ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၉၊ ခရစ္စတီးယန်းဒီယော (Christian Dior)

 ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၉၊

ခရစ္စတီးယန်းဒီယော (Christian Dior)

(ဒိုင်ယောဟု အသံမထွက်)

 ကောလိယ ဝေယံမောင်မောင်

 

            မင်္ဂလာရှိတဲ့နှစ်သစ်ပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ ဂါရဝပြုပါရစေဗျာ။ လစဉ်ဖော်ပြပေးနေတဲ့ ဒီဆောင်းပါးလေးမှာ ပြီးခဲ့တဲ့လက ဗဆာ့ချေတံဆိပ်(Versace)ရဲ့ဖခင်ကြီး ဂျာ့နီ ဗဆာ့ချေ (Gianni Versace) အကြောင်း ဖော်ပြပြီးတဲ့နောက် နှစ်သစ်ဇန်နဝါရီမှာတော့ ခရစ္စတီးယန်း ဒီယော Christian Dior အကြောင်းကို ဖော်ပြပေးပါမယ်။


            ခရစ္စတီးယန်း ဒီယော ဆိုတာ တခြားတော့မဟုတ်ပါဘူး။ ထိပ်တန်းဖက်ရှင်တံဆိပ် Dior(ဒီယော)ကို တည်ထောင်ခဲ့တဲ့ ဖက်ရှင်ဂုရုကြီးဖြစ်ပါတယ်။

 

ဝါသနာနှင့် ငယ်ဘဝအစ

            ခရစ္စတီးယန်းဒီယော (Christian Dior) ကို (၁၉၀၅)ခု၊ ဇန်နဝါရီ(၂၁)မှာ ပြင်သစ်နိုင်ငံ၊ Normandy ကမ်းခြေရပ်ကွက်က Granville မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းငါးဦးမှာ ဒုတိယမြောက်သားဖြစ်ပြီး ဖခင်က ဓာတ်မြေဩဇာလုပ်ငန်းရှင် Alexandre Louis Maurice Dior ဖြစ်ပါတယ်။ သူ့အသက်ငါးနှစ်အရွယ်မှာ သူတို့မိသားစု ပဲရစ်မြို့တော်ကြီးကိုပြောင်းရွှေ့ကြပြီး နွေအားလပ်ရက်တွေမှာပြန်လာနေကြတဲ့ ပျော်ရွှင်ဖွယ် မိသားစုပါ။

            မိဘတွေကတော့ ခရစ္စတီးယန်းဒီယော လေးကြီးလာရင် သံတမန်ကြီးတစ်ဦိးဖြစ်စေဖို့ မျှော်လင့်ခဲ့ ကြပါတယ်။ ဒါပေမဲ့ သူကတော့ အနုပညာရေးရာမှာပဲ ဝါသနာပါခဲ့ပါတယ်။ ပိုက်ဆံရဖို့အတွက်ကိုတောင် သူဆွဲထားတဲ့ ဖက်ရှင်ပုံကြမ်းတွေကို တစ်ခုကို ငွေ(၁၀)ဆင့်နဲ့ ရောင်းခဲ့ပါတာပါ။

 

အမျိုးသားများအတွက် ဒီယော(Dior)မှ အနီရောင်အနောက်တိုင်းဝတ်စုံ



အနုပညာပြခန်းဖွင့်လှစ်

            အသက်(၂၃)နှစ်အရွယ် (၁၉၂၈)ခုနှစ်မှာ ကျောင်းကနေထွက်ပြီး ဖခင်ပေးတဲ့အရင်းအနှီးနဲ့ အနုပညာ ပြခန်းငယ်တစ်ခု စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပြခန်းလေးမှာ သူ့သူငယ်ချင်းနဲ့အတူ ပန်းချီပညာရှင်ကြီး ပီကာဆိုရဲ့ ပန်းချီကားမျိုးတွေကို ရောင်းချခဲ့ပါတယ်။ သုံးနှစ်ခန့်အကြာ (၁၉၃၀)ပြည့်လွန်နှစ်များမှာ တစ်ကမ္ဘာလုံးကြုံရတဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ် ရိုက်ခတ်မှုဒဏ်ကြောင့် ဖခင်ရဲ့ ဓာတ်မြေဩဇာလုပ်ငန်းပါ ထိခိုက်လာတာမို့ သူ့ရဲ့ ပြခန်းလေး ပိတ်ချိန်တန်ခဲ့ပါတယ်။

