ကောလိယ ဝေယံမောင်မောင်
ခရစ်ယာန်ဓလေ့ ချစ်သူများနေ့ဟာ ချစ်သူတွေအတွက် တကယ်ပျော်စရာကောင်းတဲ့ နေ့လေးပါပဲ။ နိုင်ငံတကာမှာဆို ချစ်သူများနေ့က ပွဲတော်တစ်ခုမို့ ဖက်ရှင်တွေ၊ အလှအပတွေပြင်ဆင်ပြီး ပျော်ရွှင်စွာ ဆင်နွဲလေ့ရှိကြပါတယ်။ ချစ်သူများနေ့မှာ ချစ်သူမိန်းကလေးရဲ့ဘဝကို တန်ဖိုးထားပြီး အလည်အပတ်သွားမယ်၊ မိန်းကလေးတွေကလဲ လေးစားအားထားရတဲ့ ကိုယ့်ချစ်သူယောက်ျားလေးနဲ့ တန်ဖိုးရှိရှိအလည်လိုက်မယ် ဆိုရင်တော့ ယဉ်ကျေးတဲ့ချစ်သူများနေ့ ဖြစ်ပါလိမ့်မယ်။
ချစ်သူများနေ့ရဲ့ထူးခြားချက်ကတော့ ချစ်သူတွေရဲ့တစ်သက်မှာ မင်္ဂလာပွဲတစ်ခါဆင်နွဲခြင်းဟာ အဲဒီ ချစ်သူနှစ်ဦးအတွက်ပဲဖြစ်ပေမဲ့ ချစ်သူများနေ့ဆင်နွှဲတာကတော့ တစ်ကမ္ဘာလုံးကချစ်သူအားလုံးအတွက် မင်္ဂလာရှိခြင်းပါပဲ။
ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေ အမှတ်တရဖြစ်စေဖို့အတွက် ပြုလုပ်သင့်တဲ့အချက်လေးတွေကို အလှအပရေးရာနဲ့ယှဉ်ပြီး အကြံပေးချင်ပါတယ်။
အမှတ်တရဓါတ်ပုံရိုက်ပါ
ချစ်သူများနေ့မှာ တခြားပျော်စရာတွေအပြင် မှတ်မှတ်ရရလုပ်သင့်တာကတော့ ဓါတ်ပုံရိုက်ခြင်းပါပဲ။ ဒီအမှတ်တရပုံလေးတွေက နောင်တစ်ချိန်ရွှေလက်တွဲဖြစ်ခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတဲ့အခါ လွမ်းမောဖွယ် အမှတ်တရလေးတွေ ဖြစ်လာမှာပါ။
ချစ်သူများနေ့ ဓါတ်ပုံရိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့အရာလေးတွေကို ရှင်းပြပေးပါ့မယ်။
‘အဝတ်အစားကြိုတင်ရွေးချယ်ပါ’
ချစ်သူများနေ့ဖက်ရှင်ကတော့ သာမန်ပွဲတက်တာထက် ပိုရွေးချယ်ရလွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ဆင်တူဝတ်စုံလေးတွေ ဖြစ်နေတာရယ်၊ လူငယ်ဝတ်စုံလေးတွေဖြစ်နေတာရယ်ကြောင့်ပါ။ ချစ်သူများနေ့ အတွက် တစ်လခွဲ၊ တစ်လလောက်ကြိုပြီး ဖက်ရှင်အမျိုးမျိုးကြိုထွက်လေ့ရှိတာမို့ စိတ်ကြိုက်ဝယ်လို့အဆင် ပြေပါတယ်။
