ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၁၁၊ ဖဲရီးအဲလက်စ် (Perry Ellis)

 ကောလိယ ဝေယံမောင်မောင်

လစဉ်တင်ဆက်ပေးနေတဲ့ ကမ္ဘာကျော်ထင်ရှား ဖက်ရှင်ဒီဇိုင်နာများဟာဖြင့်ရင် တကယ်ကိုအားကျ အတုယူဖွယ်ပါပဲ။ ကြိုးစားခဲ့ကြတဲ့နှစ်ကာလတွေ၊ ကျရှုံးခဲ့ကြတဲ့အကြိမ်အရေအတွက်တွေ၊ ပြန်ထနိုင်ခဲ့ကြတဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေက သူတို့ကို ကမ္ဘာကျော်တွေအဖြစ် တွန်းပို့ခဲ့တာ အသေအချာပါပဲ။ ဒီလမှာလဲ လူသာသေပြီး နာမည်မသေခဲ့တဲ့ မတ်လရဲ့မွေးနေ့ရှင် ဖက်ရှင်ဒီဇိုင်နာကြီးအကြောင်း ဖော်ပြပေးပါရစေ။

ဒီနေ့ခေတ် အမျိုးသားဖက်ရှင် အလှစားတွေကို ဖေ့စ်ဘုတ်ပေါ်၊ ၀က်ဘ်ဆိုက်တွေပေါ်မှာတွေ့တိုင်း ဖဲရီးအဲလက်စ် (Perry Ellis) တံဆိပ်များလားဆိုပြီး ကျွန်တော်ကြည့်မိပါတယ်။ အဲဒီတံဆိပ်ကတော့ ဖဲရီးအဲလက်စ် တည်ထောင်ခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး ဖက်ရှင်တံဆိပ်ပဲဖြစ်ပါတယ်။


ဖဲရီးအဲလက်စ် အမှတ်တံဆိပ်


ရိုးရှင်းတဲ့ငယ်ဘ၀

ဖဲရီးအဲလက်စ်ကို (၁၉၄၀)ခုနှစ်၊ မတ်လ(၃)ရက်နေ့က အမေရိကန်ပြည်ထောင်စု Portsmouth မြို့တော်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင် Winifred Rountree Ellis က အိမ်တွင်းစက်မှုအနေနဲ့ ကျောက်မီးသွေးနဲ့ အပူပေးလောင်စာဆီကုမ္ပဏီ ပိုင်ဆိုင်လေတော့ မိသားစုစား၀တ်နေရေးက အလယ်အလတ်တန်းစား ချောင်လည်တဲ့ထဲမှာ ပါ၀င်တာပေါ့။ တကယ်ကိုရိုးရှင်းတဲ့ မိသားစုလေးပါပဲ။

ဖဲရီးအဲလက်စ် (Perry Ellis) တံဆိပ် အမျိုးသားပွဲတက်၀တ်စုံ

ပညာရေး

(၁၉၅၇)မှာ သူတို့ဆီက ပြည်သူ့အထက်တန်းကျောင်းဖြစ်တဲ့ Woodrow Wilson High School မှာ တက်ခဲ့ပါတယ်။ ဒီလိုနဲ့ ကောလိပ်ကျောင်းသားဘ၀အရွယ်ရောက်ခဲ့ပါပြီ။ သူတက်တဲ့ကောလိပ်က အမေရိကန် ပြည်ထောင်စုထဲက နာမည်ကျော် ဟားဗက်တက္ကသိုလ်ကြီးပြီးရင် ဒုတိယသက်တမ်းအရင့်ဆုံး အဆင့်မြင့်ပညာ ကျောင်းကြီးပါ။ ဘုရင်ကြီး ဝီလျံ(၃)နဲ့ ဘုရင်မကြီး မေရီ(၂)တို့ တည်ထောင်ခဲ့တဲ့ College of William and Mary ကျောင်းဖြစ်ပါတယ်။ ကျောင်းမှာ စီးပွားစီမံဘာသာရပ်ကို လေ့လာပြီး ဘွဲ့ရခဲ့ပါတယ်။ နောက်ထပ်ဘွဲ့အနေနဲ့ မဟာဝိဇ္ဇာဘွဲ့ကို နယူးယောက်တက္ကသိုလ်ကြီးကနေ ရရှိခဲ့ပါတယ်။

အမျိုးသားသုံးရေမွှေးတစ်မျိုး

အလုပ်အကိုင်

သူ့စတင်လုပ်ကိုင်ခဲ့တဲ့ အလုပ်က သူ့ကိုဖက်ရှင်လောကထဲကို ရောက်စေခဲ့တယ်ပြောလို့ရပါတယ်။ အဲဒါကတော့ Miller & Rhoads ဆိုတဲ့ ဖက်ရှင်ဆိုင်ကြီးမှာ အဝယ်တော်အဖြစ် လုပ်ကိုင်ဖြစ်ခဲ့လို့ပါ။ အဲဒီနောက် နယူးယောက်မြို့တော်က အားကစား၀တ်စုံလုပ်ငန်းဖြစ်တဲ့ ဂျွန်မိုင်ယာ အော့ဖ် နောရှစ်ချ် (John Meyer of Norwich) မှာပြောင်းပြီးလုပ်ခဲ့တယ်။ သူ့ရဲ့ကနဦးအလုပ်အကိုင်တွေမှာ သူဟာ အတော်လေးကြိုးစားလုပ်ကိုင် ခဲ့တယ်လို့ သိနိုင်တဲ့အချက်ရှိပါတယ်။ အဲဒါကပဲ သူ့အောင်မြင်မှုအတွက် လမ်းစရခဲ့ခြင်းပါပဲ။

အမျိုးသားပွဲတက်၀တ်စုံ နှင့် အမျိုးသမီးကမ်းခြေ၀တ်စုံ ကြော်ငြာ

အောင်မြင်မှုလမ်းစ

ကြိုးစားစိတ်၀င်စားမှုတွေနဲ့ ဖက်ရှင်လောကထဲခြေချခဲ့တဲ့ ဖဲရီးအဲလက်စ်အတွက် (၁၉၇၀)ပြည့်လွန် နှစ်များရဲ့အလည်မှာ ကမ်းလှမ်းမှုတစ်ခုကြုံရပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ဗီးရာ (Vera) ကုမ္ပဏီများရဲ့  Double Knit ၀တ်စုံတွေကို ဒီဇိုင်းဆွဲဖို့ အပ်နှံခံခဲ့ရပြီလေ။ ဒါ့ကြောင့် များမကြာမီ (၁၉၇၆) နို၀င်ဘာလမှာ သူ့ရဲ့ ပထမဆုံးသော အမျိုးသမီး၀တ် အားကစား၀တ်စုံပိုင်းကို ဖော်ပြနိုင်ခဲ့ပါတယ်။ ဒီ၀တ်စုံတွေကိုတော့ ပေါ့ဖိုးလီယို (Portfolio) လို့ ခေါ်တွင်ခဲ့ပါတယ်။

ဖဲရီးအဲလက်စ်က ပုံကြမ်းမဆွဲနိုင်ခဲ့ပေမဲ့လဲ လုပ်ငန်းတွေဘယ်လိုလည်ပတ်နေတယ်ဆိုတာ တိတိပပ သိတယ်။ ဆန်းကွန့်မြူးနိုင်တဲ့ မဟာအကြံကောင်းတွေ ထုတ်နိုင်တယ်။ သူကြံဆတဲ့ ဂန္ထဝင်လက်ရာသစ်တွေ ဟာ အဲဒီအချိန်မှာ အမေရိကန်မိန်းမသားတွေလိုချင်နေတာနဲ့ အံကိုက်ခဲ့ပါတယ်။