ယောက်ျားလေးများသဘောတွေ့သော ဒီယော (Dior)မျက်မှန်

ဖက်ရှင်ဝန်ထမ်းဘဝ

            ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာကြီးတွေဖြစ်တဲ့ ခရစ္စတီးယန်းဒီယော (Christian Dior) နဲ့ အူဘက် ဒူ ရှီဗန်ရှိ (Hubert de Givenchy) တို့ကို ဖက်ရှင်ပညာရပ်တွေ လေ့ကျင့်သင်ကြားပေးခဲ့တာက ပြင်သစ်ဖက်ရှင် ဒီဇိုင်နာကြီး ဟိုဘက် ပီဂေ (Robert Piguet) ဖြစ်ပါတယ်။ သူ့ဆီကို ခရစ္စတီးယန်းဒီယောက (၁၉၃၇)ခုမှာ စတင်ရောက်ရှိခဲ့ပါတယ်။ ဟိုဘက်ပီဂေက ခရစ္စတီးယန်းဒီယောကို သူ့ရဲ့ဝတ်စုံစုစည်းမှု (၃)မျိုးကို ဖန်တီးခွင့် ပေးခဲ့ပါတယ်။ ခရစ္စတီးယန်းဒီယော အောင်မြင်ပြီးတဲ့တစ်ချိန်မှာ စကားတစ်ခွန်းထုတ်ဟပြောဆိုခဲ့ပါတယ်။

            “ဟိုဘက်ပီဂေက လူကောင်းတို့ရဲ့ဖြောင့်မတ်ခြင်းကို သင်ကြားပေးခဲ့တာဟာ ကျွန်တော့်ဖို့ အစစ်အမှန် ရည်မွန်ခြင်းကို ဖြစ်စေခဲ့တာပါ။”

အမျိုးသမီးများအသည်းစွဲ ဒီယော (Dior) လက်ကိုင်အိတ်

            ခရစ္စတီးယန်းဒီယောဟာ ဟိုဘက်ပီဂေဆီမှာ ကြိုးစားလုပ်ကိုင်ရင်း စစ်မှုထမ်းခဲ့ရပါတယ်။ (၁၉၄၂)မှာ စစ်မှုထမ်းပြီးနောက် ဒီဇိုင်နာ လူရှန် လွန်လွန် (Lucien Lelong) ရဲ့ဖက်ရှင်တိုက်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဖက်ရှင်တိုက်ရဲ့ ပင်မဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ နာဇီစစ်တပ် အမှုဆောင်ကတော်တွေအတွက် ဝတ်စုံတွေချုပ်လုပ်ပေးခဲ့ရပါတယ်။ ဒါ့ပြင် သူလုပ်ကိုင်နေတဲ့ဖက်ရှင်တိုက်အပြင် တခြားနာမည်ကျော် ဖက်ရှင်တိုက်တွေအတွက်ပါ တာဝန်ယူပါဝင်ပေးခဲ့ရပြန်ပါတယ်။

မင်းသားချော ဂျုလော (Jude Law) နှင့် ဒီယော (Dior)ရေမွှေး

ခရစ္စတီးယန်းဒီယော (Christian Dior) ဖက်ရှင်တံဆိပ်အစ

            ခရစ္စတီးယန်းဒီယောဟာ ထူးချွန်လှသူဖြစ်တာပါ။ ဒါ့ကြောင့် (၁၉၄၆)မှာ ပြင်သစ်ရဲ့ အချမ်းသာဆုံး စွန့်ဦးတီထွင်သူဌေးကြီး မာဆယ် ဘူဆက်ခ် (Marcel Boussac)က Philippe et Gaston အတွက် ဒီဇိုင်းထွင်ပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိလိပတ် အေ ဂတ်စ်တွန် (Phillippe et Gaston) ဆိုတာ (၁၉၂၅)မှာ ဖွင့်လှစ်ခဲ့တဲ့ ပြင်သစ်ဖက်ရှင်တိုက်ကြီးဖြစ်ပါတယ်။ ဒီဖိတ်ကြားမှုကို ခရစ္စတီးယန်းဒီယောက ငြင်းဆိုခဲ့ပါသတဲ့။ ဘာ့ကြောင့်လဲဆိုတော့ ရှိပြီးသားဖက်ရှင်တံဆိပ်တစ်ခုထက် သူ့နာမည်နဲ့ ဖက်ရှင်တံဆိပ်တစ်ခု တည်ထောင်ချင်လို့ပါတဲ့။ ဒီလိုနဲ့ (၁၉၄၆)ခု၊ ဒီဇင်ဘာ(၈)ရက်မှာ Marcel Boussac ရဲ့ထောက်ပံ့မှုနဲ့ ကမ္ဘာကျော်ဖြစ်လာမဲ့ ဒီယောဖက်ရှင်တံဆိပ်ကြီးကို စတင်တည်ထောင်ခဲ့ပါတော့တယ်။  

ဒီယောဖက်ရှင်တံဆိပ်

 

