ကမ္ဘာကျော်ကြားဖက်ရှင်ဒီဇိုင်နာများ ၈၊ ဂျာ့နီ ဗဆာ့ချေ (Gianni Versace)

 ကောလိယ ဝေယံမောင်မောင် 

            နှင်းမြူအေးမြ ဒီဇင်ဘာလပါဗျာ။ နိုဝင်ဘာမှာတင်ဆက်ပေးခဲ့တာ CK တံဆိပ်ပဲ့ကိုင်ရှင် ခဲဗင်းခလိုင်း (Calvin Klein) အကြောင်းပါ။ ဒီလမှာတော့ ဒီဇင်ဘာလဖွား ကမ္ဘာကျော် ဗဆာ့ချေ (VERSACE) တံဆိပ်ဖခင်ကြီး ဂျာ့နီ ဗဆာ့ချေ (Gianni Versace) ရဲ့အကြောင်းကို တင်ဆက်ပေးပါမယ်ဗျာ။

            ဒီနေရာမှာ စကားစပ်မိလို့ တစ်ခုပြောပြချင်တာက Versace ဆိုတာ အင်္ဂလိပ်လို “ဗာစေ့စ်” လို့ အသံထွက်နေကြတာ မှားနေတယ်ဆိုတဲ့အကြောင်းပါ။ တကယ်တမ်းက အီတလီစကားလုံးဖြစ်တဲ့အတွက် အနီးစပ်ဆုံးက “ဗဆာ့ချေ” ဖြစ်ကြောင်းသိရပါတယ်။

 

ဖက်ရှင်ဒီဇိုင်နာ ဂျာ့နီ ဗဆာ့ချေ (Gianni Versace)




ဂရိမိစ္ဆာမ မဒဆာ၏ခေါင်းပုံစံ ဗဆာ့ချေ ဖက်ရှင်တံဆိပ်


ဘဝအစ

            ဒီဇိုင်နာကြီး ဂျာ့နီ ဗဆာ့ချေကို (၁၉၄၆)ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့က အီတလီနိုင်ငံတောင်ပိုင်း Reggio Calabria မြို့ကြီးမှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်ကတော့ Giovanni Maria Versace ဖြစ်ပါတယ်။ သူ့ရဲ့မွေးချင်းအစ်ကိုကြီးကတော့ Gianni Versace Spa ရဲ့ ဥက္ကဌ Santo Domenico Versace ဖြစ်ပြီး ညီမက ဖက်ရှင်ဒီဇိုင်နာလည်းဖြစ် ဗဆာ့ချေ (Versace) လုပ်ငန်းစုရဲ့ ဒုတိယဥက္ကဋ္ဌလဲဖြစ်တဲ့ Donatella Versace ပါ။ သူတို့မိခင်ကလဲ ဝတ်စုံဖန်တီးသူတစ်ဦးဖြစ်တဲ့အတွက် သားသမီးတွေမှာ ဖက်ရှင်ဗီဇတွေ ပါလာကြတာ ဖြစ်ပါတယ်။ ဖက်ရှင်လောကမှာ အီတလီပညာရှင်တွေများတယ်ဆိုတာ သူတို့မိသားစုက သာဓကတစ်ခုပါပဲ။

 

ဗဆာ့ချေတံဆိပ် အမျိုးသမီးဖက်ရှင်

ဖက်ရှင်ဒီဇိုင်နာဖြစ်လာပုံ

            ဂျာ့နီ ဗဆာ့ချေဟာ ငယ်စဉ်ကတည်းက ရှေးဂရိယဉ်ကျေးမှု လွှမ်းမိုးခြင်းနဲ့အတူ ကြီးပြင်းလာရသူ တစ်ဦးဖြစ်ပါတယ်။ မွေးဌာနီမှာလဲ ဂရိအပြင်အဆင်တွေနဲ့ တန်ဆာဆင်ထားတာတွေများလေတော့ သူ့ရဲ့ အနုပညာတီထွင်တီဆမှုတွေက ငယ်စဉ်ကတည်းက ဂန္ထဝင်ဆန်ခဲ့တာပါ။

            ပညာသင်တော့လဲ Liceo Classico Tommaso Campanella မှာ လက်တင်နဲ့ ရှေးဂရိပညာရပ်ကို ဆည်းပူးခဲ့ပါတယ်။ သူအားကျခဲ့ရတဲ့ (၁၉၆၀)ခုနှစ်များရဲ့ အမေရိကန်က နာမည်ကျော်အနုစိတ်ပုံဖော်မှု ပညာရှင် Andy Warhol ဟာ မြင်ဆရာတစ်ဆူဖြစ်ခဲ့ပါတယ်။

            အားကျရတဲ့ အနုပညာရှင်တွေ၊ အနုပညာရပ်တွေရှိနေတဲ့အပြင် မိခင်ဖြစ်သူရဲ့ အထည်ချုပ်လုပ်ငန်း မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တာမို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ ဝမ်းစာတွေပြည့်နေခဲ့တာအမှန်ပါ။ အဲဒါကြောင့်ပဲ သူက အမျိုးသမီးဝတ်စုံချုပ် ပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီဇိုင်းနဲ့ပတ်သက်ပြီး ဗိသုကာ ပညာရပ်ကို ထပ်မံသင်ယူခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ်မှာ အီတလီနိုင်ငံရဲ့မြို့တော် မီလန်ကိုရွှေ့ပြီး ဖက်ရှင်ဒီဇိုင်နာအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတော့တယ်။

ကျွန်တော်မှတ်တမ်းတင်ခဲ့သော စင်္ကာပူနိုင်ငံ ဗစာရှီဆိုင်အဝင်


အောင်မြင်မှု

(၁၉၇၃)ခုနှစ်မှာ ဂျာ့နီ ဗဆာ့ချေဟာ အီတလီဖက်ရှင်လုပ်ငန်း Genny ရဲ့ဒီဇိုင်နာအဖြစ် နာမည်ရနေခဲ့ ပြီဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး နှစ်စဉ်နဲ့အမျှ အောင်မြင်မှုတွေရခဲ့ပါတယ်။ Genny ကထုတ်တဲ့ အသစ်သစ်သော ဖက်ရှင်တွေမှာလဲ နာမည်ရခဲ့သလို သူ့ရဲ့ပထမဆုံးဖက်ရှင်ရှိုးပွဲကိုလဲ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ (၁၉၇၈)ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံးဖက်ရှင်ဆိုင်ကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 

ယနေ့ခေတ် ဗဆာ့ချေတံဆိပ် ဖက်ရှင်ပွဲတစ်ခု



ဗဆာ့ချေ (VERSACE) ဖက်ရှင်

            သူတည်ထောင်ခဲ့တဲ့ ဗဆာ့ချေဖက်ရှင်ဟာ ကမ္ဘာ့ထိပ်သီးဖက်ရှင် တံဆိပ်တွေစာရင်းမှာပါဝင်တဲ့ ဂန္ထဝင်မြောက်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ တံဆိပ်သင်္ကေတကိုက တကယ်ထူးခြားနေပါတယ်။ ရှေးဂရိ နတ်ဘုရားခေတ်က မဒူဆာလို့ခေါ်တဲ့ မိစ္ဆာမတစ်ဦးရှိပါတယ်။ သူ့ရဲ့ဆံပင်ဟာ မြွေတွေဖြစ်ပြီး သူ့မျက်နှာ ကြည့်ရှုမိသူအားလုံးကို ကျောက်ရုပ်အဖြစ်ပြောင်းလဲစေတဲ့အစွမ်းရှိပါတယ်။ ယနေ့တိုင် နာမည်လွှမ်းမိုးမှုရှိတဲ့ မိစ္ဆာမအကြောင်းကို ရုပ်ရှင်ကားတွေများစွာမှာလဲ တွေ့မြင်နိုင်ပါတယ်။

 

ဂရိမိစ္ဆာမ မဒူဆာ၏မြွေဆံပင်ခေါင်းသင်္ကေတ ဗဆာ့ချေတံဆိပ်


            ဂျာ့နီ ဗဆာ့ချေဟာ ဗဆာ့ချေတံဆိပ်ကို မဒူဆာရဲ့ခေါင်းကို ရွှေနဲ့သင်္ကေတပြုပြီး အမျိုးသား၊ အမျိုးသမီးဝတ် ဖက်ရှင်၊ မျက်မှန်၊ ရေမွှေး၊ အဆင်တန်ဆာတွေကို ကမ္ဘာ့ဖက်ရှင်လောကမှာ ထိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့်(၁)အမျိုးသားမော်ဒယ် ရှောင်အိုပရိုင်း (Sean O'Prey) နှင့် ဗဆာ့ချေဖက်ရှင်


            အမျိုးသားတွေအတွက်ဆိုရင်လဲ Suit တွေ၊ ဂျာကင်တွေထုတ်လုပ်ပြီး ဂရိဒီဇိုင်းအနားကွပ် အတွင်းခံ ဘောင်းဘီဟာ နာမည်ကြီးပါတယ်။ သူဖန်တီးတဲ့ဖက်ရှင်တွေရဲ့ ထူးခြားမှုကတော့ ဆန်းသစ်မှုတွေများစွာ ပါဝင်နေခြင်းပါ။


အမျိုးသားများနှစ်သက်ကြသော ဂရိဒီဇိုင်းအနားကွပ် အတွင်းခံ



            အမျိုးသမီးဖက်ရှင်တီထွင်မှုတွေကလဲ သူ့ကိုကမ္ဘာကျော်စေတဲ့အချက်တစ်ခုပါပဲ။ ကမ္ဘာ့ထိပ်သီး အမျိုးသမီးတစ်ဦးကို ချုပ်ပေးခဲ့တဲ့ဝတ်စုံတွေက ရေပန်းစားပါတယ်။ အဲဒါက အင်္ဂလန်နိုင်ငံ တော်ဝင်မင်းသမီး ဒိုင်ယာနာရဲ့ ဝတ်စုံများပဲဖြစ်ပါတယ်။

တော်ဝင်မင်းသမီးဒိုင်ယာနာ၏ ဗဆာ့ချေ (Versace) ဝတ်စုံ

    ဒိုင်ယာနာဝတ်ဆင်ခဲ့တဲ့အထဲမှာ ကျွန်တော်သဘောကျမိတဲ့ ဂျာ့နီ ဗဆာ့ချေရဲ့ လက်ရာနှစ်ခုက သရဖူဆောင်းပြီးဝတ်တဲ့ အဖြူရောင်ဝတ်စုံနဲ့ Brazzer မဂ္ဂဇင်းမျက်နှာဖုံးက စိမ်းပြာဖျော့စီးကွင့်ထိုးဝတ်စုံ တို့ဖြစ်ပါတယ်။ ဝတ်စုံတွေဟာ တန်ဖိုးကြီးမြင့်လှပြီး စိမ်းပြာဝတ်စုံကိုတော့ လေလံဆွဲရောင်းချခဲ့ပါတယ်။

သရုပ်ဆောင် Elizabeth Hurley အတွက်ဖန်တီးထားသော ရွှေအပ်ချိတ်များဖြင့်ဝတ်စုံနက်


            ဒါ့ပြင် ဂျာ့နီ ဗဆာ့ချေရဲ့ အကျော်ကြားဆုံးဖန်တီးမှုလို့ ပြောလို့ရမဲ့ အင်္ဂလိပ်ရုပ်ရှင် မင်းသမီးကြီး Elizabeth Hurley ရဲ့ အနက်ရောင်ဝတ်စုံကလဲ နာမည်ကြီးပါတယ်။ အနက်ရောင်ပိုးသားရယ် Lycra သားရယ် ရောစပ်ပြီး ရွှေသားအပ်ချိတ်တွေနဲ့ တွယ်ချိတ်ပြီးဖန်တီးချုပ်လုပ် ထားပါတယ်။ ဒီဝတ်စုံကို (၁၉၉၄)ခုနှစ်က Four Weddings and A Funeral ရုပ်ရှင်ထဲမှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

 

