နတ်တော်လ၏ ပုံရိပ်လွှာများ

ကောလိယ ဝေယံမောင်မောင်

ဆယ့်နှစ်လရာသီအလီလီတို့သည် လအလိုက် မတူထူးခြားသောအဓိပ္ပာယ်များ ဆောင်ကြဉ်းကြသည်။ ထို့အတူ နတ်တော်လသည်လည်း ထူးခြားချက်ရှိသည်။ ယင်းမှာ စာပေပညာရှင်များကို ဂုဏ်ပြုသည့်လ ဖြစ်ခြင်းပင် ဖြစ်သည်။



နက္ခတ်အရ နတ်တော်လ

မြန်မာတို့၏ တစ်ဆယ့်နှစ်လသော ရာသီများအနက် နတ်တော်လသည် န၀မမြောက်လဖြစ်သည်။ ရာသီခွင်အရ ဓနုရာသီဖြစ်သည်။ ဆောင်းရာသီ၌ပါ၀င်ပြီး စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ်ဖြစ်သည်။ ဓနုရာသီ သည် လေးဆွဲသောယောက်ျားတို့ နှစ်သက်သောရာသီ၊ ၎င်းယောက်ျားနှင့် အဆင်းတူသောရာသီဟုဆိုသည်။ ရာသီရုပ်သည် အရှေ့ပိုင်းက လေးဆွဲသောယောက်ျား၊ အနောက်ပိုင်းက မြင်းခြေတို့ဖြစ်သည်။
ရာသီပန်းမှာ သဇင်ပန်းဖြစ်သည်။ ရုက္ခဗေဒတွင် Bulbophyllum Auricomum ဟုခေါ်သည့် မြန်မာ့တော်၀င်သ ဇင်သည် မြန်မာနိုင်ငံတွင်သာ အထင်ကရရှိပြီး အဓိကအားဖြင့် နတ်တော်လအတွင်း ပွင့်လန်းလေ့ရှိသည်။ ဆောင်းရာသီ၌ ဂမုန်းသဇင်ခေါ် တော်ဝင်သဇင်သည်လည်းကောင်း၊ ဂေါ်သဇင်ခေါ် ပင်ခြေခြုံတက်နွယ် သဇင်သည်လည်းကောင်း ပွင့်ကြသည်။

 

နတ်တော်လ၏ရာသီပန်း - သဇင်ပန်း (Bulbophyllum Auricomum)

နတ်တော်လနှင့် ဝေါဟာရ

ပုဂံခေတ်ကျောက်စာများ၌ နတ်တော်လကို နတ္တာဝ်၊ နတ်တာဝ်၊ နတ္တဝ်၊ နတ်တဝ် စသည်ဖြင့် တွေ့ရ သည်။ နတ်တော်လ၏အဓိပ္ပာယ်ကို ဝေါဟာရလီနတ္ထဒီပနီ၌ “ထိုနတ်တော်လကား ကမ္ဘာဦးကာလ နတ်ပူဇော် ပသကြသည်ကိုစွဲ၍ နတ်တော်လဟု မြန်မာဘာသာခေါ်ဝေါ်ကြသည် ယူရမည်" ဟုဖော်ပြထားသည်။

ပုဂံကျောက်စာတို့တည်တံ့ရာပုဂံမြို့ဟောင်း


နတ်တော်လတွင် ကိုးကွယ်ခဲ့ကြသောနတ်

ရှေးဘုရင်များထံပါးတွင်ခစားသော ဗြဟ္မဏပုဏ္ဏားတို့သည် ၎င်းတို့ယုံကြည်ကိုးကွယ်မှုများကို နန်းတော်တွင်း၌ ပျံ့နှံ့စေခဲ့သည်။ ဘုရင်များကလည်း မြှောက်စားကြသဖြင့် လောကအရေး၊ တရားရေး၊ ဘုရင့် အရေး၊ နိုင်ငံ့အရေး စသည်တို့တွင် ပါ၀င်နေရာယူခဲ့ကြသည်။ ထိုလူမျိုးတို့က မင်းအဆက်ဆက်ပါ၀င်ပတ်သက် ခဲ့ကြသဖြင့် ထေရဝါဒဗုဒ္ဓဘာသာတွင် ဗြဟ္မဏဝါဒများ ယှက်သွယ်လာခဲ့ရသည်။ ဗုဒ္ဓကိုးကွယ်မှုများတွင်လည်း ဟိန္ဒူကိုးကွယ်မှုများ ပါ၀င်လာခဲ့သည်။ စင်စစ်မှာ ထေရဝါဒစစ်စစ်လုံး၀မဟုတ်ချေ။

