၆၅၊ အမွေး(အမွေးအမှင်) - အမွှေး(အမွှေးအကြိုင်)

 




          ခန္ဓာကိုယ်ပေါ်က အမှင်တွေ၊ အမျှင်တွေကိုရေးတဲ့အခါ ‘အမွှေး’လို့ မှားရေးတတ်ကြပါတယ်။ ဒါ့ကြောင့် ‘အမွေး’ နဲ့ ‘အမွှေး’ မတူကြောင်း နှိုင်းယှဉ်ပြလိုပါတယ်။

အမွေး

            ခန္ဓာကိုယ်နဲ့ အရာဝတ္ထုပေါ်က အမျှင်/အမှင်၊ ဖွားမြင်၊ ကျွေးမွေး စတာတွေမှာ ‘မွေး’ လို့ရေးရတယ်။ ‘ဟထိုး’ မပါပါဘူး။ ချိုင်းမွေး၊ ပါးမုန်းမွေး၊ ပါးမြိုင်းမွေး၊ မျက်ခုံမွေး၊ မွေးကျွတ်နာ၊ မွေးညင်း၊ မွေးညှပ်၊ လည်ဆံမွေး၊ ဥဏ္ဏလုံမွေးရှင်တော် စတဲ့ အမွေးအမှင်နဲ့ပတ်သက်ရင် ‘မွေး’ လို့ရေးမဲ့အစား ‘မွှေး’ လို့ မှားရေးတတ်ကြပါတယ်။ ဒါဆိုရင် ဟထိုးဖြုတ်လိုက်ပါ။

အမွှေး

            ရနံ့နဲ့ပတ်သက်တာ၊ နမ်းရှုတာ၊ မီးရှို့တာတို့ဆိုရင် ‘မွှေး’ လို့ရေးရပါတယ်။ ‘ဟထိုး’ ပါပါတယ်။ ကြူကြူမွှေး၊ ထုံမွှေး၊ ပျံ့မွှေး၊ မီးမွှေး၊ မွှေးကြူ၊ မွှေးကြိုင်၊ မွှေးထုံ၊ မွှေးပျံ့၊ အမွှေးတိုင်၊ အမွှေးနံ့သာ၊ အမွှေးအကြိုင် စတာအကုန်လုံး ‘မွှေး’ ချည်းပါပဲ။ ဒီစကားလုံးတွေကျတော့ မှားခဲပါတယ်။


ကောလိယ ဝေယံမောင်မောင်

၂၄.၃.၂၀၂၃

Comments