ဂျာ့နီ ဗဆာ့ချေ၏ ကိုယ်ရေးကိုယ်တာဘဝ

            ဂျာ့နီ ဗဆာ့ချေဟာ သူမတူထူးခြားတဲ့ ဖက်ရှင်အနုပညာတွေအပြင် ရုပ်ရှင်ရိုက်ကူးခြင်းမှာလဲ အနုပညာအရည်အသွေးရှိပါတယ်။ Spiceworld နဲ့ Catwalk စတဲ့ရုပ်ရှင်တွေနဲ့ ရုပ်သံတွေမှာပါဝင်ခဲ့ပါတယ်။

ခွေးကလေးများနှင့်ပျော်ရွှင်ခဲ့ကြသော ဗဆာ့ချေ (Gianni Versace) နှင့် သူ့ချစ်သူအမျိုးသား Antonio D'Amico


            သူ့မှာ သူများနဲ့မတူတဲ့ထူးခြားချက်ရှိပါသေးတယ်။ အဲဒါက အမျိုးသားချင်း စုံမက်နှစ်သက်ခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကတော့ အခုကအခါ အသက်(၅၇)နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်ဘွိုင်းဟောင်းလည်းဖြစ်၊ ဒီဇိုင်နာလည်းဖြစ်တဲ့ Antonio D'Amico ဖြစ်ပါတယ်။

 

ဂျာ့နီ ဗဆာ့ချေ၏နိဂုံး

            ဂျာ့နီ ဗဆာ့ချေမှာ သူများနဲ့မတူတဲ့ ထူးခြားဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဘဝနိဂုံးလဲ မကောင်းခဲ့ရှာပါဘူး။ အသက်(၅၀)အရွယ် (၁၉၉၇)ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့မှာ အမေရိကန်၊ မိုင်ယာမီကမ်းခြေက သူ့ရဲ့ ခမ်းနားတဲ့ စံအိမ်ကြီးကနေ မနက်ခင်းလမ်းလျှောက်ထွက်ပြီးအပြန်မှာ ရည်ရွယ်ချက်မဲ့ လူဆက်တိုက် သတ်လေ့ရှိတဲ့ လူသတ်သမား Andrew Cunanan ရဲ့သေနတ်ပစ်လုပ်ကြံမှုနဲ့ ကွယ်လွန်ပြီး အောင်မြင်ကြွယ်ဝမှုတွေကို ထားရစ်ခဲ့ရပါတယ်။

တော်ဝင်မင်းသမီးဒိုင်ယာနာ နှင့် အသုဘရှုကြွရောက်ကြသူများ

            သူ့ရဲ့ဈာပနကို အင်္ဂလန်တော်ဝင်မင်းသမီး ဒိုင်ယာနာအပါအဝင် ထင်ရှားသူတို့ ဝမ်းနည်းစွာ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။

 

ဗဆာ့ချေ အမျိုးသားဖက်ရှင်

အပ်နှင်းခံရသောဆုများ 

• အမေရိကန်ဖက်ရှင်အော်စကာဆု (၁၉၉၃)

• အီတလီခရစ်ယာန်ဒီမိုကရေစီဥက္ကဌချီးမြှင့်သော Italian Orders of Merit ဆု (၁၉၈၆)

 

ဗဆာ့ချေ၏ အဲရော့စ်ရေမွှေးကြော်ငြာ

 

ကမ္ဘာ့ဖက်ရှင်လောကမှာ အောင်မြင်မှုအထွဋ်အထိပ်ရခဲ့တဲ့ ဂျာ့နီ ဗဆာ့ချေ ကွယ်လွန်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ သူရဲ့ ဗဆာ့ချေတံဆိပ်ကတော့ ဖက်ရှင်ချစ်သူတွေအတွက် ဖက်ရှင်၊ ရေမွှေး၊ အသုံးအဆောင် စတာတွေကို အောင်မြင်မှုအလီလီနဲ့ ထုတ်လုပ်နေဆဲပါ။ အခုလို အေးမြတဲ့ဒီဇင်ဘာလ(၂)ရက်နေ့မှာ ကွယ်လွန်သူဒီဇိုင်နာကြီးလဲ မွေးနေ့ချိန်ခါကျရောက်ခဲ့ပြီမို့ Happy Birthday လို့ပြောခွင့်မသာတော့ပေမဲ့ ကောင်းရာဘဝမှာ ကောင်းစွာနေထိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါခင်ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၆၊ ဒီဇင်ဘာ



Comments