ရာဇမတ္တဏ်ကျမ်းအလိုအရ တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာအရပ်တွင်တည်စဉ် ကြတ္တိကာနက္ခတ်၌ မဟာပိန္နဲနတ်ကို ပသကြသည်။ ယင်းသို့ နတ်ပူဇော်ရာလဖြစ်သောကြောင့် “နတ်လ”ဟုလည်း ခေါ်ခဲ့ကြသည်။ တရားကို တရားတော်၊ သံဃာကို သံဃာတော် စသည်ဖြင့်ခေါ်ကြသကဲ့သို့ နတ်လကိုလည်း နတ်တော်လဟု ခေါ်ရာမှ နတ်တော်လဖြစ်လာသည်ဟု ဆိုသည်။

မဟာပိန္နဲကိုအင်္ဂလိပ်ဘာသာဖြင့် Ganesha ဟုခေါ်သည်။ ဟိန္ဒူအလိုရ မဟာဝိနာယကနတ် ဖြစ်သည်။ မြန်မာစာ၌ ‘ဝ’ ကို ‘ဗ’ အဖြစ်ပြောင်းလဲသဖြင့် ‘ဗိနာယက’ ဖြစ်လာသည်။ ၎င်းမှ ‘ပိန္နဲ’ ဖြစ်လာပြီး မြန်မာတို့က ‘မဟာပိန္နဲနတ်’ ဟုခေါ်တွင်သည်။ မဟာပိန္နဲသည် ပရမီသွာ (ခ) သီဝနတ်ဘုရားနှင့် ဥမ္မာဒေဝီ (ခ) ကာလီမယ်တော်တို့၏ သားငယ်ဖြစ်သည်။ ဖခင်နတ်ဘုရားနှင့် တစ်ထေရာတည်းတူသဖြင့် လည်ပင်း၌ ဆည်းလည်းဆွဲထားရသည် ဆိုသည်။ မဟာပိန္နဲအထက်တွင် အစ်ကိုလည်းရှိသည်။ မဟာပိန္နဲသည် သတ္တိအလွန် ကောင်းသဖြင့် ပါဠိဘာသာဖြင့် ‘သတ္တိရေ’ ဟုလည်းခေါ်သည်။ အသူရာတို့စစ်တိုက်လာရာ မဟာပိန္နဲက ဦးဆောင်တိုက်၍ အသူရာများအရေးနိမ့်သည်။

ထို့ကြောင့် ခမည်းတော် ပရမီသွာက လိုရာဆုတောင်းစေရာ လောက၌လှုပ်ရှားသွားလာခြင်းအားလုံး ပင်ပန်းဆင်းရဲသဖြင့် တစ်ကမ္ဘာပတ်လုံး အိပ်စက်လိုသည့်ဆုတောင်းသည်။ မဟာပိန္နဲအစ်ကိုက တစ်သက်လုံး အိပ်ခြင်းသည် သေခြင်းနှင့်တူ၍ လောကကောင်းကျိုး မသယ်ပိုးနိုင်သဖြင့် ခြောက်လအိပ်၊ ခြောက်လနိုးရန် ဝင် ၍လျှောက်ထားသည်။ ထိုအချိန်မှစ၍ မဟာပိန္နဲသည် ဝါဆိုလမှစအိပ်သဖြင့် ဝါဆိုလကို နတ်စက်လ၊ နတ်လျောင်းလဟုခေါ်ပြီး နတ်တော်လကို နတ်နိုးလဟုခေါ်သည်။ ထိုလ၌ မဟာပိန္နဲနတ်ကိုပူဇော်ကြ၍ နတ်တော်လ ဖြစ်လာသည်။

