစ်က Krampus ရုပ်ရှင်ဟာ နာမည်ကြီးပါတယ်။

ခရစ္စမတ်ရာသီချိန်ဆိုရင် ကလေးတွေဟာ ခရစ္စမတ်ဘိုးတော်ဆီကို နှုတ်ဆက်စာပို့ပြီး လိုရာ လက်ဆောင်တောင်းကြတဲ့ အစဉ်အလာရှိပါတယ်။ အဲဒီရုပ်ရှင်ထဲမှာဆိုရင် ကောင်လေးတစ်ယောက်ဟာ ခရစ္စမတ်ဘိုးတော်ထံပေးဖို့ စာကိုရေးပြီးခါမှ ဆုတ်ဖြဲလွှင့်ပစ်လိုက်ပါတယ်။ စာရွက်အပိုင်းအစတွေက  နှင်းကျနေတဲ့ ကောင်းကင်ယံပေါ်တက်သွားပြီး ခရစ္စမတ်မိစ္ဆာထံရောက်သွားရာကနေ လာရောက်ပြစ်ဒဏ် ခတ်ခံခဲ့ရတာပါ။ အပြင်လောကမှာလဲ ကလေးတွေဟာ ခရစ္စမတ်ချိန်ရောက်ရင် ရှေးဒဏ္ဍာရီလာ ခရစ္စမတ်မိစ္ဆာကို ကြောက်တတ်ကြပါသတဲ့။

 

ခရစ္စမတ်ပန်းပင် (Poinsettia - ပွင်စက်တီးယား)

ခရစ္စမတ်ပန်းပင် (Poinsettia - ပွင်စက်တီးယား)

            အဲဒီအပင်ဟာ ခရစ္စမတ်ပန်းပင်ဖြစ်လာရခြင်းကလဲ ဇာတ်လမ်းလေးရှိခဲ့ပါတယ်။ တစ်ခါက မက္ကဆီကန်ပြည်က ကလေးမလေး Pepita ဟာ ယေရှုခရစ်မွေးဖွားခြင်းပွဲအတွက် လက်ဆောင်မပေးနိုင်ခဲ့လို့ ဝမ်းနည်းပက်လက်နဲ့ သူ့ဝမ်းကွဲအစ်ကို အလုပ်လုပ်နေတဲ့ဆီကို လျှောက်လာခဲ့ပါသတဲ့။ သူ့ရဲ့ ဝမ်းကွဲအစ်ကိုက “ညီမလေးမှာ ယေရှုကိုပေးဖို့ လက်ဆောင်အသေးဆုံးလေးတစ်ခုတော့ ရှိနေမှာပါ။ ညီမလေးပေးလိုက်ရင် ယေရှုလဲပျော်ရွှင်မှာပါ။” လို့ပြောလိုက်သတဲ့။

            Pepita လဲ ကြံရာမရတဲ့အဆုံး လမ်းဘေးခြုံထဲကပန်းကို လက်အပြည့်ခူး၊ လက်ကိုင်ပန်းလုပ်ပြီး ခရစ္စမတ်စားပွဲတော် သွားပါလေရော။ အဲဒီပန်းစည်းလေးယူသွားချိန်မှာ စိတ်ညစ်တာပျောက်ပြီး  ပျော်ရွှင် ကြည်နူးသွားပါတယ်။ ပွဲတော်မှာ ဒူးထောက်ပြီး ပန်းစည်းလေးထားချိန်မှာတော့ Pepita ရဲ့ ပန်းစည်းလေးဟာ အနီရောင်တောက်တောက်ကို ချက်ခြင်းပြောင်းသွားလို့ မြင်သမျှလူထုက အံ့သြမင်သက် အုတ်အုတ် ကျက်ကျက် ဖြစ်သွားခဲ့ပါသတဲ့။

            အဲဒီအချိန်ကစလို့ အဲဒီအနီတောက်တောက်ပန်းကို စပိန်ဘာသာစကားနဲ့ Flores de Noche Buena လို့ခေါ်တွင်ပါတော့တယ်။ အဓိပ္ပာယ်ကတော့ မြင့်မြတ်သောည၏ပန်း (Flowers Of The Holy Night) ဖြစ်ပါ တယ်။

(၁၈၂၅)ခုနှစ် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၉၀)လောက်က ပထမဆုံးသော အမေရိကန်နိုင်ငံဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး Joel Roberts Poinsett က အမေရိကန်၊ ကာရိုလိုင်းနားတောင်ပိုင်းကိုသွားစဉ် အဲဒီအပင် တွေ့လို့ သယ်ယူစိုက်ပျိုးတာကိုအစွဲပြုပြီး အပင်နာမည်ကို အင်္ဂလိပ်လို Poinsettia လို့ ခေါ်ဆိုပါတယ်။