ဖဲရီးအဲလက်စ် Perry Ellis အမျိုးသမီးဖက်ရှင်

ကိုယ်ပိုင်လုပ်ငန်းတည်ထောင်

ဖဲရီးအဲလက်စ်ဟာ သူ့ရဲ့ကနဦးဘုံမြေ ဗီးရာကုမ္ပဏီများနဲ့ လုပ်ကိုင်ရင်း (၁၉၇၈)မှာ ကိုယ်ပိုင်တံဆိပ် စတင်ဖန်တီးနိုင်ခဲ့ပါတယ်။ နာမည်ကိုတော့ ဖဲရီးအဲလက်စ် အင်တာနေရှင်နယ် (Perry Ellis International) လို့ ပေးလိုက်တယ်။ အရောင်းပြခန်းကို နယူးယောက်မြို့တော် သတ္တမရိပ်သာရပ်ကွက်မှာ ဖွင့်လှစ်လိုက်ပါတယ်။ တကယ့်ကိုစည်ကားလှပြီး တစ်ကမ္ဘာလုံးကသွားချင်တဲ့ နေရာကောင်းပါ။ သူက သူ့လုပ်ငန်းကို ဥက္ကဋ္ဌနဲ့ ဒီဇိုင်နာခေါင်းဆောင်အဖြစ် စီမံအုပ်ချုပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ထပ်ပြီးတီထွင်ထုတ်လုပ်ခဲ့တာကတော့ အမျိုးသားဖက်ရှင်အုပ်စုတွေပါ။ ဒီအတွက် အမှတ်သညာပြုထားတဲ့ ဆောင်ပုဒ်ကတော့ “ရိုးရာမဟုတ်သော ခေတ်မီဂန္ထဝင်များ” (Non Traditional, Modern Classics) တဲ့။ အမျိုးသားအတွက် ထုတ်ကုန်တွေကိုတော့ ရှုးဖိနပ်ထုတ်လိုက်၊ အဆင်တန်ဆာတွေ ထုတ်လိုက်၊ သားမွေးထည်တွေထုတ်လိုက်၊ ရေမွှေးထုတ်လိုက်နဲ့ တစ်စတစ်စ တိုးထုတ်ခဲ့ပါတယ်။

၀တ်စုံအစမ်း၀တ်ပေးနေသော ဖဲရီးအဲလက်စ် (Perry Ellis)

တိုးချဲ့ဖန်တီးမှုများ

သူ့ရဲ့ဖက်ရှင်တွေဟာ နည်းနည်းစီတိုးချဲ့ရင်း ခိုင်မာလာပါတယ်။ (၁၉၈၀)ခုနှစ်များမှာ သူ့လုပ်ငန်းကို ထပ်တိုးချဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ အထက်တန်းစား တံဆိပ်တွေဘက်ကို ခြေလှမ်းခဲ့ပါတယ်။ Perry Ellis Collection နဲ့ Perry Ellis Portfolio တွေမျိုးအတွက် ဆက်ပြီးတိုးချဲ့လိုက်တာ (၁၉၈၂)မှာ ၀န်ထမ်းပေါင်း (၇၅)ယောက်ထိ ရှိလာခဲ့ပါပြီ။

(၁၉၈၄)မှာ Perry Ellis America ဆိုတဲ့တံဆိပ်ကို လုပ်ငန်းကြီးတစ်ခုနဲ့ ပူးတွဲထုတ်လုပ်ခဲ့ပါတယ်။ အဲလုပ်ငန်းက တခြားမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးကတင်မက မြန်မာပြည်မှာပါ မက်မက်စက်စက် ဖြစ်ကြရတဲ့ လီးဗိုက်စ် (Levi’s) တံဆိပ်ကထုတ်တဲ့ လီးဗိုင်းစထရောစ် အန်ကို (Levi Strauss & Co.) ပါပဲ။ အမေရိကန်ရဲ့ အကျော်ဇေယျဒီဇိုင်နာကြီး မိုက်ကယ် ဘတ်စ်ရှင် (Michael Bastian) က ဖဲရီးအဲလက်စ်အပေါ် ဒီလိုမျိုး မှတ်ချက်ပေးဖူးတယ်။ “ဘယ်သူမှ သူ့လောက်ကောင်းတာ မလုပ်နိုင်ခဲ့ဘူး။”