မဟာပိန္နဲနတ်ကို မူလက အိန္ဒိယတွင်သာ ကိုးကွယ်ကြသည်။ ၎င်းမတိုင်မီက မြန်မာနိုင်ငံတွင် အိမ်တွင်း မင်းမဟာဂီရိ စသည်ကို မြန်မာတို့ကိုးကွယ်ပခဲ့ကြသည်။ နတ်ပသရင်း သောက်စားမူးယစ်သဖြင့် အစိုးရမှ သက် သတ်လွတ်ပသမှုဖြစ်စေရန် မဟာပိန္နဲနတ်ပွဲစတင်ကျင်းပရာမှ မြန်မာပြည်တွင် မဟာပိန္နဲနတ် ပေါ်ပေါက်ခဲ့ရ သည်။ မဟာပိန္နဲသည်အသတ်မစားသဖြင့် ၎င်းကိုသတ်သတ်လွတ်သာတင်ရသည်။

ဟိန္ဒူဘာသာမှပျံ့နှံ့လာသော မဟာပိန္နဲ (Ganesha)


 

နတ်ကိုးကွယ်သည့်လမှသည် စာဆိုတော်များ၏လဖြစ်လာပုံ

ခေတ်ကာလများ ပြောင်းလဲလာပြီးနောက် ကုန်းဘောင်မင်းဆက်၏ ဆဋ္ဌမမြောက်မင်းဖြစ်သော ရတနာပူရ အင်း၀နှင့် အမရပူရနန်းတည် ဗဒုံမင်း (ခ) ဘိုးတော်ဘုရား (ခ) ဘိုးတော်ဦးဝိုင်း က ထေရဝါဒဗုဒ္ဓ ဘာသာသန့်ရှင်းရေး ဆောင်ရွက်ခဲ့သဖြင့် ဗြဟ္မဏအယူများကွယ်ပခဲ့သည်။ ပုဏ္ဏားများသည်လည်း ဗေဒင် ပညာရှင်၊ ဟူးရားဖြူ၊ ဟူးရားညို စသည့်နေရာများကိုသာ ပေးအပ်ခံခဲ့ရတော့သည်။ ထို့ကြောင့် ယနေ့၌လည်း ပုဏ္ဏားဗေဒင်ပညာရှင်တို့ကို တွေ့မြင်ရခြင်းဖြစ်သည်။ ထိုအချိန်မှစတင်ကာ နတ်ပူဇော်သောလမှ မြန်မာ့စာဆို တော်များကို အားပေးချီးမြှောက်သည့် နတ်တော်လဖြစ်လာသည်။ အင်းဝခေတ်သည် မြန်မာ့ယဉ်ကျေးမှု၊ စာပေတို့ အလွန်ထွန်းကားသော ခေတ်ဖြစ်သည်။ အထူးသဖြင့် သက္ကရာဇ် (၈၄၂)ခုတွင်နန်းတက်၍ (၂၁) နှစ်ကြာ နန်းစံတော်မူခဲ့သော အင်းဝဘုရင် ဒုတိယမင်းခေါင်သည် စာဆိုတော်များကို အားပေးချီးမြှောက်သည်။ ဥပမာ လောကသာရပျို့ကိုရေးတော်မူသော ကန်တော်မင်းကျောင်း ဆရာတော်သည် ဒုတိယမင်းခေါင်၏ ဆရာတော်ဖြစ်သည်။

 

စာအညီ ရာသီ

ဆယ့်နှစ်လရာသီမိုးအနက် နတ်တော်လတွင်မိုးရွာလျှင် ဆင်ခြေရာပျောက်ရုံမျှသာရွာသဖြင့် “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဟုဖွဲ့ဆိုသည်။ မြန်မာ့ဆိုရိုးစကားစာအုပ်၌ “နတ်တော်လသို့ ရောက်လျှင် ဆင်ခြေရာပျောက်ရုံရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်” ဟုဖွင့်ဆိုထားသည်။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၌ “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီး” ဟူ၍ဖော်ပြထားပြီး “နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့် အဖျားအနာများ၍ နတ်များကိုသော်မှ ဆီကြော်မုန့်အစား ဓားလှီးမုန့်နှင့်တင်ရသည် ဆိုလိုသည်” ဟူ၍ ရှင်းလင်းထားသည်။ ဆင်ရာတိမ်မိုးကို “ဆင်ရာတိမ်၊ ရာတိမ်နတ်၊ ရာဆင်တိမ်၊ ရာတိမ်မိုး၊ ရာတိမ်၊ ဆင်ရာထင်” စသည်ဖြင့်လည်း ကာရံအပြောင်းအလဲ မူကွဲများဖြင့် ရေးခဲ့ကြသည်လည်းရှိသည်။

