မနက်ခင်းတွေမှာ အိမ့်ရှေ့က ဂျာဗားဂျင်ဆင်းပန်းတွေ ဝေဆာနေလေ့ရှိပါတယ်။ အပင်စိမ်းစိမ်းမှာ ပန်းရောင်သမ်းသမ်း အပွင့်လေးတွေက ထိုးထိုးထောင်ထောင်နဲ့မို့ နေထိုးရင်သိပ်လှတာပဲ။ နူးညံ့ချိုမြပြီး ဆေးဖက်ဝင်လို့ ကျော်ကြားတဲ့ Javanese Ginseng အပင်လေးက ဂျင်ဆင်းပင်နဲ့တော့ မျိုးမတော်ဘူး။ မြစ်ဥက ဂျင်ဆင်းပင်လိုဖြစ်နေတာရယ်၊ ဂျာဗားမှာပေါလို့ရယ် ဂျာဗားဂျင်ဆင်းတွင်တာပါ။ အင်္ဂလိပ်လို Jewels of Opar လို့ လူသိများပါတယ်။ တာဇံဇာတ်လမ်းထဲကအမည် စွဲမှည့်တာပေါ့။
နိုင်ငံခြား ကုန်တိုက်တွေ၊ ဈေးတွေမှာ အစည်းလိုက်ရောင်းတာ တွေ့ရတယ်။ ဒီနေ့တော့ မြန်မာ ဆန်ဆန် လက်သုပ် သုပ်စားဖြစ်ပါတယ်။
ဂျာဗားဂျင်ဆင်း
သံပရာသီး
မြေပဲဆံကြော်
ကြက်သွန်ဖြူ
ကြက်သွန်နီ
ငရုတ်သီးအကြော်မှုန့်
ပဲမှုန့်
ဆီ
ဆား
မသုပ်ခင်မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်ပါတယ်။ ဂျာဗားဂျင်ဆင်းကို အနေတော်ဖဲ့သင် ဖြတ်တောက်ပြီး တစ်အောင့်လောက်ပဲကြာအောင် ပြုတ်ပါတယ်။ သိပ်နုတာဆိုတော့ ကြာရင်အိပြဲကုန်တာ။ ဇလုံထဲကို ဂျာဗားဂျင်ဆင်းပြုတ်၊ ဆီချက်ဖတ်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးအကြော်မှုန့်၊ ဆီချက်၊ ဆား တို့နယ်ပြီး နယ်ဖတ်သုပ်ပါတယ်။ သုပ်နည်းက တခြားအသုပ်တွေနဲ့တူပေမဲ့ နူးညံ့အရသာကတော့ ရိုးရိုးအသုပ်နဲ့ မတူပါဘူးတဲ့ဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၅.၁.၂၀၂၃
#ကျွန်ုပ်လက်ရာ
#ကောလိယဝေယံမောင်မောင်





Comments
Post a Comment