ကမ္ဘာဂြိုဟ်၌ရော၊
အချို့ဂြိုဟ်များ၌ပါ မုန်တိုင်းရှိသည်။ ကမ္ဘာပေါ်ရှိ ဘေးအန္တရာယ်များအနက် အဆိုးဆုံးဘေးမှာ
သဘာဝဘေး (Natural Disaster) ဖြစ်သည်။ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊
မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခြင်း တို့သည် တားဆီးမရဘဲ သဘာဝအလျောက် ဖြစ်ပေါ်သည့်အတွက်
အသေအပျောက်၊ အဆုံးအရှုံး အများဆုံးဖြစ်သည်။ ယင်းတို့အနက် မုန်တိုင်းသည်လည်း သဘာဝဘေးတစ်မျိုး
ဖြစ်သည်။
![]() |
| မုန်တိုင်းကြောင့် ယိမ်းနွဲ့နေသော သစ်ပင်များ |
မုန်တိုင်းသည်
“အဟုန်ပြင်းစွာတိုက်သောလေ။ လေပြင်း။” ဟု အဘိဓာန်ကဖွင့်ဆိုသည်။ ရေထုသည် အမြင့်မှအနိမ့်
စီးဆင်းသည်။ လေလည်း ထို့အတူပင်။ လေထုသည် အကြောင်းတစ်ခုခုကြောင့် ပေါ့ပါးသွားလျှင် လေဖိအားနည်းရပ်ဝန်း
(Low-pressure Area) ဖြစ်သွားသည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ ထူလေးသည့်လေများ စီးဝင်လာသည်။
သို့သော် အလယ်ဗဟိုသို့ အတည့်ဝင်မရဘဲ လှည့်ပတ်ဝင်ရ၏။ ထိုပတ်ဝင်နေသည့် အရာသည် မုန်တိုင်းဖြစ်၏။
ကမ္ဘာကြီးသည် အနောက်မှအရှေ့သို့ လည်ပတ်နေသည်။ ထို့ကြောင့် လေသည် အီကွေတာ မြောက်ခြမ်း၌
လက်ဝဲရစ်ဝင်ပြီး အီကွေတာတောင်ခြမ်း၌ လက်ယာရစ်ဝင်သည်။
ပထဝီအနေအထားအရ မြန်မာနိုင်ငံအပါအဝင်
ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ တောင်တရုတ်ပင်လယ်တို့မှာ အပူပိုင်းဇုန်၌ပါဝင်သည်။
ယင်းပင်လယ်ပြင်များ၌ စတင်ဖြစ်ပေါ်သော မုန်တိုင်း များကို အပူပိုင်းမုန်တိုင်းများဟု
သတ်မှတ်သည်။
![]() |
| လေဆင်နှာမောင်းနှင့် မိုးကြိုး |
၁၊ ရေငွေ့အလုံအလောက်ရနိုင်သော ပင်လယ်/သမုဒ္ဒရာကျယ်ရှိခြင်း
၂၊ ပင်လယ်/သမုဒ္ဒရာ မျက်နှာပြင်အပူချိန်
အနည်းဆုံး(၂၆.၅)ဒီဂရီစင်တီဂရိတ် နှင့်အထက်ရှိခြင်း
၃၊ အီကွေတာမှ အနည်းဆုံး (၆)ဒီဂရီလတ္တီတွဒ်
အကွာအဝေးရှိခြင်း
၄၊ လေထုအောက်လွှာ၌ လေထုမငြိမ်မသက် ဖြစ်နေခြင်း
၅၊ လေထုအောက်ရှိ လေထုမငြိမ်မသက်ဖြစ်နေသော
နေရာ၏အထက်၌ အပြင်သို့လေဖြာထွက်ခြင်း
![]() |
| ဂြိုဟ်တုက ဖမ်းယူထားသော မုန်တိုင်းပေါ်ရှိ တိမ်တိုက်တစ်ခု |
တစ်နာရီလျှင်တိုက်သောနှုန်းကို
လေတိုက်နှုန်းဟုခေါ်ပြီး တစ်နာရီလျှင် မိုင်(၂၀)နှင့်အထက်ရှိမှ မုန်တိုင်းငယ်အဆင့်သို့