ရာသီဘာဝနှင့်ပတ်သက်၍ ရှေးစာဆိုကြီးများက မှတ်တမ်းပြုစပ်ဆိုခဲ့ကြသည်။ စာဆိုတော် နဝဒေး၏ ‘ဖြူးလေပြည်ဖျန်းစလေ’ချီ နတ်တော်လဘွဲ့လူးတားတွင် “ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်ပွဲသဘင်” ဟု စပ်ဆိုထားသည်။

စာဆိုအမတ်ကြီး လက်ဝဲသုန္ဒရ၏ မိုးဘွဲ့ပိုဒ်စုံရတုတစ်ပုဒ်၏ ပထမပိုဒ်တွင် “နတ်ပန်းဝေမိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံဖွဲ၏၊ သွန်းမြဲဟန်မှာ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ မကြိုးမထစ်၊ မဟစ်မဝင့်၊ မရင့်မမြည်၊ ဆော်စည်မရွမ်း၊ ရာစတမ်းကို၊ ဆင်လှမ်းရာတိမ်၊ ခုတစ်ကြိမ်မူ၊ တောင်လိမ်မြောက်ကွေ့၊ မိုးသားရွေ့လျက်” ဟုရာသီသရုပ်ကို ဖော်ကျူးထားသည်။

ဦးယာ၏ နတ်တော်လဘွဲ့လူးတားတွင်လည်း “စက်နေသင်္ချာ၊ ရာသီဓနု၊ တွက်စုငါးသောင်း၊ သိန်းပေါင်းနှစ်လီ၊ ရာသီသည်တွင်၊ ဆင်ရာတိမ်ခိုး၊ ရွာရိုးမက၊ ချမ်းစလေ” ဟု အစချီထားပြီး “သဇင့်တည့်ဂမုန်း ချိန်ပွင့်တုန်း၊ မိုးချုန်းဆင်ရာတိမ်၊ ကြိမ်ကြိမ်တည့်အုံ့မှိုင်း၊ ရှစ်ရပ်ဆိုင်း၊ ပင်တိုင်းလမ်းစီစီ၊ တိမ်နီတည့်တိမ်ပန်း တိမ်ခရမ်း” ဟု အဆုံးသတ်ဖွဲ့ဆိုထားသည်။

ဝက်မစွတ်၀န်ထောက်မင်း၏ နတ်တော်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်တွင် “ထက်ခွင်ယှက် ဆင်သက် တင်သားမှာ၊ ငှက်ခါးတောင်လဲ့ မင်ပြာမှိန်၊ ကွက်ကျားမှောင်တွဲ့ ယှဉ်ကာလိမ်သည်၊ မိုးဆင်ရာတိမ် ကြိမ်သဖြင့်” ဟု စပ်ဆိုထားသည်။

လူ ဦးမင်း၏ မြိုင်ခပင်းငယ်မ ချီနတ်တော်လဘွဲ့လေးချိုးတွင် “ချစ်သံကြင်နာ၊ ရွှေဟင်္သာလည်း၊ မာဂဓာလှယ်၊ သွယ်ဥပါယ်နှင့်၊ ပရိယာယ်ဥာဏ်၊ လူနှယ်သာဖန်တုန်းမှ၊ စံသွေညွန့်ဂီရိန်မှာ၊ ရာဆင်တိမ်ညို စကောင်းပါဘု၊ ဆောင်းဦးဟေမ” ဟု ဖွဲ့ဆိုထားသည်။

မြန်မာ့စာပေကို ဤအက္ခရာများဖြင့် ရေးသားခဲ့ကြသည်။

စာဆိုတော်နေ့

“စာဆိုတော်” ဟူသည်ကို ပါဠိ၊ အဘိဓာန်ကျမ်းများ၌ “ထုထိပါဌက” ဟူ၍လည်းကောင်း၊ “ဝန္ဒီ” ဟူ၍ လည်းကောင်း ပြဆိုသည်။ “ချီးကျူးရွတ်ဆိုသူ” ဟူသောအဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဘုန်းတော်ဘွဲ့များ ချီးကျူး ရွတ်ဆိုသူကို “စာဆိုတော်” ဟုခေါ်ခဲ့သည်။

နတ်တော်လသည် နတ်ကိုးကွယ်ပသသည့်လမှ စာဆိုတော်များကို အားပေးချီးမြှောက်သည့်လ ဖြစ်လာသည့်အလျောက် ရှေးမြန်မာမင်းများက စာဆိုတော်ကြီးများကို ဤလတွင် ဆုများကို ဂုဏ်ပြုအပ်နှင်း ခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်က စာဆိုပညာရှင်များအတွက် နေ့ကြီးတစ်နေ့ ရှိသင့်သည်ကို စာရေးဆရာကြီးများက အဆိုပြုခဲ့ကြဖူးသည်။ သို့ဖြစ်၍ စာဆိုတော်များအတွက် အထိမ်းအမှတ် ဂုဏ်ပြုနေ့ကျင်းပရန် အကောင်အထည်ဖော်ကြပြီး နှစ်စဉ် နတ်တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့ဟု သတ်မှတ်ရန် မြန်မာ့စာရေးဆရာကြီးများ တညီတညွတ်တည်း ထောက်ခံဆုံးဖြတ်ခဲ့ကြရာမှ စာဆိုတော်နေ့ စတင်ပေါ်ပေါက်လာသည်။

စာဆိုတော်နေ့ကျင်းရေးအတွက် (၁၃၀၆)ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက်၊ တနင်္လာနေ့၊ ညနေ(၃) နာရီက ပညာရေးဝန်ကြီး ဦးလှမင်း၏ အစည်းအဝေးခန်းမ၌ စုဝေးဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေး တက်ရောက်သူများမှာ ဝန်ကြီးဦးလှမင်း၊ ဦးဖေမောင်တင်၊ ဦးကောင်း၊ ဇော်ဂျီ (ဦးသိန်းဟန်)၊ သူကြီးဂေဇက် ဦးခင်မောင်၊ စာရေးဆရာအသင်း ဥက္ကဋ္ဌဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ စာရေးဆရာအသင်း အမှုဆောင် ဦးဟိန် စသူတို့ဖြစ်သည်။ ထို့နောက် (၁၃၀၆)ခု၊ နတ်တော်လဆန်း(၁)ရက်၌ ပထမဆုံး စာဆိုတော်နေ့ကို စတင်ကျင်းပခဲ့ကြသည်။

တိုင်းပြည် လွတ်လပ်ရေးမရမီ ကတည်းကပင် စာဆိုတော်နေ့ဖြစ်လာပုံနှင့် ကျင်းပပုံကိုစာဆို တော်နေ့ ဖြစ်မြောက်ရေး ကြိုးပမ်းသူတစ်ဦးဖြစ်သော စာရေးဆရာအသင်းအမှုဆောင် ဦးဟိန်က (၁၃၀၉)ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်တွင် အသံလွှင့်ဟောပြောခဲ့သည်။ ထိုဟောပြောသည့်ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာရန် (၅၁)ရက်အလိုက ဖြစ်သည်။ စာဆိုတော်နေ့ကို နတ်တော်လဆန်း (၁) ရက်နေ့သတ် မှတ်ရန် ဂျာနယ်ကျော်ဦးချစ်မောင်က အကြံပေးခဲ့ပြီး (နောင်သံတော်ဆင့်သတင်းစာ တည်ထောင်မည့်) ဦးသိမ်းမောင်က ထောက်ခံခဲ့သည်။

ပထမဆုံးစာဆိုတော်နေ့တွင် ဦးပုည၏ ဝိဇယပြဇာတ်ကို စာရေးဆရာများကိုယ်တိုင် အသုံးတော်ခံ ခဲ့ကြပြီး ညနေပိုင်း၌ နိုင်ငံတော်အသံလွှင့်ဌာနက စာဆိုတော်နေ့အကြောင်း အသံလွှင့်ခဲ့သည်။ စာဆိုတော်နေ့ ဖြစ်မြောက်ရေးအတွက် နိုင်ငံတော်က ဂျပန်ငွေ(၁၅၀၀၀)ကျပ် ထုတ်ပေးခဲ့သည်။ ပြဇာတ်မကြည့်လိုက်ရ သူများ ဆူပူတောင်းဆိုခြင်း၊ အသင်းရံပုံငွေလိုအပ်ခြင်းကြောင့် စာရေးဆရာအသင်းက ဝိဇယပြဇာတ်ကို ကန်တော်ကြီးစောင်းရှိ မြိုင်ရုံတွင်ကပြရာ နိုင်ငံတော်၀န်ကြီးချုပ်သခင်နုနှင့် အခြားဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။ ဝိဇယမင်းသားအဖြစ် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၊ မယ်ကု၀ဏ်အဖြစ် မထွေးတို့ သရုပ်ဆောင်ကပြပြီး ပရိသတ်များ မျက်ရည်လည်ခဲ့ကြသည်။ ဖက်ဆက်ဂျပန်ဘီဘူးများကို ဝိဇယပြဇာတ်ဖြင့် ရည်ညွှန်းကပြသဖြင့် ဂျပန်တို့ဒေါပွခဲ့ရသည်။

