ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၁၀၊ အန်း ဖော်ဂတ်တီ (Anne Fogarty)

ကောလိယ ဝေယံမောင်မောင်

            မင်္ဂလာနှစ်သစ်လေးပါဗျာ။ လစဉ်တင်ဆက်ပေးနေတဲ့ ကဏ္ဍကနေ ပြန်လည်ကြိုဆိုလိုက်ပါ တယ်။ ပြီးခဲ့တဲ့လကတော့ ဒီယောတံဆိပ်(Dior)ရဲ့ဖခင်ကြီး ဒီဇိုင်နာ ခရစ္စတီးယန်း ဒီယော (Christian Dior) အကြောင်းကိုဖော်ပြခဲ့တာပါ။ ဒီလမှာတော့ ကျွန်တော်မမွေးဖွားခင်ကတည်းက အောင်မြင်ကျော်ကြားပြီး နောက် ကြွေလွင့်သွားရှာပြီဖြစ်တဲ့ ဖေဖော်ဝါရီလရဲ့မွေးနေ့ရှင် အမေရိကန်ဖက်ရှင်လောကရဲ့ အမျိုးသမီး ဒီဇိုင်နာကြီး အန်း ဖော်ဂတ်တီ (Anne Fogarty) အကြောင်းကိုဖော်ပြပေးမှာပါ။

ဒီဇိုင်နာ အန်း ဖော်ဂတ်တီ (Anne Fogarty)

ငယ်ဘဝနဲ့ ပညာရေး

            အန်း ဖော်ဂတ်တီ ကို (၁၉၁၉)ခုနှစ်၊ ဖေဖော်ဝါရီ(၂)ရက်နေ့က အမေရိကန်ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ ဓနသဟာယနိုင်ငံများနယ်မြေ Pittsburgh မြို့မှာမွေးဖွားခဲ့ပါတယ်။ မွေးချင်း(၄)ဦးအနက်က အငယ်ဆုံး ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အချုပ်အလုပ်ပါရမီပါတဲ့သူ ဖြစ်ပါတယ်။ အထက်တန်းကျောင်းအပြီး (၁၉၃၆) ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းရင့်ကောလိပ်တစ်ခုဖြစ်တဲ့ အားလားဂေးနီ (Allegheny) ကောလိပ်မှာ တက်ရောက်ခဲ့ပါတယ်။

            နောက်ပြီးတော့ အားလားဂေးနီကောလိပ်ကနေ Carnegie Institute of Technology ကိုပြောင်းခဲ့ပြီး ဘဝသရုပ်ဖော်ဇာတ်လမ်း ဘာသာရပ်ကို သင်ယူခဲ့ပါတယ်။ ဆိုလိုတာက သူဟာ သရုပ်ဆောင်လုပ်ချင်ခဲ့တာပါ။ (၁၉၃၉)ခုနှစ်မှာ သူ့အစ်မ ဖော့ဖီခန်းနွန် (Poppy Cannon) (Ladies Home Journal and House Beautiful ရဲ့ ချက်ပြုတ်နည်းစာပေ တည်းဖြတ်သူ၊ ချက်ပြုတ်နည်းစာအုပ်များရေးသူ) ဟာ နယူးယောက်မြို့တော်ကို ပြောင်းရွှေ့ရတဲ့အတွက် သူ့ဘဝတိုးတက်ဖို့ အစ်မဖြစ်သူနဲ့လိုက်ပါဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အန်း ဖော်ဂတ်တီ (Anne Fogarty)၏ (၁၉၅၁)ဝတ်စုံများ

ဒီဇိုင်နာဘဝစ

            နယူးယောက်မြို့တော်ကြီးရောက်တော့ သရုပ်ဆောင်အခွင့်အလမ်းတွေရှာရင်းနဲ့ ဟားဗီးဘာလင် (Harvey Berlin) အဝတ်အထည်ကုမ္ပဏီကြီးရဲ့ မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူက ဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေကို ဝတ်ပြခဲ့ရတယ်။ အဲဒီအခါမှာ ဟားဗီးဘာလင် ကုမ္ပဏီကြီးက သူ့ရဲ့အရည်အသွေးတွေကို သဘောကျခဲ့ပြီး ဒီဇိုင်နာသင်တန်းကိုပါတက်စေဖို့ ထောက်ပံ့မှုပေးခဲ့ပါတယ်။ ဒါ့ကြောင့် အန်း ဖော်ဂတ်တီဟာ မော်ဒယ်လုပ်ရင်း East Hartman School of Design မှာတက်ရောက်ခဲ့ပါတယ်။