ရောက်ရှိသည်။
၁။ လေဖိအားနည်းရပ်ဝန်း - မိုင်(၂၀)အောက်
၂။ မုန်တိုင်းငယ် - မိုင်(၂၀ - ၃၁)
၃။ အားကောင်းသောမုန်တိုင်းငယ် - မိုင်(၃၂
- ၃၈)
၄။ ဆိုင်ကလုန်းမုန်တိုင်း - မိုင်(၃၉
- ၅၄)
၅။ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း
- မိုင်(၅၅ - ၇၂)
၆။ အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း
- မိုင်(၇၃ - ၁၃၇)
၇။ စူပါဆိုင်ကလုန်းမုန်တိုင်း - (၁၃၈)မိုင်နှင့်အထက်
![]() |
| အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ထစ်(Tip)ကို ဂျပန်ဖူဂျီတောင်အနီးလေ့လာရင်း သေဆုံးသူများဖို့အောက်မေ့ဖွယ် |
၁၊ လေပြင်းတိုက်ခြင်း
၂၊ မိုးသည်းထန်စွာရွာခြင်း
၃၊ ရေလှိုင်းမြင့်တက်ခြင်း
![]() |
| မိုခါမုန်တိုင်းအရှိန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ |
၁၊ လေပြင်းတိုက်၍ သစ်ပင်၊ အဆောက်အဦများပျက်စီးခြင်း
၂၊ လေဖိအားရုတ်တရက်ကျ၍ အသက်ရှုကျပ်ခြင်း
၃၊ ပင်လယ်ပြင်၌လှိုင်းကြီးခြင်း
၄၊ ကမ်းရိုးတန်း၌ ဒီလှိုင်းများလှိမ့်ဝင်ခြင်း၊
ရေထရက်နှင့်ကြုံက ထူးကဲဒီရေနှင့်တကွ ဒီလှိုင်းများလှိမ့်ဝင်ခြင်း
၅၊ လျှပ်စစ်ဓာတ်ကြောင့် သစ်ပင်များခြောက်သွေ့ခြင်း
၆၊ ဆားငံရေတင်၍ ရေတွင်းများ၊ လယ်ယာများပျက်စီးခြင်း
၇၊ မိုးကြီးရွာ၍ လျှပ်တစ်ပြက်ရေကြီးခြင်း
၈၊ ဝမ်းရောဂါများ၊ အအေးမိဖျားနာခြင်းများ
ဖြစ်ပေါ်ခြင်း
အခြားဂြိုဟ်များ၌လည်း မုန်တိုင်းရှိသည်။
မုန်တိုင်းသည် ကမ္ဘာဂြိုဟ်(Earth)ပေါ်၌သာ ရှိသည်မဟုတ်ဘဲ အခြားဂြိုဟ်များ၌လည်းရှိသည်။
အင်္ဂါဂြိုဟ်(Mars)
အင်္ဂါဂြိုဟ်၌ တစ်နာရီလျှင်
မိုင်(၆၀)ခန့်တိုက်သော ဖုန်မုန်တိုင်း
(Dust Storm)ရှိသည်။ ယင်းကို ကျောက်စရစ်များကဲ့သို့ သေးငယ်သော တိမ်တိုက်မှုန်များဖြင့်
ဖွဲ့စည်းထားသည်။
![]() |
| ကြာသပတေးဂြိုဟ်၏ မုန်တိုင်းကို မဟာအနီပြောက် (Great Red Spot)ဟုခေါ်သည်။ |
ကြာသပတေးဂြိုဟ်(Jupiter)
ကြာသပတေးဂြိုဟ်၏ မုန်တိုင်းကို မဟာအနီပြောက်
(Great Red Spot)ဟုခေါ်သည်။ အချင်းမိုင် (၁၅,၄၀၀)ရှိပြီး တစ်နာရီလျှင် လေတိုက်နှုန်း
မိုင်(၂၇၀)ခန့်ပင်ရှိသည်။ မြန်မာ၌တိုက်ခဲ့သော နာဂစ်မုန်တိုင်း သည်ပင် မိုင်(၁၃၀)ကျော်သာ
ရှိခဲ့သည်။ မဟာအနီပြောက်ကို (၁၇)ရာစုကတည်းက နက္ခတ္တဗေဒပညာရှင်များ မှန်ပြောင်းဖြင့်ကြည့်ရင်း
မြင်ဖူးခဲ့ကြသည်။
![]() |
| စနေဂြိုဟ်(Saturn) မြောက်ဝင်ရိုးစွန်းရှိ ဆဋ္ဌဂံမုန်တိုင်း (Hexagonal Storm)ကို ထိပ်ဖျားတွင် ခပ်စိမ်းစိမ်းတွေ့ရသည်။ |
စနေဂြိုဟ်(Saturn)
စနေဂြိုဟ်မြောက်ဝင်ရိုးစွန်းရှိ ဆဋ္ဌဂံမုန်တိုင်း
(Hexagonal Storm)သည် ၎င်းတို့ထက်ပို၍ ပြင်းထန်သည်။
![]() |
| ကိတ်ဂြိုလ်(Neptune)၏ မုန်တိုင်းကိုမူ မဟာအမည်းပြောက် (Great Dark Spot) ဟုခေါ်သည်။ |
ကိတ်ဂြိုလ် (Neptune)
ကိတ်ဂြိုလ်၏မုန်တိုင်းကိုမူ မဟာအမည်းပြောက်
(Great Dark Spot) ဟုခေါ်သည်။ ထိုမုန်တိုင်းသည် ကမ္ဘာလုံးကြီးပမာဏရှိပြီး နက်ပကျွန်းဂြိုဟ်
တောင်ဘက်လေထု၌ လှည့်ပတ်နေသည်။ ထိုမုန်တိုင်းသည် တစ်နာရီ မိုင်(၁၅၀၀)ရှိသဖြင့် နေစကြာဝဠာရှိ
ဂြိုလ်အားလုံး၌ အပြင်းဆုံးမုန်တိုင်း ဖြစ်နိုင်သည်ဆိုသည်။
![]() |
| အမေရိကန်၊ နယူးယောက်က နှင်းမုန်တိုင်း (Blizzard) |
မုန်တိုင်းအမျိုးအစားများ
မုန်တိုင်းအမျိုးအစား
များစွာရှိသည်။ ကျွန်ုပ်လေ့လာမိသရွေ့ အောက်ပါမုန်တိုင်းများကို တွေ့ရှိရသည်။
၁၊ အပူပိုင်းဆိုင်ကလုန်း (Tropical cyclone)
၂၊ လေဆင်နှာမောင်း (Tornado)
၃၊ ဆောင်းမုန်တိုင်း (Winter Storm)
၄၊ နှင်းမုန်တိုင်း (Blizzard)
၅၊ ရေခဲမုန်တိုင်း (Ice Storm)
၆၊ ဆိုင်ကလုန်း (Cyclone)
၇၊ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းကြီး (Extratropical Cyclone)
၈၊ ဥရောပ လေမုန်တိုင်း (European windstorm)
၉၊ မိုးကြိုးမုန်တိုင်းတစ်မျိုး (Supercell)
၁၀၊ အတ္တလန်တိတ် ဟာရီကိန်း (Atlantic Hurricane)
၁၁၊ လေပြင်းမုန်တိုင်း (Gale)၊ မီးမုန်တိုင်း (Firestorm)
၁၂၊ အပူပိုင်းမုန်တိုင်း (Tropical Storm)
၁၃၊ ဘင်္ဂါလီမုန်တိုင်း (Kalbaisakhi)
၁၄၊ မိုးကြိုးမုန်တိုင်း (Thunderstorm)
၁၅၊ ဖုန်မုန်တိုင်း (Dust Storm)
၁၆၊ မိုးသီးမုန်တိုင်း (Hailstorm)
![]() |
| နှင်းမုန်တိုင်းအပြီး ရေခဲဖုံးနေသော ကနေဒါရှိအိမ်များ |
မိုးလေဝသသတင်းများ၌
မကြာခဏကြားရသော ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်းတို့သည် ဒေသအလိုက် မုန်တိုင်းအမည်
အခေါ်ကွာခြားခြင်းသာဖြစ်သည်။
ဆိုင်ကလုန်း (Cyclone)
တောင်ပစိဖိတ်၊ အိန္ဒိယသမုဒ္ဒရာ၊
ဘင်္ဂလားပင်လယ်အော်၊ အရှေ့အိန္ဒိယပင်လယ်၊ အာရေဗျပင်လယ်၊ မောရစ်ရှနှင့် မက်ဒါဂတ်စတာကျွန်းတို့၌
မုန်တိုင်းကို ဆိုင်ကလုန်းဟုခေါ်သည်။ ဂရိဘာသာ၌ Kuklos ဟူသော စကားလုံးရှိပြီး စက်ဝိုင်း
(Circle) ဟုအဓိပ္ပာယ်ရသည်။ ယင်းမှဆိုင်ကလုန်း (Cyclone)ဟူသောစကားလုံး ပေါ်ပေါက်လာသည်ဟု
အောက်စဖို့ဒ်တက္ကသိုလ်က ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်းများမှာ
အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၌ အများအားဖြင့် ဧပြီလမှ ဒီဇင်ဘာလ အတွင်း ဖြစ်ပေါ်လေ့ရှိပြီး
မေလနှင့် နိုဝင်ဘာလများတွင် ပိုမိုအားကောင်းစွာ ဖြစ်ပေါ်လေ့ရှိသည်။
လေတိုက်နှုန်း တစ်နာရီမိုင်(၃၀)အောက်ဆိုလျှင်
လေပွေလှိုင်း၊ မိုင်(၃၀)ကျော်လျှင် မုန်တိုင်းငယ်၊ မိုင်(၄၀)ကျော်လျှင် ဆိုင်ကလုန်းမုန်တိုင်း၊
မိုင်(၆၀)ကျော်လျှင် ဆိုင်ကလုန်းမုန်တိုင်းကြီးဟု ခေါ်သည်။ မြန်မာနိုင်ငံ၌ (၂၀၁၈)ခုနှစ်၊
မေလ(၂)ရက်၌ ဝင်ရောက်ခဲ့သော နာဂစ်မုန်တိုင်းသည် မိုင်(၁၃၀)အထက် တိုက်ခတ်ခဲ့သည့်အတွက်
အလွန့်အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ခဲ့သည်။
တိုင်ဖွန်း (Typhoon)
ပစိဖိတ်အနောက်မြောက်ဒေသ
(ပထဝီအတိုင်းအတာ အရှေ့လောင်ဂျီကျူ ၁၈၀°မှ ၁၀၀°ကြား)၊ တရုတ်ပင်လယ်နှင့် ဂျပန်တစ်ဝိုက်၌ မုန်တိုင်းများကို
တိုင်ဖွန်းဟုခေါ်ကြသည်။ တိုင်ဖွန်းမှာ အပူပိုင်းမုန်တိုင်း တစ်မျိုးဖြစ်ပြီး မြောက်ကမ္ဘာလုံးခြမ်း၌သာ
ဖြစ်ပေါ်သည်။ ပစိဖိတ်အနောက်မြောက်ဒေသတွင် ကမ္ဘာပေါ်ရှိ အပူပိုင်းမုန်တိုင်းများ၏ သုံးပုံတစ်ပုံခန့်
ဖြစ်ပေါ်လေ့ရှိသည်။
ဟာရီကိန်း (Hurricane)
မြောက်အတ္တလန္တိတ်၊
ပစိဖိတ်အလယ်ပိုင်းနှင့် မြောက်ပစိဖိတ်အရှေ့ပိုင်းရှိ မုန်တိုင်းကို ဟာရီကိန်းဟု ခေါ်သည်။
ဟာရီကန်ဟူ၍ရော ဟာရီကိန်းဟူ၍ပါ အသံထွက်သည်။ ရှေးရာစုနှစ်များက ဥရောပသား စူးစမ်းလေ့လာသူများက
ကာရေဘီယံရှိ ၎င်းတို့သင်္ဘောများကို ဖျက်ဆီးသည့်မုန်တိုင်းကို အမည်ပေးရာမှ ဟာရီကိန်းဖြစ်လာသည်။
ထိုစကားလုံးမှာ တိုင်နို (Taino)ဘာသာစကားအရ ‘မုန်တိုင်းနတ်’ ဟုအနက်ရသော Hurakán ဟူသည့် စကားလုံးပင်ဖြစ်သည်။ စပိန်များက
Huracán ဟုရေးသည်။ “ဟာရီကိန်း” မုန်တိုင်းသည် တစ်နာရီလျှင်
အနည်းဆုံးလေတိုက်နှုန်း (၇၄)မိုင်ထိ တိုက်ခတ်လေ့ရှိသည်။
မြန်မာနိုင်ငံတစ်ဝိုက်
မုန်တိုင်းဖြစ်ချိန်မှစ၍ အားပျော့ပျက်ပြယ်သည်ထိ အဆင့်အလိုက် အရောင်ခွဲ မှတ်သားလေ့ရှိသည်။
အဝါရောင်အဆင့်
ဘင်္ဂလားပင်လယ်အော်နှင့်
ကပ္ပလီပင်လယ်ပြင်တို့၌ အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်ချိန်။ မုန်တိုင်းသတင်းကို သတိထားနားစွင့်ရန်။
လိမ္မော်ရောင်အဆင့်
ဘင်္ဂလားပင်လယ်အော်နှင့်
ကပ္ပလီပင်လယ်ပြင်တို့၌ အပူပိုင်းမုန်တိုင်းစတင်ဖြစ်ပေါ်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသသို့
ဦးတည်ရွေ့လျားလာမည့်အချိန်။ မိမိဒေသ မုန်တိုင်းလာနိုင်သည့်သတင်းရလျှင် မုန်တိုင်းပြောင်းလဲမှုဖြစ်စဉ်ကို
သတိထားစောင့်ကြည့်။
အနီရောင်အဆင့်
မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဒေသဆီသို့
ဦးတည်ရွေ့လျားလာပြီး၊ ကမ်းရိုးတန်းသို့ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်။ အန္တရာယ်ရှိနိုင်သဖြင့်
မိမိဒေသဖြစ်လျှင် ဘေးလွတ်ရာရွှေ့။
အညိုရောင်အဆင့်
မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဒေသဆီသို့
မုန်တိုင်းဖြတ်ကျော်ဝင်ရောက်သည့်အချိန်။ မုန်တိုင်းကျနေ၍ လုံခြုံစိတ်ချရသည့်နေရာတွင်
ခိုလှုံပါ။
အစိမ်းရောင်အဆင့်
မုန်တိုင်းအားပျော့၍
မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားသည့်အချိန်။ မိမိနေအိမ်ပြန်နိုင်ပြီ။
![]() |
| (၂၀၂၃)ခုနှစ်၊ မေလ(၁၃)ရက်နေ့ မြန်မာသို့ဝင်သော မုန်တိုင်းမိုခါကို ZOOM မိုးလေဝသက ပြပုံ |
အထက်ကျော်ကာရီတုန်းက
မုန်တိုင်းအမည်များကို စနစ်ဖြင့်အမည်မှည့်ခြင်း မရှိခဲ့ပေ။ ထို့သို့ အမည်မှည့်မထား၍
မုန်တိုင်းသတင်း ကြေညာလျှင်ပင် “ဘယ်ဒေသက မုန်တိုင်းလဲ၊ ဘယ်တုန်းက မုန်တိုင်းလဲ” သို့လောသို့လော
ဖြစ်ရသည်။
သို့နှင့် မိုးလေဝသပညာရှင်များက
မုန်တိုင်းအမည်များကို အင်္ဂလိပ်အက္ခရာစဉ်၍ ကြိုမှည့်ထားကြပြီး မုန်တိုင်းဖြစ်လျှင်
ထိုအမည်များထဲမှ ယူပေးလိုက်ကြသည်။ ဥပမာ - Anne(အန်း)ကဲ့သို့ Aနှင့်စသောအမည်ကို ထိုနှစ်၏ပထမဆုံးမုန်တိုင်းအတွက်
မှည့်သည်။ (၁၉၅၃)ခုနှစ်ရောက်သော် အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားဟာရီကိန်းစင်တာ
