၆၇၊ ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလဲ (မှား) ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထက် (မှန်)
မန္တလေးသား အဉ္ဇလီမောင်မောင်ရဲ့
သင်္ကြန်မိုးသီချင်းဟာ သင်္ကြန်မှာမပါမပြီးပါ။ ဆိုသူက ဇော်ဝမ်း။ သင်္ကြန်သီချင်းထဲက
သင်္ကြန်ဒိုးသံကို ပါးစပ်ကနေ ‘တူးပို့တူးပို့’ လို့ဆိုကြပါတယ်။ ဒိုးလို့ခေါ်တဲ့ ဗုံတစ်မျိုးဟာ မန္တလေးထုတ်ဆိုရင် ကျက်တဲ့သားရေ အထူအပါးရှိပြီး တူရိယာကိုစနစ်နဲ့တီးတာမို့ မန္တလေးက
သင်္ကြန်သံပိုထွက်တယ်တဲ့။ ဒါ့ကြောင့် သင်္ကြန်မိုးသီချင်းအတွက် တူရိယာစုံနဲ့ တီးသူဦးထွန်းရင်ကို
ရထားကြီးပေါ်တင်ပြီး မန္တလေးကနေ ရန်ကုန်သွား အသံသွင်းကြတယ်လို့ ဆိုပါတယ်။
ဒီနေရာမှာပြောချင်တာက
စာသားပါ။ သင်္ကြန်မိုးသီချင်းရဲ့ ဆိုလိုရင်းကတော့
“မိန်းကလေးတစ်ဦးက ပိတောက်အဖူးအငုံတွေ
ပန်ထားတယ်။
ပျော်ရွှင်တီးမှုတ်ပွဲမှာ
အငုံပန်တာထက် အပွင့်ပန်တာက ပိုလှမှာမို့လို့
သင်္ကြန်မိုးပြေးက ပိတောက်ငုံကနေ
ပွင့်လာအောင်ရွာပေးပါ။
သင်္ကြန်ပွဲပျက်အောင်မဟုတ်ဘဲ
ပိတောက်ပွင့်ရုံ၊ စိုရုံရွာပေးပါ။”
ဖြစ်ပါတယ်။
ပိတောက်ငုံကနေ ပိတောက်ပွင့်ဖြစ်စေချင်တဲ့
အာသီသလေးကြောင့် သီချင်းက အဓိပ္ပာယ်အပြည့်ပါ။ ဒါပေမဲ့ ပြန်ဆိုသူများက “ငုံနေရှာတဲ့
ပန်းပိတောက်ဖူးတွေထက်” ကို “ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလဲ” လို့ဆိုကြတယ်။ “ငုံနေတဲ့ပိတောက်ထက်၊
ပွင့်တဲ့ပိတောက်ပိုလှတယ်” ဆိုတဲ့အဓိပ္ပာယ်ကနေ “ပိတောက်တွေ ငိုနေတယ်” ဆိုတဲ့အဓိပ္ပာယ်ဖြစ်ကုန်ပါတယ်။
တေးသံရှင်များကလဲ နားထောင်ပြီးပြန်ဆိုရတော့
လွဲတာတွေကြုံတတ်ပါတယ်။ ကျွန်တော်လဲ ဂီတပညာရှင်မဟုတ်ပါဘူး။ ဒါပေမဲ့ တေးရေးနဲ့ တေးဆိုကို
‘စာပေနဲ့စကား’ ရှုထောင့်ကနေဂုဏ်ပြုချင်လို့ မူရင်းစာသားကို ဖော်ပြပေးပါရစေဗျာ။
သင်္ကြန်မိုး
ရေး - အဉ္ဇလီမောင်မောင်
ဆို - ဇော်ဝမ်း
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ။
ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထက်
ရာသီချိန်မီလှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့။
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့သင်္ကြန်အခါ
လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်အုံး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရယ် စိုရုံဖျန်းပက်အုံး။
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ။
ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငုံနေရှာတဲ့ ပန်းပိတောက်ဖူးတွေထက်
ရာသီချိန်မီလှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့။
(လန်းဆန်းတဲ့ပိတောက်ရယ် မိုးပြေးလေးရယ်
သင်းပျံ့စ တန်ခူးလေမှာ
ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင်
သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်အုံး
မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်အုံး။) ၂
ကောလိယ ဝေယံမောင်မောင်
၁၃.၄.၂၀၂၃
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment