ကျွန်ုပ်လက်ရာ ၅၀၊ ဆိတ်သားနှပ်

        

           ဆိတ်သားကို အင်္ဂလိပ်လို (Mutton) လို့မခေါ်ဘူးဆိုတာတွေ့ရတယ်။ တောင်အာရှနဲ့ ခရစ်ဘီယမ်မှာ Mutton လို့သုံးတတ်ပေမဲ့ တကယ်တမ်းက သိုးသားကိုမှ Mutton လို့ခေါ်တာပါ။ ဒါဖြင့် ဘယ်လိုခေါ်လဲဆိုတော့ Goat Meat ဆိုတဲ့ဆိတ်သားကို Goat လို့အရိုးဆုံးခေါ်သတဲ့။ ဗန်းစကားနဲ့ Chevon လို့ခေါ်ပြီး ဆိတ်ငယ်သားကို Capretto လို့ခေါ်တယ်။ ဒါက ဆိတ်စကားပြောပြတာပါ။

            ဆိတ်သားချက်ရင် မွှေးဖို့အိဖို့ အဓိကပဲ။ ဒါ့ကြောင့် ချက်သူပြုတ်သူတွေ အမျိုးမျိုးလက်စွမ်းပြတာပေါ့။ အထူးသဖြင့် ညှီတယ်၊ညှီတယ်ဆိုပြီး အညှီနံ့ပျောက်အောင် သံပရာသီးနဲ့ဆေးတာမျိုးတွေလုပ်ကြတယ်။ အိအောင်ဆိုပြီး နူးနည်းနပ်နည်းသုံးကြတယ်။ ကျွန်တော်အတွက်တော့ ဆိတ်ညှီနံ့ပျောက်ဖို့ လုံးဝမခက်ပါဘူး။ ဒါ့ကြောင့် ပုံမှန်လောက်ပဲဆေးကြောပြီး နှပ်ပြီးမှချက်ပါတယ်။ အခုပြတဲ့နည်းကတော့ အလွယ်နှပ်ဖြစ်ပြီး အိန္ဒိယနှပ်ကြီး မဟုတ်ပါဘူး။

ဆိတ်သား

ဟင်းခတ်အမယ်စုံ

ကြက်သွန်ဖြူ

ကြက်သွန်နီ

အရောင်တင်မှုန့်

နနွင်းမှုန့်

ဆီ

ဆား

            ဆိတ်သားကို ရေစင်စင်ဆေးပြီးစစ်ထားတယ်။ ပြီးရင် မဆလာကြိတ်တဲ့ ဟင်းခတ်အမယ်စုံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ဆီ၊ ဆားတို့နဲ့ နာရီအတော်ကြာနှပ်ထားပါတယ်။ Marinate လုပ်တယ်ခေါ်တာပေါ့။ ကြာကြာနှပ်တော့ အနံ့နဲ့အရသာတွေ ဆိတ်သားထဲကိုအတော်စွဲတယ်။ ချက်တဲ့အခါလဲ နပ်လွယ်တယ်။ အခုပုံစံကတော့ လုံးချက်ပါ။ ဆီသတ်ဖို့မလိုတော့ဘူး။ မီးကျီးခဲနဲ့နှပ်ရင် ပိုပြီးကောင်းတယ်။ မီးဖိုပေါ်မှာ ကြက်သွန်တွေအိသွားတဲ့ထိမွှေပြီးရင် ရေမြုပ်ရုံထည့် နှပ်ပါတယ်။ အိုးပြည့် ရေမထည့်ရပါဘူး။ ရေနွေးထည့်လဲကောင်းပါတယ်။ ဒီလိုနဲ့ မနူးသရွေ့ရေထည့်ပြီး နူးတဲ့အခါ ချလိုက်ရင် လွယ်လွယ်ကူကူ ဆိတ်သားနှပ်ရပါပြီ။ 

 

ကောလိယ ဝေယံမောင်မောင်

၄.၁၂.၂၀၂၂


#ကျွန်ုပ်လက်ရာ

#ကောလိယဝေယံမောင်မောင်






Comments