(National Hurricane Center)က အတ္တလန်တိတ် အပူပိုင်းမုန်တိုင်းများကို စတင်အမှည့်ခဲ့သည်။
ယင်းနောက် အမည်ပေးလုပ်ငန်းကို ကမ္ဘာ့မိုးလေဝသအဖွဲ့ နိုင်ငံတကာကော်မတီ (International
Committee of the World Meteorological Organization)က မွမ်းမံထိန်းသိမ်းခဲ့သည်။
ကနဦးက အမျိုးသမီးအမည်များသာ မှည့်သော်လည်း
(၁၉၇၈)ခုနှစ်တွင် မြောက်ပစိဖိတ်မုန်တိုင်းများ အတွက် အမျိုးသားအမည်ပါ မှည့်လာကြသည်။
(၁၉၇၉)ခုနှစ်၌ အမျိုးသား၊ အမျိုးသမီး အမည်ပေးခြင်းကို စတင်လက်ခံကျင့်သုံးလာသည်။ အမည်ပေးရာ၌
ကျားမစာရင်းခြောက်ခုကို အလှည့်ကျသုံးသည်။ ထို့ကြောင့် (၂၀၁၉)ခုနှစ် အမည်စာရင်းကို (၂၀၂၅)ခုနှစ်တွင်
ထပ်မံအသုံးပြုမည်ဖြစ်သည်။
အမည်ပေးခြင်းနှင့်ပတ်သက်၍ မှတ်သားဖွယ်နှစ်ချက်ရှိသည်။
တစ်ချက်မှာ မုန်တိုင်းတစ်ခုသည် အသေအကြေ၊ အဆုံးအရှုံးများစေသော် ထိုအမည်ကို နောက်တစ်ကြိမ်ပြန်မသုံးပေ။
နောက်တစ်ချက်မှာ ရာသီတစ်ခုဖို့ အမည်ပေးထားသည့် ဆိုင်ကလုန်းမုန်တိုင်း (၂၁)ခုထက်ပိုလျှင်
အမည်ပိုများဖြည့်မှည့်ရသည်။
(၂၀၂၃)ခုနှစ်၊ မေလ(၁၃)တွင်ဝင်ရောက်ခဲ့သော မိုခါမုန်တိုင်း၏အမည်ကိုမှာ ယီမင်နိုင်ငံက တင်သွင်းခဲ့သည်။ Mocha သို့မဟုတ် Mokha ဟု ရေးသည်။ မိုခါသည် ယီမင်နိုင်ငံ၊ ပင်လယ်နီကမ်းခြေရှိ မြို့ဖြစ်သည်။ ကော်ဖီရောင်းဝယ်ရေးကြောင့် ကာလကြာရှည်လူသိများသော ဆိပ်ကမ်းမြို့ကိုလည်း ၎င်း၏နာမည်ကြီး Mocha ကော်ဖီဟု အမည်ပေးခဲ့သည်။
![]() |
| မြောက်အိန္ဒိယသမုဒ္ဒရာ၌ (၂၀၂၃)ခုနှစ်အတွင်း ဖြစ်ပေါမည့်မုန်တိုင်းများအတွက် နိုင်ငံအလိုက် အမည်များကြိုတင်မှည့်၍ တင်သွင်းထားခြင်း |
မြောက်အိန္ဒိယသမုဒ္ဒရာအတွင်း
(၂၀၂၃)တွင်ဖြစ်ပေါ်မည့် မုန်တိုင်းအမည်များကို နိုင်ငံအသီးသီးက ကြိုတင်၍ အစဉ်လိုက်မှည့်ခေါ်
တင်သွင်းထားကြပြီးဖြစ်သည်။ မြန်မာက တင်သွင်းမှည့်ခေါ်ထားသည့် မုန်တိုင်းအမည်များမှာ
တောက်တဲ့၊ မိကျောင်း၊ ငါးမန်း၊ ကျားသစ်၊ စပါးကြီး၊ ဝက်ဝံ၊ မြွေဟောက်၊ ကျွဲ၊ ပင့်ကူ၊
ယင်ကောင်၊ လင်းယုန်၊ ကျီးကန်း၊ ပေါက်ဖတ် တို့ဖြစ်ကြသည်။
![]() |
| မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အလွန့်အလွန်အားကောင်းသော မိုခါမုန်တိုင်းအကြောင်း ပြပုံ |
မြန်မာ့မုန်တိုင်းဝင် ကာလများ