ဒုတိယစာဆိုတော်နေ့ကြီးကို စာရေးဆရာအသင်းကပင် ကြီးမှူးကျင်းပခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့ တစ်ကျော့ပြန်ဝင်ချိန်ဖြစ်သည်။ စာရေးဆရာ ဇဝနက ဦးပေါ်ဦးလုပ်၍ ဦးပေါ်ဦးပြဇာတ် ကပြခဲ့သည်။ စာရေးဆရာအသင်းအမှုဆောင် ဦးဟိန်က အခန်းတစ်ခုတွင် အချုပ်တန်းဆရာဖေအဖြစ် သရုပ်ဆောင်ခဲ့သည်။

တတိယစာဆိုတော်နေ့တွင် ဝိဇယပြဇာတ်ကို အများဆန္ဒအရပြန်လည်ကပြပြီး မင်းသားအဖြစ် ဦးသုခ၊ မယ်ကု၀ဏ်အဖြစ် မေသန်းက သရုပ်ဆောင်ခဲ့သည်။ ထိုနေ့တွင် ဦးဒုတ်ဦးဘချိုမိန့်ခွန်းပြောကြားပြီးနောက် များမကြာမီ အာဇာနည်နေ့လုပ်ကြံခံရမှုတွင် အနိစ္စရောက်ခဲ့ရှာသည်။

စတုတ္ထစာဆိုတော်နေ့ကို ကန်တော်ကြီးစောင်းရှိ မြိုင်ရုံတွင် မွန်းလွဲ(၁)နာရီခွဲမှ စတင်ဖျော်ဖြေသည်။ ဝန်ကြီးချုပ်ဦးနုက ငွေ(၅ဝဝဝ)ပါ၀င်ကူညီသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ပရိသတ်အလယ် စင်မြင့် ထက်တွင် ဗန်ကောက်ပုဆိုး၊ ပိုးပုဝါတို့နှင့် ရှိခိုးကန်တော့ခဲ့ကြသည်။ ဖျော်ဖြေရေးကို သုံးပိုင်းခွဲတင်ဆက်သည်။

ပထမအစီအစဉ်မှာ မြ၀တီမင်းကြီးဦးစ ထူးမခြားနားသီချင်းခံရေးဖြစ်ပုံ တင်ဆက်သည်။ ဒဂုံပ ဦးဘတင်က မြ၀တီမင်းကြီးဦးစ၊ ဒဂုံလွန်းက ငမှုန်အဖြစ်ကပြသည်။ ဒုတိယအစီအစဉ်မှာ အနန္တသူရိယ အမတ်ကြီး မျက်ဖြေလင်္ကာရေးရပုံဖြစ်သည်။ စာရေးဆရာအသင်းအမှုဆောင် ဦးဟိန်က အနန္တသူရိယ အမတ်ကြီးအဖြစ်၊ မဟာဆွေ၊ ဒဂုံရွှေမြား၊ စံလှထွန်း၊ တောသား စသော စာရေးဆရာကြီးများက ဝန်ကြီးများ အဖြစ်၊ ရွှေပိန်သောင်းက နရပတိစည်သူမင်းကြီးအဖြစ်၊ ခင်မျိုးချစ်က ဝေဠုဝတီမိဖုရားအဖြစ်၊ သဇင်မြင့်က မြို့ဝန်အဖြစ် ပါ၀င်သည်။ တတိယအစီအစဉ်မှာ မဖော့အူ၏နှစ်လင်ပေါ်အမှုအခင်းကို ခုံမင်းမောင်ကျဘန်းက ဆန်းဆန်းကျယ်ကျယ်ဆုံးဖြတ်ပုံ ဟာသဇာတ်လမ်းဖြစ်သည်။ ဇဝနက ခုံတော်မောင်ကျဘန်း၊ ဦးသုခနှင့် ဒဂုံဆရာတင်က ရှေ့နေ၊ ရှေ့ရပ်များ၊ ရွှေညာမောင်က ဗိုလ်ရန်နိုင်၊ ရန်နိုင်စိန် က မောင်ပိုးဖြူ၊ မေသန်းက မဖေါ့အူအဖြစ် အသုံးတော်ခံခဲ့ကြသည်။