လူငယ်များအတွက် ဖက်ရှင်တစ်မျိုး

အမေရိကန်ဒီဇိုင်နာများရဲ့ အထွဋ်အထိပ်ရာထူးထမ်းဆောင်

ဖဲရီးအဲလက်စ်ဟာ နာမည်ကျော်များဆီက မှတ်ချက်ကောင်းတွေ အများကြီးပေးခံရသူပါ။ ဆန်းသစ် တီထွင်မှုတွေလဲ စဉ်ဆက်မပြတ်လုပ်ခဲ့သူပါ။ ဒီလိုနဲ့(၁၉၈၄)ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာ များကောင်စီ (CFDA)ရဲ့ ဥက္ကဋ္ဌကြီးအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ဒီအဖွဲ့ကြီးအတွက် (၁၉၈၆)ခုနှစ်ထိ (၂)နှစ် ကြာအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

 

ဖဲရီးအဲလက်စ် ဘ၀ဇာတ်ခုံ

ဖဲရီးအဲလက်စ်ဟာ ချစ်ရေးချစ်ရာနဲ့ပတ်သက်ပြီး (၁၉၈၁)မှာ လော့ဖ်လင်း ဘားခါ (Laughlin Barker) နဲ့ လက်တွဲဖူးပါတယ်။ (၁၉၈၄)မှာတော့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ စာရေးဆရာမ ဘားဘရာ ဂဲလ်လဂါး (Barbara Gallagher) နဲ့အတူ သားအိမ်တွင်း မျိုးထည့်တဲ့နည်းနဲ့ ကလေးယူဖြစ်ခဲ့ကြ ပါတယ်။ သမီးလေးနာမည်ကို ထိုင်းလာ အလက်ဇန္ဒရား ဂဲလ်လဂါး အဲလက်စ်  (Tyler Alexandra Gallagher Ellis) လို့ မှည့်ခဲ့ကြပါတယ်။ သူ့သမီးကလဲ ဒီနေ့ခေတ် နာမည်ကျော်ဒီဇိုင်နာကြီး ဖြစ်လာခဲ့ပြန်ပါတယ်။

အရောင်အနုအရင့်တွဲစပ်ထားသော ဖဲရီးအဲလက်စ် (Perry Ellis) ရှပ်အင်္ကျီ

နောက်ဆုံးခရီး

(၁၉၈၅)ခုနှစ်၊ အောက်တိုဘာလမှာ သူ့ရဲ့ဖက်ရှင်ပွဲလုပ်တော့ စင်ပေါ်တက်လာခဲ့တယ်။ စင်မြင့်ပေါ်က သူ့ရုပ်သွင်ကပိန်ချုံးကျပြီး အိုစာနေတဲ့ပုံ ပေါက်နေခဲ့တာပါ။ ဒါ့ကြောင့် သူဟာ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေပြီလို့ ကောလာဟာလသတင်းတွေ ထွက်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူနဲ့တွဲနေတဲ့ လော့ဖ်လင်း ဘားခါ ဆေးစစ်တော့ အေအိုင်ဒီအက်စ်နဲ့ဆက်နွှယ်တဲ့ အဆုတ်ကင်ဆာတွေ့ရပြီး (၁၉၈၆)မှာ သေလွန်ခဲ့ ပါတယ်။

ဖဲရီးအဲလက်စ်ဟာလဲ အိုမင်းချုံးချ နာဖျားကျခဲ့ရှာပါတယ်။ (၁၉၈၆)၊ မေလ(၆)ရက်နေ့မှာ ကျင်းပတဲ့ သူ့ရဲ့ဖက်ရှင်ရှိုးတက်ပြီး နောက်ဆုံးအစီအစဉ်မှာ စင်ပေါ်လှမ်းဖို့ ခွန်အားချည့်နေခဲ့ပါပြီ။ အကူနှစ်ယောက်နဲ့ တွဲတက်ခဲ့ရတဲ့ အဲဒီပွဲဟာတော့ သူ့ရဲ့ နောက်ဆုံးသောလူမြင်ကွင်းထွက်ခဲ့ခြင်းပါပဲ။

