၆၆၊ ရီးလေးခို/ယီးလေးခို (မှား) ဟီးလေးခို (မှန်)

 

 

           “ဝေဟင်မှာ လေပြင်စီး ဟီးလေးခိုကာကွယ်

  မောင့်ဆီကို မနားတမ်းဝဲပျံကာရယ်…”

‘မိုးယံမှသည်ချစ်သူဆီသို့’ ဆိုတဲ့သီချင်း။ ကိုတင်အောင်သန်းရေးပြီး ချိုမာလေးဆိုထားပါတယ်။ အဆိုတော်များစွာ ပြန်ဆိုကြတယ်။ ဒါပေမဲ့ ပြန်ဆိုတွေရဲ့ထုံးစံအတိုင်း စာသားတလွဲတွေ ဖြစ်ကုန်ပါတယ်။ “ဝေဟင်မှာ လေယာဉ်စီး ရီးလေးခိုကာကွယ်” တွေဖြစ်ကုန်တယ်။ ‘လေပြင်နဲ့ လေယာဉ်’ မှားတာထားပါအုံး။ ‘ဟီးလေးခို’ ကနေ ‘ရီးလေးခို (သို့မဟုတ်) ယီးလေးခို’ ဖြစ်တာတော့ အဓိပ္ပာယ်လုံးဝ ပျက်စီးသွားပါတယ်။

 

ဟီးလေးခို (မှန်)

            ‘ဟီးလေးခို’ဆိုတာ တွဲလဲဆွဲတာပါ။ အဘိဓာန်မှာ ‘တန်း စသည်၌ ကိုယ်ကိုတွဲလဲဆွဲသည်။’ လို့ဖွင့်ဆို ထားပါတယ်။ မိုးယံမှသည်ချစ်သူဆီသို့ သီချင်းမှာ ‘ချစ်သူကောင်မလေးက လေပြင်ကြီးကို ဟီးလေးခိုပြီး မောင့်ထံသွားချင်ကြောင်း’ စပ်ဆိုထားပါတယ်။

            ဒါဆိုရင် လွဲဆိုကြတဲ့ ‘ရီးလေးခို (သို့မဟုတ်) ယီးလေးခို’ မှာ အဓိပ္ပာယ်ရှိသလားဆိုတော့ မရှိပါဘူး။


ရီးလေး (မှား)

ရီးလေးနဲ့ နီးစပ်တာဆိုရင် ‘အရီးလေး’ တော့ရှိတယ်။ အဲဒါကလဲ အဒေါ်ဖြစ်သူကိုဆိုလိုချင်တာ။ ‘ရီးလေးခို’ ဆိုရင် ဒေါ်လေးကို တွဲလဲခိုသွားသလိုလို။


• ယီးလေး (မှား)

ယီးလေးလို့ဆိုရင် ပိုဆိုးတယ်။ လူမှုကွန်ရက်ပေါ်မှာ အမျိုးသားရဲ့ပစ္စည်းကိုရေးရင် ‘လ’ နဲ့မရေးဘဲ ‘ယပက်လက်’နဲ့ ‘ယီး’ လို့ရေးတတ်တယ်။ အဲဒီတော့ ‘ယီးလေးခို’ ဆိုတဲ့စာတန်းထိုးမြင်တိုင်း အဲဒါကြီးကို တွဲလောင်းခိုသွားလေရော့လားလို့ တွေးမိသေးပါတယ်။

‘ယီး’ နဲ့စတဲ့ စကားတော့ရှိတယ်။ အဲဒါက ‘ယီးတိုက်’ တယ်တဲ့။ လှေများလှော်တဲ့အခါ ‘ယီးလေလေ့’ ဆိုပြီး တစ်ညီတည်းအော်ဆိုကြတဲ့အသံ ဖြစ်ပါတယ်။


ကောလိယ ဝေယံမောင်မောင်

၉.၄.၂၀၂၃


#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင်


Comments