 

ခရစ္စမတ်သစ်ပင် (Christmas Tree)

နှင်းတောတွင်းမှ ခရစ္စမတ်သစ်ပင်

            ခရစ္စမတ်ဆိုရင် ခရစ္စမတ်သစ်ပင်အဖြစ် ထင်းရှုးပင်ကိုအလှဆင်ကြတာ ရိုးရာပါ။ ဒီထင်းရှုးကိုတော့ အမြဲတမ်းစိမ်းလန်းနေတာကိုအစွဲပြုပြီး အင်္ဂလိပ်ဘာသာနဲ့ Evergreen လို့ခေါ်ပါတယ်။ ရှေးယခင်ကတော့ ဝိဉာဉ်ဆိုးတွေကို မောင်းထုတ်ဖို့အတွက် အလှဆင်ကြရာက ရာစုနှစ်တွေကြာလာတာနဲ့အမျှ ခုတ်လှဲယူပြီး အိမ်တွေမှာ အလှဆင်လာကြတာပါ။ ထင်းရှုးပင်ကိုခုတ်ပေမဲ့ ပြန်ပြီးအတက်ထွက်လာခြင်းက ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်စားပြုတဲ့နိမိတ်လို့လဲ ဆိုကြပါတယ်။

 

ဟိုလီသီး (Holly)

နှင်းတောတွင်းမှ ဟိုလီသီး (Holly)

            ဟိုလီသီးဆိုတာ သစ်ကိုင်းမှာ အနီရောင်ပုတီးစေ့တွေလို ဘယ်ရီသီးလေးတွေသီးနေတဲ့ အပင်ပါ။ ပန်းဖြူလေးတွေပွင့်ပြီး အရွက်က အစိမ်းရောင်အချွန်တွန့်ပုံစံပါ။ ဆောင်းတွင်းပိုင်း ခရစ္စမတ်ပွဲတော်ချိန် အသီးသီးတဲ့အခါ အရွက်စိမ်းနဲ့ အနီသီးရောယှက်ပြီး ပန်းအလှဆင်ကြပါတယ်။

            ဟိုလီဘယ်ရီသီးဟာ မသေဆုံးခြင်းနဲ့ ဘုရားသခင်က လူသားအဖြစ်ဖန်ဆင်းခြင်းကိုကိုယ်စားပြုပြီး ဘုရားသခင်ရဲ့ အသွေးအသားအထိမ်းအမှတ်ဖြစ်တယ်လို့ ခရစ်ယာန်ဘာသာမှာ မှတ်ယူကြပါတယ်။

 

အလှဆင် ငွေမျှင်ကြိုး (Tinsel)

ပင့်ကူမျှင်မှသည် အလှဆင်ငွေမျှင်ကြိုး (Tinsel) ဖြစ်သွားသည်ဟု  ခရစ်ယာန်များယုံကြည်ကြသည်။

 

            ပွဲလမ်းသဘင်တွေမှာ အလှဆင်ချိတ်တဲ့ ငွေရောင်ပန်းဆိုင်းတွေဟာ ခရစ္စမတ်ဒဏ္ဍာရီထဲက ငွေသား အတွဲအဆိုင်းကို ရည်ညွှန်းပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့မှာလဲ စိတ်ဝင်စားစရာဇာတ်ကြောင်းရှိပါတယ်။

            တစ်ခါက ခရစ်တော်ကိုယုံကြည်တဲ့ မိသားစုရှိပါတယ်။ သိပ်ဆင်းရဲကြလို့ ယေရှုခရစ် မွေးဖွားခြင်း ခရစ္စမတ်နေ့အတွက် သစ်ပင်ကိုအလှဆင်ဖို့  ငွေကြေးမတတ်နိုင်ခဲ့ကြပါဘူး။ ဒါ့ကြောင့် ဝမ်းနည်းစွာ ညအိပ်ရာ ဝင်ခဲ့ကြပါတယ်။ ညအချိန်မှာ ပင့်ကူတွေရောက်လာပြီး ပင့်ကူမျှင်တွေ ရစ်ပတ်ကြပါသတဲ့။

            မနက်မိုးလင်းတဲ့ ခရစ္စမတ်နေ့မှာ ပင့်ကူမျှင်တွေကနေ တောက်ပတဲ့ ငွေသားမျှင်တွေအဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။ ဒါကိုအစွဲပြုပြီး ခရစ္စမတ်သစ်ပင်မှာ ငွေမျှင်အတွဲအဆိုင်းလေးတွေနဲ့ ယနေ့ထက်တိုင် အလှဆင်ကြခြင်းပဲဖြစ်ပါတယ်။