ပါရမီရှင် ခရစ္စတီးယန်းဒီယော

            ခရစ္စတီးယန်းဒီယော ဟာ သူ့တံဆိပ်ရဲ့ ပွဲဦးထွက်တီထွင်မှုကို (၁၉၄၇)ခု၊ ဖေဖော်ဝါရီ(၁၂)မှာ စတင်ခဲ့ ပါတယ်။ ပါရမီရှင်ရဲ့လက်ရာတွေဖြစ်လို့ သူ့ကို ဖန်တီးမှုရဲ့သခင် (Master of Creating) လို့ခေါ်ဝေါ်ခဲ့ကြရ ပါတယ်။ အမျိုးသမီးများရဲ့အလှတရားကို ဝတ်စားဆင်ယင်မှုကဏ္ဍနဲ့ တိုးမြှင့်ပေးခဲ့တဲ့ သူ့ရဲ့စကားတစ်ခွန်းက “ပန်းပွင့်မိန်းမသားများအတွက် ဒီဇိုင်းထွင်ခဲ့တာပါ” တဲ့။

ဒီယော (Dior) တံဆိပ် အမျိုးသမီးဖက်ရှင်


ခရစ္စတီးယန်းဒီယော တံဆိပ်ထုတ်ကုန်များ

            ဒီဇိုင်နာကြီး ခရစ္စတီးယန်းဒီယောရဲ့ ဒီယောဖက်ရှင်တံဆိပ်ဟာ ထုတ်ကုန်ပေါင်းမြောက်မြားစွာနဲ့ ကမ္ဘာ့ဖက်ရှင်ဈေးကွက်ကြီးကို ဒီကနေ့ထိလွှမ်းခြုံနေတာပါ။ ဒီယောထုတ်ကုန်တွေထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးဝတ် အဝတ်အထည်နဲ့ အဆင်တန်ဆာအမျိုးမျိုး၊ ရေမွှေးနဲ့အလှကုန်အမျိုးမျိုး၊ လက်ဝတ်ရတနာနဲ့ လက်ပတ်နာရီအမျိုးမျိုး တို့ကို ထုတ်လုပ်ပါတယ်။ ဒီယောလို့ဆိုရင် ကမ္ဘာတစ်လွှားက ဖက်ရှင်ချစ်သူတွေ အင်မတန်နှစ်သက်ကြတာပါ။

            ကမ္ဘာ့ထိပ်တန်းဆယ်ခုစာရင်းဝင်တံဆိပ်ဖြစ်တာမို့ ခရစ္စတီးယန်းဒီယော အရောင်းဆိုင်ကြီးတွေဟာ အင်မတန်ခမ်းနားကြီးကျယ်ပြီး ဆိုင်ခန်းအသွင်အပြင်ကအစ တန်ဖိုးမြင့်ဇိမ်ခံပစ္စည်းတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။

ကျွန်တော်လေ့လာခဲ့သော စင်္ကာပူနိုင်ငံဆိုင်ခွဲ၌ ဒီယော (Dior) ရေမွှေးပြသထားပုံ


ခရစ္စတီးယန်းဒီယော၏ နောက်ဆုံးခရီး

            ရုပ်နာမ်ဓမ္မသင်္ခါရမို့ ကမ္ဘာ့ထိပ်သီးဒီဇိုင်နာကြီး ခရစ္စတီးယန်းဒီယောဟာ အသက်(၅၂)နှစ်အရွယ်၊ (၁၉၅၇)ခု၊ ဇန်နဝါရီလ(၂၁)ရက်နေ့မှာ ငါးရိုးမျက်ပြီးနောက် နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့ပြီး အနိစ္စရောက်ခဲ့ရှာပါတယ်။ တိုင်း(မ်)မဂ္ဂဇင်းကြီးကတော့ ဖဲကစားပြီးနောက် နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခဲ့တာလို့ ဆိုပါတယ်။ ဘယ်လိုကြောင့်ဆိုပါစေ သူကွယ်လွန်ခဲ့တဲ့အတွက်ကြောင့် ဖက်ရှင်ကမ္ဘာကြီးမှာ အစားထိုးမရတဲ့လစ်ဟာမှုတစ်ခုဖြစ်ခဲ့ပါတယ်။

 

ကမ္ဘာကျော်သရုပ်ဆောင် ဂျွန်နီဒီ (Johnny Depp) နှင့် ဒီယော (Dior)


ဂုဏ်ပြုခံရမှုများ

ဒီယောလို့ဆိုရင် ကမ္ဘာတစ်လွှားက ဖက်ရှင်ချစ်သူတွေ အင်မတန်နှစ်သက်ကြတာပါ။ ဒီယော(Dior) ကို မြတ်နိုးကြတာမို့ ကမ္ဘာ့အနုပညာရှင်ကြီးများဟာ သူတို့ရဲ့ ဝတ္ထု၊ ရုပ်ရှင်နဲ့ သီချင်းများမှာထည့်ပြီး ရေးသား၊ ရိုက်ကူး၊ သီဆိုကြဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့ပြင် ကမ္ဘာတစ်လွှားက စီးပွားရေးလုပ်ငန်းလေးတွေ၊ ဆိုင်မျိုးစုံတွေ၊ ဓါတ်ပုံတိုက်လိုမျိုးတွေလဲ ဒီယော (Dior)နာမည်နဲ့ ဖွင့်ကြရတဲ့အထိ ရေပန်းစားရပါတယ်။

အောက်မှာဖော်ပြထားတာတွေကတော့ ကမ္ဘာ့အနုပညာရှင်များရဲ့ ဂုဏ်ပြုမှုများဖြစ်ပါတယ်။

- အမေရိကန်ဝတ္ထုရေးဆရာကြီး ပေါလ် ဂဲလ်လစ်ကို (Paul Gallico) ဟာ (၁၉၅၈)မှာထုတ်ခဲ့တဲ့ Flowers for Mrs Harris ဝတ္ထုမှာ ဇာတ်ဆောင်ဖြစ်တဲ့ လန်ဒန်မြို့က အိမ်ဖော်အမျိုးသမီးတစ်ဦး အလုပ်ရှင်နဲ့စုံမက်ပြီး ဒီယော (Dior) ဂါဝန်ဝယ်ဖို့ ပြင်သစ်ကိုသွားဖို့ လုပ်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။

- ဂျပန်ဝတ္ထုရေးဆရာကြီး မရာကာမီ ဟာရူကီ (Haruki Murakami) ရဲ့ (၁၉၉၅-၁၉၉၅)ထုတ် The Wind-Up Bird Chronicle ဝတ္ထုရဲ့ အရေးကြီးဇာတ်ဝင်ခန်းမှာ ခရစ္စတီးယန်းဒီယော ရေမွှေးနာမည်ကို ရေးသားခဲ့ပါတယ်။

- အင်္ဂလိပ်အဆိုတော် မောရစ်ဆီ (Morrissey) ဟာ (၂၀၀၆)ခုနှစ်ထုတ် တစ်ကိုယ်တော်တေးသီချင်းခွေ In the Future When All's Well ရဲ့ B Side မှာ သီချင်းနာမည်ကို ခရစ္စတီးယန်းဒီယောလို့ ခေါင်းစဉ်ပေးခဲ့ပါတယ်။

- ဒါရိုက်တာ အလန်ပါကာ (Alan Parker) ရိုက်ကူးပြီး နာမည်ကျော်အနုပညာရှင် မက်ဒေါနား၊ အန်တိုနီယို ဘန်ဒါရက်စ် တို့ပါဝင်သရုပ်ဆောင်ထားတဲ့ (၁၉၉၆)ခုနှစ်ထုတ် Evita ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်း Rainbow High မှာ ခရစ္စတီးယန်းဒီယောကို အဓိကထည့်သွင်းရေးစပ်သီဆိုထားပါတယ်။

- အမေရိကန် တေးရေး၊ အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာ ကန်ရဲဝက် (Kanye West) ဟာ (၂၀၁၀)ကထုတ်တဲ့ သီချင်းနာမည်ကို Christian Dior Denim Flow လို့မှည့်ခဲ့သလို တခြားသူ့သီချင်းသုံးပုဒ်ဖြစ်တဲ့ Devil in a New Dress , Stronger နဲ့ Barry Bonds တို့မှာလဲ ဒီယော(Dior) တံဆိပ်ကို ထည့်ဆိုခဲ့ပါတယ်။

 

ဒီယော (Dior) ဖက်ရှင်ပွဲရှိုးတစ်ခု

            ကျွန်တော်တို့ဖက်ရှင်သမားတွေ အားကျလေးစားပြီး ဖက်ရှင်တံဆိပ်ချစ်သူတွေနှစ်ခြိုက်ကြတဲ့ ခရစ္စတီးယန်းကွယ်လွန်ခဲ့တာတော့ အချိန်ကာလတွေ ကြာညောင်းခဲ့ပါပြီ။ ဒါပေမဲ့လဲ ဒီယောလို့ ဆိုလိုက်တာနဲ့ ဒီနေ့ထက်တိုင် ကမ္ဘာ့ထိပ်သီးအဖြစ် လက်မထောင်နိုင်အောင် တည်ထောင်ခဲ့တဲ့ ဖက်ရှင့်ဖခင် ခရစ္စတီးယန်း ဒီယောရဲ့ ဇန်နဝါရီလ(၂၁)ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့အတွက် ဆုမွန်ခြွေရင်း ဒီနေရာကနေ ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။

 

ကောလိယ ဝေယံမောင်မောင် 

 The CHIC မဂ္ဂဇင်း

၂၀၁၇၊ ဇန်နဝါရီ

Comments