            အန်း ဖော်ဂတ်တီဟာ မော်ဒယ်လဲလုပ်၊ Sheila Lynn Company ကုမ္ပဏီအတွက် ဒီဇိုင်နာလဲလုပ်ရင်း (၁၉၄၀)ခုနှစ်မှာ ပန်းချီဆရာ သောမတ်စ် အီး ဖော်ဂတ်တီ (Thomas E. Fogarty) နဲ့ လက်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကြောင်းမကောင်းလှတဲ့အတွက် ကွဲကွာခဲ့ရရှာပါတယ်။

အဲဒီနောက် (၁၉၄၈)ခုနှစ်ထိ မော်ဒယ်အလုပ်၊ စတိုင်လစ်အလုပ်နဲ့ Rolls-Royce Limited ကြော်ငြာ လုပ်ငန်းရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Yough Guild ကုမ္ပဏီ အတွက် ဆယ်ကျော်သက်ဖက်ရှင်ပညာရှင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

၁၉၅၀ ပြည့်လွန်နှစ်များဖက်ရှင်နှင့် မော်ဒယ် စန္ဒီဘရောင်း (Sandy Brown)

တိုးတက်မှုများ

            Youth Guild ကုမ္ပဏီမှာ သူဖန်တီးလိုက်တဲ့ ခါးကနေ ပန်းပွင့်ကြီးလိုရှည်မျောကျနေတဲ့စကတ် (Full Skirt) က အောင်မြင်မှုရခဲ့ပါတယ်။ ဒီဇိုင်းပုံစံက ဒီယော(Christian Dior)တံဆိပ်ရဲ့ The New Look ဆိုတဲ့ စတိုင်ရဲ့ အငွေ့အသက်တွေသက်ဝင်နေပါတယ်။ အဲဒီ စကတ်ဒီဇိုင်းဟာ အန်း ဖော်ဂတ်တီရဲ့ သင်္ကတဖြစ်လာခဲ့ ပါတယ်။

အနီရောင်ရှပ်ဂါဝန်နှင့် ထိုခေတ်ကနာမည်ကျော်မော်ဒယ် ရိုမိန်း စီမွန်းစွန်း (Romaine Simonson)


အန်း ဖော်ဂတ်တီကို အသာစီးရစေတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ သူဟာ သေးကျင်တဲ့ (၂၂)လက်မအရွယ် ခါးကိုပိုင်ဆိုင်ထားခြင်း၊ အငယ်တန်းမော်ဒယ်ဆိုဒ်နံပါတ်(၇)မှာ ပါဝင်ခြင်းနဲ့ ဝါရင့်မော်ဒယ် ဖြစ်နေခြင်းပါ။ ဒီအချက်ကြောင့်ပဲ သူဖန်တီးတဲ့ ဝတ်စုံလှလှလေးတွေကို ကိုယ်တိုင်ဝတ်ပြနိုင်ပြီး အသာစီးရခဲ့ပါတယ်။

အန်း ဖော်ဂတ်တီနှင့် သူ၏ခါးအလှကိုပေါ်လွင်စေသောဂါဝန်


            အန်း ဖော်ဂတ်တီရဲ့ဖက်ရှင်တွေဟာ အမေရိကန် အမျိုးသမီးဖက်ရှင်မဂ္ဂဇင်းကြီး ဟာပါဘေဇာ (Harper's Bazaar) မှာ နှစ်မျက်နှာထိဖော်ပြရတဲ့အထိ ကျော်ကြားလာပါတယ်။ လူငယ်ဖက်ရှင်ထုတ်တဲ့ Margot Dresses ကုမ္ပဏီမှာ ဝတ်စုံနဲ့အဆင်တန်ဆာတွေကို (၁၉၅၀)ပြည့်နှစ်ကစပြီး (၇)နှစ်ကြာအောင် တီထွင်ဖန်တီးခဲ့ပါတယ်။ (၁၉၅၇)ခုနှစ်မှာ အမေရိကန်ပြည်က ဇိမ်ခံဖက်ရှင်အရောင်းဆိုင် Saks Fifth Avenue မှာ အဓိကဒီဇိုင်နာ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဒီဇိုင်နာအဖွဲ့ဝင်များကိုကြိုဆိုနေသော အန်း ဖော်ဂတ်တီ (Anne Fogarty)