ဒီလိုနဲ့ ကာလရှည်မေ့မျောခြင်း စတင်ခံစားရတဲ့အချိန်ကနေ စပြီးဆေးရုံတက်ရခဲ့ရာကနေ (၁၉၈၆)၊ မေလ(၃၀)ရက် (၄၆)နှစ်အရွယ်မှာ အနိစ္စရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အေအိုင်ဒီအက်စ် နဲ့ပတ်သက်ပြီး မှတ်ချက်ပေးမသွားသလို သတင်းစာတော်တော်များများကလဲ အေအိုင်ဒီအက်စ်ရောဂါနဲ့ သေကြောင်း မရေးသားခဲ့ကြပါဘူး။

  

အပ်နှင်းခံရသောဆုများ

ဖက်ရှင်အောင်မြင်ခြင်းလမ်းမပေါ်မှ သူ့အတွက်ဂုဏ်ပြုကမ္ဗည်း

• Coty American Fashion Critics' Awards                                                          ၁၉၇၉ မှ ၁၉၈၄ ထိ
(ဤဆုကို ဖော်ပြပါခုနှစ်များအတွင်း ရှစ်ကြိမ်ထိပင် အပ်နှင်းခံရသည်။)
• အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီ (CFDA) ဆု                                            ၁၉၈၁
• အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီ (CFDA) ဂုဏ်ပြုဆု                                  ၁၉၈၆
(ဤဆုကို ၎င်းကွယ်လွန်ပြီးတွင် အပ်နှင်းခံရသည်။)
• Fashion Walk Of Fame ကြေးဖြူကဗ္ဗည်းတင် ဂုဏ်ပြုခြင်း                                                      ၂၀၀၂
(အမေရိကန်ပြည်ထောင်စု၊ သတ္တမရိပ်သာ ၃၄လမ်း နှင့် လမ်း၄၀ကြားသည်
ဖက်ရှင်အောင်မြင်ခြင်းလမ်းမဖြစ်ပြီး အကျော်ဇေယျများ၏ အမည်နာမများကို
လျှောက်လမ်းတစ်လျှောက် ကမ္ဗည်းတင်ထားသည်။)

အရောင်တွဲစပ်မှုဖက်ရှင်ကျသော ဖက်ရှင်တစ်စုံ


ကျွန်တော်လေးစားအားကျရတဲ့ အမေရိကန်ပြည်ထောင်စု ဖက်ရှင်ဒီဇိုင်နာများကောင်စီရဲ့ ဥက္ကဋ္ဌဟောင်း၊ ဖက်ရှင်အောင်မြင်ခြင်းလမ်းမှာ ကမ္ဗည်းထိုးတင်ဂုဏ်ပြုခံရသူ၊ ဖဲရီးအဲလက်စ် ဖက်ရှင်တံဆိပ်ကို တည်ထောင်သူကြီး ဖဲရီးအဲလက်စ်ရဲ့မွေးနေ့ဟာ အခုမတ်လ(၃)ရက်နေ့ပါပဲ။ လူတိုင်းဟာ တစ်နေ့မှာ သေကြစမြဲဖို့ ဘယ်ရောဂါနဲ့သေတယ်ဆိုတာထက် သူ့လောကအတွက် ဘာလုပ်ပေးသွားတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ဆင်ခြင်မိရင်း ဖက်ရှင်ဒီဇိုင်နာကြီး ဖဲရီးအဲလက်စ် ကောင်းရာဘ၀မှာ ရောက်ရှိနေမယ်လို့ ယုံကြည်မိပါတော့တယ်ဗျာ။

ကောလိယ ဝေယံမောင်မောင်

မတ်လ၊ The CHIC မဂ္ဂဇင်

#Perry Ellis

#ကမ္ဘာကျော်ကြားဖက်ရှင်ဒီဇိုင်နာများ

 

Comments