ဓာတ်ပုံဆရာကို ကင်မရာမန်းလို့ မှားပြောတတ်၊ မှားရေးတတ်ပါတယ်။ ကျွန်တော်က ရိုက်ကူးသမားမို့ အသိဓာတ်ပုံဆရာတချို့တောင် ကိုယ့်ကိုယ်ကိုယ် ကင်မရာမန်းလို့ သုံးတာတွေ့ဖူးပါတယ်။ တကယ်က ဓာတ်ပုံဆရာနဲ့ ကင်မရာမန်း မတူပါဘူး။ မတူဘူးဆိုတာကိုလဲ နိုင်ငံတကာရဲ့ လက်တွေ့နယ်ပယ်မှာရော၊ အဘိဓာန်တွေမှာရော တွေ့နိုင်ပါတယ်။
ဘိုးတော်ဘုရားခေတ်ကတည်းက မြန်မာမှာကင်မရာရောက်
မြန်မာဟာ ကင်မရာကို ဘိုးတော်ဘုရားခေတ်ကတည်းက ထိတွေ့ခဲ့တာကလဲ စိတ်ဝင်စားစရာပါ။ ကုန်းဘောင်ခေတ်၊ (၁၇၉၇)ခုနှစ်၊ မတ်လ(၂၁)ရက်မှာ အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ် ကပ္ပတိန် ဟီရမ်ကော့ (Hiram Cox)က ဘိုးတော်ဘုရားကို ကင်မရာ အော့ဘ်စကူးရား (Camera Obscura) ဆက်သခဲ့ ပါတယ်။ အဲဒီကင်မရာက သေတ္တာကင်မရာပါ။ (၁၈၁၆)မှာမှပေါ်လာတဲ့ ဓာတ်ပုံကင်မရာနဲ့ မတူပါဘူး။ သူက နေကြတ်ပုံ၊ ရှုခင်းပုံတွေရိုက်ဖို့ယူခဲ့ရင်း ဘိုးတော်ဘုရားကို ဆက်သခဲ့တာဖြစ်ပါတယ်။ ဘိုးတော်ဘုရားကလဲ ဆုတော်ငွေများ ပြန်လည်ချီးမြှင့်ခဲ့ပါတယ်။
ကင်မရာအကြောင်း (Camera)
ကင်မရာဆိုတာ ရုပ်သေရော ရုပ်ရှင်ရော ရိုက်လို့ရတဲ့ကိရိယာပါ။ ဓာတ်ပုံကင်မရာလဲရှိတယ်။ ဗီဒီယိုကင်မရာလဲရှိတယ်။ နှစ်မျိုးလုံးရတဲ့ကင်မရာလဲ ရှိပါတယ်။ ဒီလိုပါပဲ ကင်မရာသုံးပြီး ရိုက်ကူးသူမှာလဲ အမျိုးအစား ကွဲပြားမှုရှိပါတယ်။
ကင်မရာမန်း (Cameraman)
ကင်မရာမန်းဆိုတာ ရုပ်ရှင်၊ ဗီဒီယို ရိုက်ကူးသူပါ။ သူက ဓာတ်ပုံရိုက်တဲ့သူမဟုတ်ဘူး။ ရုပ်ရှင်ကင်မရာ (Movie Camera)တို့၊ ရုပ်သံကင်မရာ (Television Camera)တို့ ရိုက်ကူးတဲ့သူဖြစ်ပါတယ်။
ဓာတ်ပုံဆရာ (Photographer)
ဓာတ်ပုံရိုက်တဲ့ပညာရှင်ကို ဓာတ်ပုံဆရာလို့ခေါ်ပါတယ်။ သူရိုက်တာ ဓာတ်ပုံပါ။ ဗီဒီယိုမဟုတ်ပါဘူး။ အင်္ဂလိပ်လို Photo, Image, Picture စတာတွေကို ဖန်တီးရိုက်ကူးသူဖြစ်ပါတယ်။ ဓာတ်ပုံကင်မရာကို အသုံးပြုသူပါ။ သူ့ကို ကင်မရာမန်းလို့ မခေါ်ပါဘူး။
ကောလိယ ဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment