ကောလိယ ဝေယံမောင်မောင်
မြန်မာ့နှစ်သစ်ကူးကာလကို ရောက်လာပြန်ပြီပေါ့ဗျာ။ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတွေရဲ့အကြောင်း ကိုလဲ ဆက်လက်တင်ဆက်ပေးနေပါတယ်ဗျ။ သူတို့ရဲ့အကြောင်းတွေက တကယ်စိတ်ဝင်စားဖို့ကောင်းပြီး အားကျစရာလဲ ကောင်းလှပါတယ်။ ပြီးခဲ့တဲ့လက Perry Ellis (ဖဲရီးအဲလက်စ်) တံဆိပ်ဖန်တီးရှင် ဒီဇိုင်နာ ဖဲရီးအဲလက်စ်အကြောင်း တင်ဆက်ပြီးတဲ့နောက် ဒီလမှာလဲ ဧပြီလဖွား တစ်မူထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးရဲ့အကြောင်းကို တင်ဆက်ပေးဖို့ရှိပါတယ်။ သူဟာဆိုရင် ဒီဇိုင်နာသတ်သတ်မဟုတ်ဘဲ ကမ္ဘာကျော် မော်ဒယ်လ်၊ တေးသံရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်လဲ ဖြစ်နေပါတယ်။ သူ့အမျိုးသားဟာလဲ ကမ္ဘာကျော် ဘောလုံးသမားတစ်ဦး ဖြစ်နေပြန်တယ်။ တခြားလူမဟုတ်ပါဘူး။ သူကတော့ ဒေးဗစ်ဘက်ခမ်းကတော် ဗစ်တိုးရီးယားဘက်ခမ်းပဲ ဖြစ်ပါတယ်။
ငယ်ဘဝ
ဗစ်တိုးရီးယားဘက်ခမ်းကို (၁၉၇၄)ခုနှစ်၊
ဧပြီလ(၁၇)ရက်နေ့က အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ နာမည်အပြည့်အစုံကတော့
Victoria Caroline Beckham ဖြစ်ပါတယ်။ အဖေက လျှပ်စစ်အင်ဂျင်နီယာ၊ အမေက အာမခံလုပ်ငန်းစာရေးနဲ့
ဆတ္တာသည်တစ်ယောက်ဖြစ်ပါတယ်။
![]() |
| သဘာဝဆန်သောဖက်ရှင်အနုပညာတစ်ခု |
ပညာရေး
(၁၉၈၀)ပြည့်နှစ်မှာ နာမည်ကျော် လိန်း ပြဇာတ်အနုပညာကျောင်း
(Laine Theatre Arts) မှာ မော်ဒယ်လ်နဲ့ အကပညာရပ်တွေ သင်ကြားခဲ့ပါတယ်။ ပြီးတော့ စိန့်မေရီ
အင်္ဂလိပ်ခရစ်ယာန် စာသင်ကျောင်း (St. Mary's Church of England School) မှာ ဆည်းပူးခဲ့ပါသေးတယ်။
နောက်ဆုံးမှာ ပါဆွေးရှင်း (Persuasion) ဆိုတဲ့ တီးဝိုင်းအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
![]() |
| ဘွတ်ဖိနပ်၊ ဆွယ်တာ၊ ဦးထုပ်များဖြင့် ယောက်ျားဆန်ဆန်ဖက်ရှင်တစ်ခု |
![]() |
| မော်ဒယ်လ်၊ တေးသံရှင်၊ ဖက်ရှင်ဒီဇိုင်နာ၊ စီးပွားရေးလုပ်ငန်းရှင် ဗစ်တိုးရီးယားဘက်ခမ်း |
ဖက်ရှင်ဒီဇိုင်နာဘဝအစ
ဗစ်တိုးရီးယားဘက်ခမ်းတစ်ယောက် (၂၀၀၀)ပြည့်နှစ်၊
ဖေဖော်ဝါရီလမှာကျင်းပတဲ့ ဗြိတိသျှ အမျိုးသမီးဖက်ရှင်ဒီဇိုင်နာ မာရီယာ ဂရှပ်ဗိုဂယ်
(Maria Grachvogel) ရဲ့ဖက်ရှင်ရှိုးမှာ ဧည့်သည်တစ်ဦး အနေနဲ့ စင်ပေါ်တက်ပြီး လျှောက်လှမ်းခဲ့ရပါတယ်။
မှတ်မှတ်ရရအနေနဲ့တော့ လန်ဒန်မှာကျင်းပတဲ့ ကမ္ဘာကျော် လန်ဒန်ဖက်ရှင်ရက်သတ္တပတ်
London Fashion Week မှာ မော်ဒယ်လျှောက်ခဲ့ရပါတယ်။
သူဟာ မော်ဒယ်လ်အပြင် အားကျစရာအလုပ်တစ်ခုလဲ
ထမ်းဆောင်ရပါသေးတယ်။ အဲဒါကတော့ D & G လို့ အများသိကြတဲ့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ်
Dolce & Gabbana (ဒေါ်ချေး အန် ဂဘာနာ) ရဲ့ ဗြိတိသျှ သံတမန်တစ်ဦး၊ အမေရိကန်
Rocawear (ရိုကာဝဲ) ဖက်ရှင်ရဲ့ မျက်နှာဖုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းပါပဲ။
ဗစ်တိုးရီးယားဘက်ခမ်းဟာ (၂၀၀၄) ခုနှစ်မှာ
အမေရိကန်ထုတ် Rock & Republic ဖက်ရှင်အတွက် "VB Rocks" ဆိုတဲ့ ဝတ်စုံတွေကို
အရေအတွက်အကန့်အသတ်နဲ့ ဒီဇိုင်းထုတ်လုပ်ပေးခဲ့ရပါတယ်။ အရည်အသွေးမြင့်ဖက်ရှင်မို့လို့
အဲဒီနှစ်ပေါက်ဈေးတန်ဖိုးဟာ ဒေါ်လာ(၃၀၀)လောက်ထိ ပေါက်ခဲ့ပါသတဲ့။
![]() |
| ကမ္ဘာကျော် ဗို့ဗ်မဂ္ဂဇင်း (VOGUE) မျက်နှာဖုံးမှ ဗစ်တိုးရီးယားဘက်ခမ်း၏စတိုင် |
ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းအစ
ဗစ်တိုးရီးယားဘက်ခမ်းဟာ Rock &
Republic မှာ လုပ်ပြီးနောက်ပိုင်း (၂၀၀၆)ခုနှစ်၊ စက်တင်ဘာလမှာ DVB (Denim by
Victoria Beckham) ဆိုတဲ့ ဂျင်းဖက်ရှင်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဖက်ရှင်ကို (၂၀ဝ၇)ခုနှစ်၊
ဇွန်လ(၁၄)ရက်၊ နယူးယောက်မြို့တော် ဆက်စ် ဖစ်ဖ် အဗန်းညူး (Saks Fifth Avenue) အဆင့်မြင့်ကုန်တိုက်ကြီးမှာ
မိတ်ဆက်ပြသနိုင်လိုက်ပါပြီ။ ဖက်ရှင်တင်မဟုတ်ပါဘူး။ မျက်မှန်တစ်လိုင်းလဲ ပါပါသေးတယ်။
သူ့ရဲ့ပထမဆုံးသွင်ပြင်တွေကို ချပြနိုင်ခဲ့တဲ့
နောက်ထပ်လှုပ်ရှားမှုလည်းရှိပါသေးတယ်။ လန်ဒန်မှာ နှစ်စဉ်ကျင်းပတဲ့ Graduate
Fashion Week မှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ခြင်းပါပဲ။ အဲဒီပွဲမှာ လန်ဒန်ရဲ့ အထင်ကရ
River Island ဖက်ရှင်ရဲ့ ရွှေဆုကို ချီးမြှင့်ပေးအပ်ဖို့ပါပဲ။ ဆုကြေးငွေကတော့ လက်ဖျားခြေဖျား
ခါလောက်ပါပေတယ်။ အဲဒီကာလကြေးငွေက ယူရိုငွေ(၂၀၀၀)ပါတဲ့ဗျာ။ မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့
ကျပ်သုံးသန်းလောက် ရှိခဲ့ပါတယ်။
![]() |
| DVB ဖက်ရှင်တံဆိပ် |
တိုးတက်ပြောင်းလဲလာသောလုပ်ငန်း
သူ့ရဲ့လုပ်ငန်းတွေဟာ သူ့ရဲ့ကနဦးကျော်ကြားမှုတွေနဲ့အတူ
ပိုမိုအောင်မြင်လာခဲ့ပါတယ်။ နောက်ခြေတစ်လှမ်းကတော့
ဗစ်တိုးရီးယားဘက်ခမ်းရေမွှေးလို့ ကမ္ဘာကျော်စေတဲ့ ကိုယ်ပိုင်ရေမွှေးတံဆိပ် စတင်ခဲ့ခြင်းပဲဖြစ်ပါတယ်။
ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်းနဲ့အတူ ရေမွှေးတွေထုတ်ခဲ့တာ အမျိုးပေါင်း (၂၀) ကျော်တယ်လို့
သိရပါတယ်။
![]() |
ဘက်ခမ်းတို့နှစ်ဦးကို ပြင်သစ်ဘာသာဖြင့်ထုတ်ဝေသော
VOGUE မဂ္ဂဇင်းမျက်နှာဖုံးတွင် တွေ့ရစဉ် |
(၂၀၀၇)ခုနှစ်၊ သြဂုတ်လမှာ V Sculpt နာမည်နဲ့
အလှကုန်တွေထုတ်လုပ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖြန့်ချိခဲ့ပြန်ပါတယ်။ သူ့လုပ်ငန်းတွေ
တိုးတက်အောင်မြင်လာမှုက တစ်နှစ်ပြီးတစ်နှစ် အားရစရာ ကောင်းလှ ပါတယ်။
(၂၀၀၇)မှာ သူချုပ်တဲ့ဝတ်စုံဟာ LA
Galaxy သတင်းစာရှင်းလင်းပွဲမှာ ရေပန်းစားခဲ့ပြန်ပါတယ်။ ဒါ့ပြင် ဖက်ရှင်မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ
သူပါဝင်တဲ့အရေအတွက်ဟာ ရေတွက်လို့မရတော့ပါဘူးတဲ့။ Vogue မဂ္ဂဇင်းတို့၊ I-D မဂ္ဂဇင်းနဲ့
ဗြိတိသျှ၊ ဂျာမန်၊ ရုရှား၊ သြစတေးလျ၊ ထိုင်ဝမ်၊ တရုတ်၊ စပိန် စတဲ့ဘာသာနဲ့ ပြန်ဆိုထုတ်ဝေတဲ့
Vogue မဂ္ဂဇင်းတွေမှာလဲ ပါဝင်တယ်လို့ သိရပါတယ်။
![]() |
| ဗစ်တိုးရီးယားဘက်ခမ်းနှင့် သူ့ဖက်ရှင်ဆိုင်တစ်ခု |
ကိုယ်ပိုင်ဖက်ရှင်တံဆိပ်စတင်
သူရဲ့ ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ကိုတော့
(၂၀၀၈)ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်လုပ်ခဲ့ပါတယ်။ (၂၀၁၁)တုန်းက နယူးယောက်ဖက်ရှင်ရက်သတ္တပတ်မှာ
ဈေးနှုန်းနည်းတဲ့ Victoria by Victoria Beckham တံဆိပ်ကို မိတ်ဆက်ခဲ့ပါတယ်။ (၂၀၁၁
- ၂၀၁၂) နှစ်ရဲ့ ပထမသုံးလပတ်စာရင်းအရ နှစ်စဉ်ရောင်းရငွေက ယူရိုငွေ သန်း(၆၀)ကျော်ရရှိခဲ့ပါတယ်။
သူထုတ်တဲ့ ဂျင်းဖက်ရှင်၊ မျက်မှန် နဲ့
ရေမွှေးထုတ်ကုန်တွေဟာ တစ်မျိုးနဲ့တစ်မျိုး ယှဉ်လျက် ကျော်ကြားပေါက်မြောက်ခဲ့တာပါ။ The
Whisper အဖွဲ့ရဲ့ သုတေသနပြုလုပ်ချက်အရဆိုရင် (၂၀၁၂)ခုနှစ် အတွင်း တွစ်တာသုံးစွဲနေတဲ့
ငါးသောင်းခုနစ်ထောင်ကျော်သော ပရိတ်သတ်တွေကြား အပြောများဆုံးသော ဖက်ရှင်ဒီဇိုင်နာဟာ
ဗစ်တိုးရီးယားဘက်ခမ်းပဲဖြစ်ခဲ့ပါတယ်။
(၂၀၁၄)၊ ဖေဖော်ဝါရီထုတ် ဗြိတိသျှအွန်လိုင်းသတင်းစာကြီး
The Independent မှာ Alexander Fury က သူဟာ လေးစားဖွယ်ရာ ဖက်ရှင်ဒီဇိုင်နာဖြစ်ကြောင်း
တစ်ခမ်းတစ်နားရေးသား ဖော်ပြခဲ့ပြန်ပါတယ်။
![]() |
| ဗစ်တိုးရီးယားဘက်ခမ်း၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိစာအုပ် |
အပ်နှင်းခံရသောဆုများ
![]() |
| ဗြိတိသျှဖက်ရှင်ဒီဇိုင်နာဆုလက်ခံအပြီး |
ဗစ်တိုးရီးယားဘက်ခမ်းဟာ ဂီတ၊ ဖက်ရှင်၊
ကျော်ကြားမှု ဒါတွေအတွက် ဆုတွေအပ်နှင်းခံခဲ့ရ ပါတယ်။
·
British
Fashion Award ၂၀၁၁
·
Harper's
Bazaar Women Of The Year Award ၂၀၁၃
ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာများစွာရှိပေမဲ့
ထိပ်တန်းစာရင်းဝင်ဆိုတာ လက်ချိုးရေလို့ရပါတယ်။ အဲဒီ စာရင်းထဲမှာ ဗစ်တိုးရီးယားဘက်ခမ်းလဲ
တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ စွယ်စုံရအနုပညာရှင် ဗစ်တိုးရီးယား ဘက်ခမ်းတစ်ယောက် ချစ်လှစွာသောခင်ပွန်းသည်
ဒေးဗစ်ဘက်ခမ်း၊ ချစ်လှစွာသော ရင်သွေးများနဲ့အတူ သေတစ်ဖန်သက်တစ်ဆုံး ကျန်းမာချမ်းသာစွာကျော်ဖြတ်သွားနိုင်ပါစေလို့
ဆန္ဒပြုရင်း ဧပြီလ(၁၇)ရက် မွေးနေ့မှာ ပျော်ရွှင်ပါစေလို့လဲ ဆုတောင်းလိုက်ပါတယ်ဗျာ။
ကောလိယ
ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇၊ ဧပြီ










Comments
Post a Comment