 

ခေါင်းလောင်း (Bell)

ခရစ္စမတ်အလှဆင် ခေါင်းလောင်းတစ်စုံ

            ခရစ္စမတ်အလှဆင်ပစ္စည်းလေးတွေမှာ ရွှေခေါင်းလောင်းလေးတွေလဲ ပါဝင်ပါတယ်။ အဲဒါလဲ အကြောင်းရင်းရှိပါတယ်။ ခရစ်ယာန်အများစုက ယေရှုဟာ ညသန်းခေါင်ယံအချိန်မှာမွေးဖွားတယ်လို့ မှတ်ယူ ထားကြတာမို့ အနောက်နိုင်ငံတွေမှာ သန်းခေါင်ယံမတိုင်မီ ခေါင်းလောင်း(၄)ကြိမ်တီးပြီး ယေရှုမွေးခြင်းကို အသိပေးတဲ့ဓလေ့ ရှိပါတယ်။ ဒါ့ကြောင့် ခေါင်းလောင်းလေးတွေကို ခရစ္စမတ်အလှဆင်ကြတာဖြစ်ပါတယ်။

 

တုတ်ကောက်ချိုချဉ် (Candy Cane)


စင်္ကာပူနိုင်ငံ၊ Orchard လမ်းမှ ခရစ္စမတ်တုတ်ကောက်ချိုချဉ်များ (Candy Cane) နှင့် အမှတ်တရ

            ခရစ္စမတ်ရဲ့ မပါမပြီးတဲ့အထဲမှာ တုတ်ကောက်ချိုချဉ်လဲ ပါဝင်ပါတယ်။ သူ့ကို Candy Cane လို့လဲ ခေါ်သလို ပူဒီနာရွက်တစ်မျိုးနဲ့လုပ်လို့ Peppermint Candy ၊ သူတော်စင် နီကိုလတ်စ်ရဲ့ လမ်းညွှန်မှုနဲ့လုပ်လို့ Sants's Cane စသဖြင့် ခေါ်ကြပါတယ်။ တုတ်ကောက်ချိုချဉ်ဟာ ခရစ္စမတ်အတွက် အရေးပါတဲ့အရာဖြစ်ပြီး ဘုရားသခင်ရဲ့ သွေးနဲ့ သန့်ရှင်းသောဝိဉာဉ်တော်ကို ကိုယ်စားပြုတဲ့ အနီရောင်နဲ့အဖြူရောင်ကို အသုံးများ ပါတယ်။ တစ်ခါတလေမှာ အစိမ်းရောင်နဲ့ တစ်ခြားအရောင်စုံလဲ ပါဝင်တတ်ပါတယ်။

 

ဖယောင်းတိုင် (Christmas Candle and Light)

ခရစ္စမတ်ဖယောင်းတိုင်

            ခရစ္စမတ် တနင်္ဂနွေလေးပတ်ကာလအတွင်း  ပထမပတ်မှာ အာပတ်ဖြေခြင်းတွက် ခရမ်းရောင် ဖယောင်းတိုင်၊ နောက်တနင်္ဂနွေမှာ ပျော်ရွှင်ခြင်းအတွက် ပန်းရောင်ဖယောင်းတိုင်၊ ခရစ္စမတ်နေ့မှာ သန့်ရှင်းသောဝိဉာဉ်တော်အတွက် အဖြူရောင်ဖယောင်းတိုင်ကို ထွန်းညှိခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ဖယောင်းတိုင်တွေအပြင် ရောင်စုံလျှပ်စစ်မီးတွေပါ ထွန်းညှိလာခဲ့ကြပါတယ်။ ဖယောင်းတိုင်ထွန်းညှိခြင်းဟာ ခရစ်ယာန်အယူအရ ခရစ်တော်ဟာ ကမ္ဘာရဲ့အလင်းရောင်ကိုယ်စားပြုခြင်းကြောင့်လို့ သိရပါတယ်။

           

            ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးပေါ်မှာ လူမျိုး၊ ဘာသာတွေ  မတူကွဲပြားနေကြပေမဲ့ ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ စည်းလုံးမှုတွေနဲ့ ပွဲလမ်းသဘင်တွေကျင်းပနေတာကတော့ မင်္ဂလာရှိလှပါတယ်။ ကောင်းမွန်တဲ့ နိမိတ်နဲ့ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်ရာသီမှာ ကမ္ဘာသူကမ္ဘာသားအားလုံး မြူနှင်းလိုဖြူစင်အေးမြကြပါစေလို့ ဆုတောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၂၀၁၆၊ ဒီဇင်ဘာ

The CHIC မဂ္ဂဇင်း

Comments