ကိုယ်ပိုင်လုပ်ငန်း

            ဖက်ရှင်လုပ်ငန်း၊ မော်ဒယ်လုပ်ငန်းမှာ အံတိုနေပြီဖြစ်တဲ့ အန်း ဖော်ဂတ်တီက သူ့ကိုယ်ပိုင်လုပ်ငန်းကို (၁၉၆၂)ခုနှစ်မှာ အန်း ဖော်ဂတ်တီ အင့်ခ် (Anne Fogarty Inc.) အမည်နဲ့စတင်နိုင်ခဲ့ပါတယ်။ (၁၉၆၀) ပြည့်လွန် နှစ်များရဲ့အလယ်မှာ အေဖက် ဘူတိခ် (A.F Botique) အပါအဝင် သူဖန်တီးထားတဲ့ တံဆိပ်များစွာကို မိတ်ဆက် နိုင်ခဲ့ပါတယ်။ (၁၉၆၀)တုန်းကလဲ အားကစားဝတ်စုံ၊ ဝမ်းဆက်ကုတ်တွေပါ ထုတ်လုပ်ခဲ့ပါတယ်။ စကတ်၊ ဘောင်းဘီ ဖန်တီးမှုတွေကလဲ များစွာအရာရောက်ခဲ့ပါတယ်။

(၁၉၆၄)ခုနှစ် စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲတွင်ပြသခဲ့သော ဝတ်စုံတစ်ခု


            ဒါ့ပြင် အန်း ဖော်ဂတ်တီဟာ အမေရိကန်ရဲ့ ဘီခီးနီဝတ်စုံ (Bikini) ကနဦးဖန်တီးသူဒီဇိုင်နာတစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ခါးကနေ ပန်းပွင့်ကြီးလိုရှည်မျောကျနေတဲ့စကတ် (Full Skirt)တွေဟာလဲ သူ့ရဲ့ ပင်တိုင်ဒီဇိုင်းအဖြစ် ကျော်ကြားလှပါတယ်။ Scoop Neck Shirt လို့ခေါ်တဲ့ လည်ဟိုက်ဝတ်စုံကိုလဲ ခါးမြင့်စကတ်နဲ့ တွဲဖက်ဖန်တီးခဲ့ပြီး Paper Doll ဝတ်စုံအဖြစ် အကျော်ဇေယျဖြစ်စေခဲ့ပါတယ်။

ပန်းသွေးကြွယ်ဂါဝန်နှင့် တစ်ခေတ်တစ်ခါကမော်ဒယ် စူဇီ ဖားကာ (Suzy Parker)


အန်း ဖော်ဂတ်တီဟာ အမျိုးသမီးများအသည်းစွဲ အင်္ကျီနဲ့စကတ် တစ်ဆက်တည်းဝတ်စုံ (Sheath Dress)တွေ ပိုမိုကျယ်ပြန့်လာအောင် ဖန်တီးခဲ့သူလဲ ဖြစ်ပါတယ်။ အန်း ဖော်ဂတ်တီရဲ့ ဂန္ထဝင်မြောက် အကောင်းဆုံးဖန်တီးမှုကတော့ Wife Dressing ပဲဖြစ်ပါတယ်။ အခုလို သူ့ရဲ့ကနဦးတီထွင်မှုတွေနဲ့ တခြား ဖန်တီးမှုတွေကြောင့် သူဟာ အမျိုးသမီးဖက်ရှင်လောကရဲ့ ဦးဆောင်ပဲ့ကိုင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အန်း ဖော်ဂတ်တီ၏ Wife Dressing