(၁၃ဝ၉)ခုနှစ်ထုတ် သံတော်ဆင့်သတင်းစာပါ စာဆိုတော်နေ့အကြောင်း

ရှေးခေတ်မန္တလေးစာဆိုတော်နေ့ပွဲမှ လူထုဒေါ်အမာ

စာဆိုတော်နေ့နှင့် အမျိုးသားစာပေဆု

မြန်မာနိုင်ငံ၏စာပေဆုများကို (၁၉၄၈)ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍အပ်နှင်းလာခဲ့သည်။ အမျိုးသားစာပေဆုပေးပွဲကျင်းပ၍ စာပေပညာရှင်များကို နတ်တော်လဆန်း(၁)ရက် စာဆိုတော်နေ့တိုင်း နှစ်စဉ်ချီးမြှင့်ခဲ့သည်။ (၂၀၀၁)ခုနှစ်မှစတင်၍ အမျိုးသားစာပေတစ်သက်တာဆုပါ အပ်နှင်းချီးမြှင့်ရာ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကို တစ်ပေါင်းတည်း ခမ်းနားစွာကျင်းပလျက်ရှိသည်။ (၂၀၁၃)ခုနှစ်မှစတင်၍ အမျိုးသားစာပေ တစ်သက်တာဆုကို စာပေပညာရှင်တစ်ဦးအစား သုံးဦးအထိ တိုးမြှင့်အပ်နှင်းခဲ့သည်။ အမျိုးသားစာပေဆုတွင် ဘာသာရပ်(၁၆)မျိုး နှင့် စာပေဗိမာန် စာမူဆုတွင် ဘာသာရပ် (၁၃)မျိုးကို အပ်နှင်းချီးမြှင့်သည်။

မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့က စာဆိုတော်နေ့၌ အသက်(၈ဝ)အထက် စာရေးဆရာကြီးများ အား ကန်တော့ကြသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်းကို (၁၉၃၇)ခုနှစ်က ရန်ကုန်အရှေ့ပိုင်း မက်သဒစ် ကျောင်းသင်တန်းတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌမှာ ဒီးဒုတ်ဦးဘချိုဖြစ်ပြီး ဒဂုန်နတ်ရှင်၊ သူရိယ ဦးသိန်းမောင်၊ မဟာဆွေ၊ သင်္ခါ၊ သိပ္ပံကျော်ထင် စသည့် စာရေးဆရာကြီးများ ပါ၀င်ပြီး စာရေးဆရာပေါင်း အယောက်လေးဆယ်ခန့် တက်ရောက်ခဲ့သည်ဟုသိရသည်။

အမျိုးသားစာပေဆုနှင်းသဘင်အခမ်းအနား၌ စာရေးဆရာ မောင်ခင်မင်ဓနုဖြူ (အငြိမ်းစား မြန်မာစာပါမောက္ခ ဒေါက်တာခင်အေး) ဆုလက်ခံယူစဉ်



မြန်မာ့ရိုးရာဆယ့်နှစ်လရာသီသည် နှစ်စဉ်အကြိမ်ကြိမ် ကျော့နေဦးမည်ဖြစ်သည်။ ထို့အတူ န၀မမြောက်လရောက်လျှင် နတ်တော်လသည်လည်း ပြန်လည်ကျရောက်မည်ဖြစ်သည်။ နှစ်များမည်သို့ပင် ပြောင်းလဲစေကာမူ နတ်တော်လ၏ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ထိန်းသိမ်းပြီး စာပေကဏ္ဍကို ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံသားတိုင်း တာ၀န်ရှိလှသည်။

 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၇၊ ဒီဇင်ဘာ

Comments