၆၃၊ ခြေကျင် နဲ့ ခြေလျင် ဘယ်ဟာအမှန်လဲ

 

            ခြေကျင်လျှောက်၊ ခြေလျင်တပ်၊ ခြေလျင်အမှုထမ်း စတဲ့စကားလုံးတွေရှိပါတယ်။ လမ်းလျှောက်သွား တာချင်းအတူတူ ‘ကျင်’ နဲ့ ‘လျင်’ နှစ်မျိုးဖြစ်နေတယ်။  ဘယ်ဟာမှန်ပါသလဲ။ နှစ်ခုလုံး သူ့နေရာနဲ့သူ မှန်ပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ချင်းကွဲပြားပါတယ်။

 

ခြေကျင်

            ‘ခြေကျင်’ ကိုအသံထွက်တဲ့အခါ ‘ခြေဂျင်၊ ချီဂျင်’ နှစ်မျိုးထွက်နိုင်ပါတယ်။ ယာဉ်မသုံးဘဲ ခြေထောက် သတ်သတ်နဲ့သွားတာကို ဆိုလိုပါတယ်။ လမ်းလျှောက်တာကို ‘ခြေကျင်’ လို့ရေးရပါတယ်။ (ဒီနေရာမှာ ‘ခြေထောက်ထုံကျဉ်တယ်’ လို့အဓိပ္ပာယ်ရတဲ့ ‘ခြေကျဉ်’ နဲ့မရောထွေးဖို့ မှတ်ထားပါအုံး။)

 

ခြေလျင်

            ‘ခြေလျင်’ ကို ‘ခြေလယင်’ လို့ အသံထွက်ပါတယ်။ ‘ခြေ’ ဆိုတာခြေထောက်၊ ‘လျင်’ ဆိုတာ လျင်မြန် တာပါ။ ဘုရင့်ခေတ်တုန်းက တစ်နေရာနဲ့တစ်နေရာ အရေးတကြီးစေလွှတ်ဖို့ ခရီးသွားလျင်မြန်သူကို ခြေလျင်တော်၊ ခြေမြန်တော်များအဖြစ် သတ်သတ်ခန့်ထားလေ့ရှိပါတယ်။ ဒီစကားလုံးကိုစွဲပြီး ခြေလျင်တပ်၊ ခြေမြန်တပ် ဆိုတဲ့အခေါ်အဝေါ်တွေ ပေါ်ပေါက်လာပါတယ်။

 

ခြေကျင် နဲ့ ခြေလျင် မှန်ကန်အောင်ခွဲခြားသုံးပါ။      

လမ်းလျှောက်တာကို ‘ခြေကျင်’ လို့သုံးမှမှန်ပါတယ်။ ဒါကိုတချို့က ‘ခြေလျင်’ လို့ပါ ရောထွေးသုံးလာ ကြတယ်။ ဒါ့ကြောင့် အဲလိုသုံးတတ်ကြောင်း အဘိဓာန်က မှတ်ချက်ပြုထားပါတယ်။ ဘာပဲဖြစ်ဖြစ် မူလအမှန်တရားကိုသာသုံးပါ။ ‘လမ်းလျှောက်ခြေကျင်’ ၊ ‘မြန်ဆန်ခြေလျင်’ လို့ မှတ်ထားနိုင်ကြပါတယ်။

 

ကောလိယ ဝေယံမောင်မောင်

၂၈.၁၂.၂၀၂၂

#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင်

Comments