ကောလိယမိသားစု၏ မဟာမင်းထင်ကျောင်း

နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အဦနှင့် နေရာများနေ့

ကောလိယမိသားစု၏ မဟာမင်းထင်ကျောင်း (မန္တလေး)







• ရှေးအကျဆုံးနဲ့ အကြီးဆုံး

မန္တလေးခေတ် မတိုင်မီခင်ကတည်းက ရှိခဲ့တဲ့ဘုန်းကြီးကျောင်ကြီးဆိုရင် "မဟာမင်းထင်" ကျောင်းကိုပြောရမှာပါ။ နိုင်ငံတော်ကနေ "ယဉ်ကျေးမှုအမွေအနှစ် သာသနိကရှေးဟောင်းအဆောက်အအုံ" အဖြစ် မော်ကွန်းတင်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ “ကျောင်းမှာမင်းထင်၊ သိမ်တွင်မိုးတား၊ ဘုရားအာနန္ဒာ” လို့စာဆိုဖြစ်လာစေတဲ့ ကျောင်းတကာ့ကျောင်းထဲမှာ အကြီးဆုံးအဖြစ် မှတ်တမ်းဝင်တဲ့ကျောင်းပါ။

မဟာမင်းထင်ကျောင်း ဒါယကာကြီး၏မျိုးဆက် ကောလိယမိသားစု



• ကျောင်းဒါယကာကြီး

ဒီကျောင်းကြီးကို ကျွန်တော့်အထက် ငါးဆက်မြောက်တော်စပ်တဲ့ ဘင်တော်က အင်းဝမြို့မှာ တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ သူဟာ အလောင်းမင်းတရား အနွယ်တော်ဖြစ်ပြီး ကောလိယမြို့စား၊ ရန်ကုန်ဝန်ကြီးမင်း ဦးညိုရဲ့ သားဖြစ်ပါတယ်။ သူ့အမည်က တောင်သာ+ညောင်အုပ်နှစ်မြို့ဝန် မဟာမင်းလှသီရိသင်္ခယာ ဦးဘိုး ဖြစ်ပါတယ်။

 
• ကျောင်းကြီးကို နေရာ(၂)ကြိမ်ရွှေ့

လွန်ခဲ့တဲ့နှစ်ပေါင်း (၁၇၀)ကျော်၊ အမရပူရခေတ် (၁၈၅၂)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၂၁၄) ရောက်တဲ့အခါ အင်းဝမြို့ကနေ အမရပူရမြို့ကို ကျောင်းကြီး ရွှေ့ပြောင်းခဲ့ပါတယ်။

နောက် မန္တလေးမြို့ပေါ်လာအပြီး (၁၈၇၆)ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၂၃၈)ရောက်လာပါတယ်။ ဦးဘိုးရဲ့သား၊ ကျွန်တော့်အဘီ (ကျွန်တော့်အထက် လေးဆက်မြောက်) ဖြစ်တဲ့ သံတော်ဆင့် ဓနက်ပလာ ဆင်ဝန်မဟာ မင်းတင်ပြာရှပ် မောင်မောင်ကြီးက အမရပူရကနေ မန္တလေးမြို့ကို ပြောင်းရွှေ့လာပါတယ်။ မင်းတင်ပြာရှပ် မောင်မောင်ကြီးနဲ့ ဝန်မင်းကတော်ဒေါ်ခင်ပုံတို့က သမီးတော်ဖြစ်တဲ့ ထနောင်းတိုင်စား ခင်ခင်ကြီးရဲ့ ရှင်ပြုနားသမင်္ဂလာပွဲကြီးကျင်းပပြီး ကျောင်းတော်ကြီးကိုရေစက်ချခဲ့ပါတယ်။





• ကျောင်းကြီး ဘာ့ကြောင့်ကြီးတယ်ပြောသလဲ

နှစ်ပေါင်း (၂၀၀) လောက်အတွင်းမှာ အင်းဝကနေ အမရပူရ၊ အမရပူရကနေ မန္တလေးကိုရွှေ့ခဲ့ပြီး ဒီနေ့တိုင်ကျန်တဲ့ကျောင်းဆိုရင် မြန်မာပြည်မှာ မဟာမင်းထင် ကျောင်းကြီးတစ်ခုပဲ ရှိပါလိမ့်မယ်။ အခုမြင်ရတဲ့ကျောင်းတိုက်ကြီးကို အတော်ကြီးတယ်လို့ ဆိုကြပါတယ်။ တကယ်တော့ နဂိုက အခုထက်(၃)ဆကြီးပါတယ်။ ဆောက်တုန်းက ကျောင်းဦးပြာသာဒ်ဆောင်၊ ဇေတဝန်ဆောင်၊ ဘောဂဆောင်ဆိုပြီး ဖွဲ့စည်းထားပြီး တိုင်လုံးကြီးပေါင်း(၄၆၂)လုံးရှိပါတယ်။ အင်းဝမြို့မှာရှိတဲ့ ကြီးလွန်းပါတယ်ဆိုတဲ့ ဗားကရာကျောင်းကြီးတောင် ကျွန်းတိုင်ပေါင်း (၂၆၇)လုံးပဲ ပါရှိပါတယ်။

ကြီးလွန်းလို့ မင်းတုန်းမင်းလက်ထက်မှာ အပြီးမသတ်နိုင်ဘဲ သီပေါမင်းလက်ထက် (၁၂၄၀)ပြည့်နှစ်မှ အပြီးသတ်နိုင်ပါတယ်။ အခုကျန်တဲ့အဆောင်ဆိုတာ ဇေတဝန်ဆောင်လို့ခေါ်တဲ့ ဘုရားကျောင်းဆောင်ထားတဲ့ အလယ်ဗဟိုကအဆောင်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့အဆောင်တွေ မရှိတော့ပါဘူး။



• နိုင်ငံတော်က မော်ကွန်းတင်

နိုင်ငံတော်၊ ယဉ်ကျေးမှုဝန်ကြီးဌာနက ကျွန်တော့်ဘိုးဘွားတွေရှိစဉ်မှာ ကျောင်းကြီးအကြောင်း ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ကျွန်တော့်မိခင် ပြောပြပါတယ်။ (၂၀၀၄)ခုနှစ်၊ ဧပြီ(၂၉)ရက်မှာ "ယဉ်ကျေးမှုအမွေအနှစ် သာသနိကရှေးဟောင်းအဆောက်အအုံ" အဖြစ် မော်ကွန်းတင်ခဲ့ပါတယ်။




 • ကျောင်းဒါယကာကြီးအမည် လွဲမှားနေ

ကျောင်းရဲ့ အရှေ့မြောက်ထောင့်က သရက်ကင်းလှေကားအနီးမှာ ရှေးဟောင်းသုတေသန ဦးစီးဌာန ကျောက်စာရှိတယ်။ ဦးမင်းထင်လို့ ရေးထိုးထားတယ်။ တကယ်က ဦးမောင်မောင်ကြီးပါ။ တချို့က ဦးကြီးကလေးလို့လဲ ခေါ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အမျိုးမှာ "မောင်မောင်" တွေပါနေခြင်းဖြစ်ပါတယ်။ မင်းထင်ဆိုတာ တိုင်းပြည်အရေး လျင်စွာဆောင်ရွက်လို့ မင်းတုန်းမင်းမှည့်တဲ့ "မင်းတင်ပြာရှပ်" ဘွဲ့ထဲကနေ ဆွဲယူတဲ့အမည်ပါ။ နောက်တစ်ခု "မင်းထင်" မဟုတ်ဘဲ "မင်းတင်" ဖြစ်ပါတယ်။

ကျွန်တော့် အဘီဖြစ်တဲ့ မင်းတင်ပြာရှပ် မောင်မောင်ကြီးဟာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး ၂၆.၂.၁၈၈၈ မှာ အနိစ္စရောက်ခဲ့ပါတယ်။ အခုလို ဧပြီ(၁၈) "နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အဦနှင့် နေရာများနေ့" မှာ ဘိုးဘေးအနွယ်တော်များကို အောက်မေ့တသရင်း အမျှပေးဝေလိုက်ရပါတယ်။





ကောလိယ ဝေယံမောင်မောင်
၁၈.၄.၂၀၂၃

#InternationalDayforMonumentsandSites
#မဟာမင်းထင်ကျောင်း
#ကောလိယ #ဝေယံမောင်မောင်
#KawliyaWaiYanMaungMaung
#ကောလိယဝေယံမောင်မောင်


Comments