အသင့်ရောင်းတဲ့ဒီဇိုင်းတွေအစား ကိုယ့်စိတ်ကြိုက်ရွေးချယ်ချင်တယ်ဆိုရင်တော့ ယောက်ျားလေး အတွက် အပြာရောင်နုမျိုးတွေ ရွေးနိုင်ပါတယ်။ အပြာနုနဲ့အတူ ခါးပတ်၊ ဖိနပ်၊ အဆင်တန်ဆာတွေကို အညိုနုနဲ့ တွဲပေးရင် လိုက်ဖက်ပါတယ်။ မိန်းကလေးတွေကတော့ ပန်းရောင်နုကို အဓိကထားရွေးချယ်သင့်ပါတယ်။
တစ်ခုသတိထားရမှာက နှစ်ယောက်လုံးရဲ့အဝတ်အစားက အရောင်ကွဲပေမဲ့ ဒီဇိုင်းတူနေသင့်ပါတယ်။ အပြာရောင်၊ ပန်းရောင်ရယ်ပဲဝတ်ရမယ်လို့ ကန့်သတ်မထားဘဲ ကိုယ်ကြိုက်တဲ့အရောင်တူ၊ ဒီဇိုင်းတူတွေကို ရွေးချယ်နိုင်ပါတယ်။ အွန်လိုင်းကဝယ်မဲ့အစား အပြင်မှာရွေးချယ်ဝယ်ယူသင့်ပါတယ်။
‘ပေါ့ပေါ့ပါးပါးလိမ်းခြယ်ပါ’
အနောက်နိုင်ငံတွေမှာတော့ ချစ်သူများနေ့အတွက် ပြင်ဆင်ခြယ်သပုံအဆင့်ဆင့်ကို Beauty Blogger တွေ၊ အလှဖန်တီးရှင်တွေက နှစ်စဉ်ဖန်တီးတင်ဆက်လေ့ရှိပါတယ်။
မိန်းကလေးအတွက်ဆိုရင် Cute Look, Young Look ပုံစံလေးတွေ ပြင်ဆင်ပြလေ့ရှိပါတယ်။ ကိုယ်တိုင်ပြင်ဆင်မယ်ဆိုရင် သတိထားရမှာက ပိုလှချင်ဇောနဲ့ အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်တွေမှာ လိမ်းခြယ်သလို Dramatic Makeup မလိမ်းခြယ်ဖို့ပါပဲ။ လူငယ်သွင်ပြင်ကိုပေါ်လွင်စေပြီး Romantic Makeup ဒါမှမဟုတ် Natural Makeup ဖြစ်စေမဲ့ အရောင်နုလေးတွေရွေးသင့်ပါတယ်။
အထူးသဖြင့် ဓါတ်ပုံရိုက်မယ်ဆိုရင် မီးထိုးထားတာကို အလင်းပြန်ပြီး ပြောက်လက်နေစေမဲ့ အရောင်တောက်လွန်းတဲ့ မျက်နှာချေတွေ၊ မျက်ခုံးအရောင်တွေရှောင်သင့်ပါတယ်။ Baby Pink ဆိုတာမျိုးက အခုလိုအချိန်မှာ အသင့်တော်ဆုံးပါပဲ။ ဆံပင်ကို လိုက်ဖက်မဲ့ပုံစံပြင်နိုင်ပါတယ်။ ရှောင်သင့်တာကတော့ ဓါတ်ပုံ ရိုက်ပြီး လျှောက်လည်တဲ့အခါ မလွတ်လပ်ဘဲ နေရထိုင်ရခက်စေမဲ့ တင်းကျပ်တဲ့ပုံစံမျိုးပြင်ခြင်းပါပဲ။
ယောက်ျားလေးတွေက မိတ်ကပ်လိမ်းတဲ့အပေါ်မှာ စိတ္တဇဖြစ်လေ့ရှိတယ်။ တော်တော်များများက မိန်းမလျာမှလိမ်းတယ်ဆိုတဲ့ အတွေးလဲရှိတတ်ပါတယ်။ မိတ်ကပ်လိမ်းတာက ထိုက်သင့်သလောက်တော့ လိုအပ်ပါတယ်။ ပြီးတော့ ချစ်သူများနေ့အမှတ်တရ ဓာတ်ပုံရိုက်မယ်ဆိုရင်တော့ မိန်းကလေးကလိမ်းထားပြီး ယောက်ျားလေးကမျက်နှာပြောင်နေရင် ဓာတ်ပုံထွက်တဲ့အခါ ကြည့်ရဆိုးနေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အောက်ခံမိတ်ကပ်ရည်ပေါ်မှာ ယောက်ျားလေးတွေအတွက် ထုတ်ထားတဲ့ Natural အဆင့်၊ Tropical အဆင့်လောက်ရှိတဲ့ For Men Makeup လိမ်းသင့်ပါတယ်။ ဥပမာ မိတ်ကပ်က အရောင်သုံးရောင် ထွက်တယ်ဆိုရင် အရင့်ဆုံးအရောင်မျိုးကိုရွေးသင့်ပါတယ်။ ယောက်ျားလေးကလိမ်းဖို့ အခက်အခဲရှိရင် မိန်းကလေးက ကူညီလိမ်းပေးသင့်ပါတယ်။
ဆံပင်ပုံစံကိုတော့ သပ်ရပ်လိုက်ဖက်တာထားသင့်ပြီး ရှောင်ရှားသင့်တာကတော့ ပူရင်အရည်ပျော်ကျ ပြီး အဆီတဝင်းဝင်းဖြစ်နေစေတဲ့ အုန်းဆီတွေ၊ ဖယောင်းဂျယ်တွေ၊ ခေါင်းလိမ်းဆီတွေလိမ်းတာမျိုးပါပဲ။
ကျော်ကြားသူတို့ရဲ့ ချစ်သူများနေ့အပြင်အဆင်
ချစ်သူများနေ့အတွက် အလှပြင်မဲ့သူတွေအတွက် Beauty Blogger တွေက ကမ္ဘာကျော်အနုပညာ ရှင်တချို့ကို နမူနာအဖြစ်ဖော်ပြလေ့ရှိကြပါတယ်။ အများအားဖြင့် ရိုးရှင်းတဲ့ပုံစံတွေက အများနမူနာယူရတာ လွယ်တာမို့ အနောက်တိုင်းအနုပညာရှင်တစ်ဦး၊ အရှေ့တိုင်းအနုပညာရှင်တစ်ဦး တို့ကို ဖော်ပြပေးချင်ပါတယ်။
‘တေလာဆွပ်ဖ်’
တေလာဆွပ်ဖ်ရဲ့ မိတ်ကပ်ဆံပင်အပြင်အဆင်ကတော့ ရိုးရိုးလေးနဲ့လှနေပါတယ်။ သူ့အကြိုက်အတိုင်း ရွှေရောင်ဆံပင်လေးကို ကပိုကရိုစုထုံးထားပြီး နှုတ်ခမ်းဆိုးဆေးကို အရဲဆိုးထားပါတယ်။ မိတ်ကပ်ကိုတော့ အလင်းများများခြယ်ထားပြီး ပါးရိုးမှာ မသိသာတဲ့အညိုရောင်လဲ နည်းနည်းတင်ထားပါတယ်။ လက်ဝတ် တန်ဆာကြီးကြီးမားမားမဆင်ဘဲ နားကပ်အသေးတစ်ခုကို ရှင်းရှင်းလေးပန်ထားတဲ့ Simple Style ပဲဖြစ်ပါ တယ်။
‘အွန်ဆော’
မြန်မာပရိသတ်တွေ အွန်စောလို့သိကြတဲ့ ကိုရီးယားမင်းသမီး Song Hye-kyo ရဲ့ Baby Pink ဖက်ရှင် ကတော့ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင်ဖြစ်ပါတယ်။ ပြင်ဆင်ထားတဲ့ မိတ်ကပ်ကတော့ အသားဖြူ တဲ့သူတွေအတွက် အထူးလိုက်ဖက်ပါတယ်။ လုံးဝရိုးရှင်းတဲ့ပြင်ဆင်မှုဖြစ်ပြီး နှုတ်ခမ်းဆိုးဆေးကအစ အသား ရောင်နဲ့နီးစပ်တဲ့ ပန်းသွေးနုခြယ်ထားခြင်းပါ။ ဝတ်ထားတဲ့ဝတ်စုံကလဲ မြန်မာနိုင်ငံမှာရယ်ဒီမိတ်ရနိုင်တဲ့ အာရှဖက်ရှင်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့စတိုင်တွေက မြန်မာမိန်းကလေးတွေကြားထဲမှာ လွန်ခဲ့တဲ့ဆယ်စုနှစ် အတွင်းကတည်းက ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။
အမှတ်တရလက်ဆောင်ပေးမယ်ဆိုရင်
ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို ဘာလက်ဆောင်ပေးမယ်၊ ကိုယ့်ချစ်သူဆီက ဘာလက်ဆောင်ရမယ် ဆိုတာတွေးလိုက်တိုင်း ချစ်သူတွေမှာရင်ခုန်တတ်ရပါတယ်။ အများစုကတော့ နှင်းဆီပန်း၊ ချောကလက်၊ အရုပ် ဒါမျိုးတွေပေးလေ့ရှိပါတယ်။
ချစ်သူအတွက်လဲအသုံးတည့်ပြီး အမှတ်တရဖြစ်စေမဲ့ လက်ဆောင်ပေးမယ်ဆိုရင်တော့ အလှ ကုန်ပစ္စည်းဟာလဲ ရွေးချယ်သင့်တဲ့ထဲမှာပါပါတယ်။ အလှကုန်နဲ့အတူ နှင်းဆီပန်းနီနီလေးတွေ တွဲဖက်ပေး မယ်ဆိုရင် တကယ်ပြည့်စုံတဲ့ ချစ်သူ့လက်ဆောင်ဖြစ်နေမှာ သေချာပါတယ်။
‘ရေမွှေး’
ရေမွှေးပေးတယ်ဆိုတာ ကိုယ့်ချစ်သူကို မွှေးကြိုင်လန်းဆန်းခြင်းပေးတာ ဖြစ်ပါတယ်။ ကိုယ်ပေးချင် တဲ့ရေမွှေးက နာမည်ကြီးတံဆိပ်ဖြစ်နေတယ်။ ပြီးတော့ တံဆိပ်တွေကဈေးကြီးနေလို့ အဆင်မပြေဘူးဆိုရင် နာမည်ကြီးတံဆိပ်တွေကပဲထုတ်တဲ့ ပုလင်းငယ်အစုံလိုက်လာတာလေးတွေ ဝယ်ပေးနိုင်ပါတယ်။
ပုလင်းငယ်လေးတွေဖြစ်တာမို့ ကိုယ့်ချစ်သူက သူသွားလေရာသယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရေမွှေးနံ့လေးကတော့ ကိုယ့်ချစ်သူကို ကိုယ့်ကိုယ်စား လွှမ်းခြုံပေးထားတဲ့သဘောပါပဲ။ ပြီးတော့ ရေမွှေးဆိုတာကလဲ ယောက်ျားလေးအတွက်ရော မိန်းကလေးအတွက်ပါ အသုံးတည့်ပါတယ်။
‘အလှကုန်’
အလှကုန်အမျိုးမျိုးရှိတဲ့အထဲက ကိုယ်နှစ်သက်ရာအလှကုန်ကို ရွေးချယ်ပေးနိုင်ပါတယ်။ အဓိကက တော့ ကိုယ့်ချစ်သူအတွက် အမြဲအသုံးတည့်နေဖို့ပါ။ နှုတ်ခမ်းဆိုးဆေးက ကိုယ့်ချစ်သူနှုတ်ခမ်းကို ကိုယ့်ကိုယ် စားအနမ်းခြွေတာမို့ ချစ်သူများနေ့မှာ လက်ဆောင်ပေးမယ်ဆိုလဲ အဓိပ္ပာယ်ရှိနေမှာပါ။ ကိုယ့်မိန်းကလေး မပါဘဲ သွားဝယ်မယ်ဆိုရင် ကိုယ့်မိန်းကလေးဆိုးနေကျအရောင်နဲ့ သိပ်ကွဲလွဲတာတွေ မဝယ်မိဖို့ရယ်၊ အရောင်း ဝန်ထမ်းဆွယ်သမျှ မဝယ်မိဖို့ရယ် အရေးကြီးပါတယ်။
‘အလှပြင်ပစ္စည်းနဲ့ အဆင်တန်ဆာ’
လက်ဆောင်ပေးနိုင်တဲ့ အလှပြင်ပစ္စည်းအမျိုးမျိုးရှိပါတယ်။ ပြီးတော့ ဆွဲကြိုး၊ နားကပ်လို အဆင် တန်ဆာတွေလဲရှိပါတယ်။ ဒါတွေဝယ်ပြီးလက်ဆောင်ပေးမယ်ဆိုရင် သတိထားရမဲ့အချက်တွေကတော့ ကိုယ့်ချစ်သူကြိုက်တဲ့ အရောင်သိရပါမယ်။ ဒီပစ္စည်းက ကိုယ့်ချစ်သူ မကြာခဏသုံးလို့ရမလားဆိုတာ စဉ်းစားရ ပါမယ်။
ဥပမာ ကိုယ့်ချစ်သူမိန်းကလေးက ရုံးဝန်ထမ်းဖြစ်တယ်။ ကိုယ်ကလဲ နားဆွဲကြီးကြီး၊ ဘီးကုတ် လှ လှမျိုးကိုမှ ပေးမိတယ်ဆိုရင် သူကြိုက်ပေမဲ့လဲ ရုံးတက်တိုင်းဝတ်ဆင်လို့မရတာမို့ မကြာခဏသုံးလို့ မရပါဘူး။ မိန်းကလေးများအနေနဲ့ကလဲ ကိုယ့်ချစ်သူယောက်ျားလေးအတွက်ရွေးရင် အရောင်တောက်တောက်ကြီးတွေ၊ ကလေးဆန်တာမျိုးတွေမဖြစ်ဖို့နဲ့ သူဘာကြိုက်လဲဆိုတာသိဖို့ လိုပါတယ်။ အရေးကြီးတာက ယောက်ျားလေး ခန္ဓာကိုယ်ပေါ်က အသုံးအဆောင်ရွေးရာမှာ ယောက်ျားဆန်တဲ့ဒီဇိုင်းဖြစ်ဖို့ လိုတာပါ။
‘အသားအရည်ထိန်းသိမ်းရေးပစ္စည်းနဲ့ ဆေးဝါးအာဟာရ’
ကိုယ့်ချစ်သူရဲ့အလှအပရေးရာအတွက် လက်ဆောင်ပေးမယ်ဆိုရင် အလှကုန်ထက်အရေးကြီးတဲ့ ပစ္စည်းတွေကတော့ အသားအရည်ထိန်းသိမ်းရေးပစ္စည်းတွေနဲ့ ဆေးဝါးတွေပါပဲ။ မိန်းကလေးတွေအတွက်ဆို ရင် မျက်လုံးတစ်ဝိုက်အရေးကြောင်းကင်းစေတဲ့ခရင်မ်နဲ့ နို့ရည်မျိုး၊ ယောက်ျားလေးတွေအတွက်ဆိုရင်လဲ မုတ်ဆိတ်ရိတ်ခရင်မ်နဲ့ လိုးရှင်းမျိုး စတဲ့အသားအရည်ထိန်းသိမ်းရေး ပစ္စည်းတွေ ရွေးချယ်စရာအများကြီးရှိပါ တယ်။ ဒါမျိုးတွေကိုလဲ အမှတ်တရအဖြစ်ပေးနိုင်ပါတယ်။
ဒါ့ပြင် စစ်မှန်တဲ့လှပခြင်းဖြစ်တဲ့ ကျန်းမာခြင်းကိုရရှိစေမဲ့ အားဆေး၊ အသားအရည်အားဆေး၊ အင်တီအောက်ဆီဒင့်မျိုးကို ပေးတာကလဲ သူများနဲ့မတူတဲ့လက်ဆောင်ပါ။ ကျန်းမာခြင်းလက်ဆောင်ဟာ တခြားလက်ဆောင်တွေထက် သာလွန်တာတော့ အမှန်ပါပဲ။
ခရီးထွက်မယ်ဆိုရင်