အန်း ဖော်ဂတ်တီ၏ နောက်ဆုံးအချိန်များ

            အောင်မြင်ကျော်ကြားမှုမြောက်မြားစွာရှိခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာကြီး အန်း ဖော်ဂတ်တီဟာ အသက် (၅၅)နှစ်အရွယ် (၁၉၇၄)ခုနှစ်မှာတော့ သူ့ရဲ့စီးပွားရေးလုပ်ငန်းကိုပိတ်သိမ်းပြီး အနားယူခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းကို လက်လွှတ်လိုက်ပြီး အလွတ်တန်းဒီဇိုင်အနာအဖြစ် ဆက်လက်ဖန်တီးနေပါတယ်။ သူ့ရဲ့ နောက်ဆုံးဖန်တီးမှုကတော့ Shariella Fashion အတွက် (၁၉၈၀)ပြည့်နှစ်က ဖန်တီးတဲ့ဝတ်စုံတွေပါ။

            အန်း ဖော်ဂတ်တီဟာ (၁၉၆၇)မှာ အမေရိကန်သရုပ်ဆောင် ရစ်ချတ် ကိုးမာ (Richard Kollmar) နဲ့ အိမ်ထောင်ထပ်မံပြုခဲ့ပါတယ်။ ဒါပေမဲ့ အန်း ဖော်ဂတ်တီဟာ အိမ်ထောင်ရေးကံမကောင်းရှာပါဘူး။ ဒုတိယ ခင်ပွန်းဟာလဲ (၁၉၇၁)ခုနှစ်မှာ ကားမတော်တဆဖြစ်ရာက လက်မောင်းပြုတ်ထွတ်ဒဏ်ရာနဲ့ အနိစ္စရောက်ခဲ့ ပြန်ပါတယ်။ အန်း ဖော်ဂတ်တီဟာ အားကိုးဖော်မရှိတဲ့အတွက် (၁၉၇၇)ခုနှစ်မှာ ဝိတ် အိုဟဲရာ (Wade O' Hara) နဲ့တစ်ပင်ထူခဲ့ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကွဲကွာခဲ့ရရှာပြန်ပါတယ်။

            ဒီလိုနဲ့ ဖက်ရှင်လောကရဲ့ ချစ်လှစွာသောပါရမီရှင်ကြီး အန်း ဖော်ဂတ်တီဟာ (၁၉၈၀)ပြည့်နှစ်မှာ နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့ပြီး ဖက်ရှင်လောကကြီးကို စွန့်ခွာခဲ့ရပါတော့တယ်။

ရှေးသရောအခါက အဝတ်အစားထည့်ပေးသောအိတ်


အပ်နှင်းခံရသောဆုများ

-        Coty American Fashion Critics Award                                                               ၁၉၅၁

-        Neiman Marcus Fashion Award                                                                         ၁၉၅၂

-        Cotton Fashion Award                                                                                      ၁၉၅၇

 

အန်း ဖော်ဂတ်တီဟာ ယနေ့ခေတ်အမျိုးသမီးဖက်ရှင်ဝတ်စုံများရဲ့ ကနဦးဖန်တီးသူတစ်ဦးပါ။ အမျိုးသမီးများရဲ့ ကိုယ်ခန္ဓာအလှတရားကို ပိုမိုတောက်ပစေခဲ့တဲ့ အန်း ဖော်ဂတ်တီရဲ့မွေးနေ့ကတော့ အခု ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ ကျရောက်ခဲ့ပါပြီ။ လူသာသေသွားသော်လဲ နာမည်မသေခဲ့တဲ့ ဒီဇိုင်နာကြီး အန်း ဖော်ဂတ်တီ ကောင်းရာဘဝမှာရောက်ရှိနေမယ်လို့မျှော်လင့်ဆုတောင်းရင် ဖေဖော်ဝါရီလကို နှုတ်ခွန်းဆက်သ လိုက်ပါတယ်ဗျာ။ 

           

မဂ္ဂဇင်းတစ်စောင်တွင်ဖော်ပြထားသော အန်း ဖော်ဂတ်တီအကြောင်း


ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၇၊ ဖေဖော်ဝါရီ

 

 

Comments