ချစ်သူများနေ့မှာ ခရီးသွားဖို့စဉ်းစားတယ်ဆိုရင်တော့ ချစ်သူနှစ်ဦးတည်းသွားမယ့်အစား သူငယ်ချင်း စုံတွဲတွေစုပြီး သွားသင့်ပါတယ်။ ဒါမှသာ ညအိပ်ညည့်နေ့ဖြစ်ရင်တောင် ယောက်ျားလေးအုပ်စု၊ မိန်းကလေး အုပ်စု ခွဲခြားတည်းခိုနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာလဲ စောင့်ထိန်းရမဲ့ဓလေ့တွေရှိတာမို့ မိဘ အုပ်ထိန်းသူများရဲ့ ခွင့်ပြုချက်ကိုတော့ မလွဲမသွေယူရပါမယ်။
‘ပင်လယ်ကမ်းခြေသွားမယ်ဆိုရင်’
တိုလွန်းတဲ့ရေကူးဝတ်စုံတဲ့အစား လုံခြုံစိတ်ချရတဲ့ရေကူးဝတ်စုံတွေ ရွေးသွားသင့်ပါတယ်။ ပင်လယ် ကမ်းခြေဟာ တခြားနေရာထက် ခရမ်းလွန်ရောင်ခြည်ပိုများတတ်တာမို့ SPF ကိန်းဂဏန်းများတဲ့ လိုးရှင်းကို ယူဆောင်သွားသင့်ပါတယ်။ ပင်လယ်ဆားငန်ရည်ထိတွေမှုက အသားအရည်ကို ညစ်ညမ်းစေတာမို့ လိုးရှင်းက ပဲ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ကျန်းမာရေးအတွက် ဆေးဝါးတွေကိုလဲ မမေ့မလျော့ယူသွားရပါမယ်။
ပင်လယ်စာနဲ့ဓာတ်မတည့်တဲ့သူတွေကတော့ အရေပြားပြဿနာဖြစ်တတ်လို့ ဆင်ခြင်ပြီးစားသင့်ပါ တယ်။ ကမ်းခြေရဲ့ ပြင်းတဲ့နေရောင်ထိုးလို့ မျက်လုံးနေစူးတာကာကွယ်ဖို့ အပျော်တပ်နေကာ မျက်မှန်အစား မျက်လုံးကို ခရမ်းလွန်ရောင်ခြည်မသက်ရောက်စေတဲ့ မျက်မှန်ရယ်၊ ဦးထုပ်ရယ် ယူဖို့လိုပါမယ်။
ကမ်းခြေမှာလဲ အမှတ်တရဓါတ်ပုံရိုက်တာမျိုး လုပ်သင့်ပါတယ်။ စိတ်ပညာရှင်တွေအလိုအရ တစ်ချိန်က ပျော်ရွှင်ဖွယ်အမှတ်တရဓာတ်ပုံတွေပြန်ကြည့်တာဟာ ကိုယ့်ရဲ့စိတ်အားကိုမြှင့်တင်ပေးတာမို့ ကမ်းခြေမှာချစ်သူနဲ့ခုန်နေတဲ့ပုံလေးကို အမိအရရိုက်ယူထားသင့်ပါတယ်။
ချစ်သူများနေ့ဟာ ကမ္ဘာ့သမိုင်းမှာတော့ အခက်အခဲတွေ၊ အတားအဆီးတွေကြားက ရှင်သန်ပေါက် ဖွားလာတဲ့ နေ့တစ်နေ့ပါ။ ဒီလိုအဓိပ္ပာယ်ရှိလှတဲ့နေ့လေးမှာ တန်ဖိုးရှိလှတဲ့ဘဝတွေကို ထိန်းသိမ်းရင်း ကိုယ်ချစ် ရတဲ့သူနဲ့အတူ ထာဝရအဆုံးထိ ပျော်ရွှင်စွာ လက်တွဲနိုင်ကြစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။
ကောလိယ ဝေယံမောင်မောင်
ဖေဖော်ဝါရီ၊ ၂၀၁၇
Myanmar People မဂ္ဂဇင်း










Comments
Post a Comment