မြန်မာ၌ မုန်တိုင်းရာသီ(၂)ချိန်ရှိသည်။
မိုးကြိုကာလ (ဧပြီလလယ်မှ မေလအထိ)နှင့် မိုးလွန်ကာလ (အောက်တိုဘာလနှင့် နိုဝင်ဘာလ) ၌အများဆုံးဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်၌ စဖြစ်လေ့ရှိပြီး ကနဦး၌ အနောက် (သို့) အနောက်မြောက်ရွေ့သည်။ တစ်ခါတစ်ရံ
မြောက် (သို့) အရှေ့မြောက် ပြောင်းရွေ့ပြီး မြန်မာသို့ ဝင်တတ်သည်။ မိုးလယ်ကာလ (ဇူလိုင်လမှ
ဩဂုတ်လအထိ)အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ ဖြစ်လေ့ရှိပြီး၊ အနောက်မြောက်ဘက်ရှိ
အိန္ဒိယကမ်းခြေသို့သာ ရွေ့လေ့ရှိသည်။ မိုးနှောင်းကာလ (စက်တင်ဘာနှင့် အောက်တိုဘာလ)များ၌
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်လေ့ရှိသည့် မုန်တိုင်းများသည် ဗီယက်နမ်ကမ်းခြေဖြတ်ပြီးနောက်
မုန်တိုင်းအကြွင်းအကျန်များက အနောက်သို့ရွေ့ရာမှ ကပ္ပလီပင်လယ် ရောက်ပြီး မုန်တိုင်းအဖြစ်
ပြန်လည်အားပျိုးတတ်သည်။
မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်မှုမှာ
ဇွန်လ၌ အနည်းဆုံးဖြစ်ပြီး၊ မေလ၌အများဆုံးဖြစ်သည်။ ကုန်းဘောင်ခေတ်၊ မင်းတုန်းမင်းလက်ထက်
(၁၈၇၇)ခုနှစ်မှ ယနေ့ခေတ် (၂၀၁၈)ခုနှစ်အထိ
(၁၄၁)နှစ်တာ ကာလအတွင်း မုန်တိုင်းများသည် မြန်မာ့ကမ်းရိုးတန်းသို့ မည်သည့်လများတွင်
မည်သို့ဖြတ်သန်းကြသည်ကို မိုးဇလ (မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန)က စာရင်းပြုခဲ့သည်။
ထိုစာရင်းအရ
- ဇန်နဝါရီလ (၂)ရာခိုင်နှုန်း
- ဖေဖေါ်ဝါရီလ (၂)ရာခိုင်နှုန်း
- ဧပြီလ (၂၄)ရာခိုင်နှုန်း
- မေလ (၂၇)ရာခိုင်နှုန်း
- ဇွန်လ (၁)ရာခိုင်နှုန်း
- အောက်တိုဘာလ (၁၇)ရာခိုင်နှုန်း
- နိုဝင်ဘာလ (၁၈)ရာခိုင်နှုန်း
- ဒီဇင်ဘာလ (၉)ရာခိုင်နှုန်း တို့ဖြစ်သည်။
![]() |
| မြန်မာသို့ဝင်ခဲ့သည့် မုန်တိုင်းအချို့၏လမ်းကြောင်းများ |
ကုန်းဘောင်ခေတ်၊ သီပေါမင်းလက်ထက်
(၁၈၈၄)ခုနှစ် မေလမှသည်၊ (၂၀၂၃)ခုနှစ် မေလအတွင်း မြန်မာ့ကမ်းရိုးတန်းတို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သော
မုန်တိုင်းပေါင်း(၁၆)ခု ဝင်ရောက်ခဲ့သည်။ ၎င်းတို့ကို ပျက်စီးဆုံးရှုံးမှုစာရင်းနှင့်ပူးတွဲ၍
မိုးဇလက ထုတ်ပြန်ဖူးသည်။
၁၊ ၁၈၈၄ - စစ်တွေ
မေ ၁၄-၁၇။ လူ(၁၀၀)ကျော်သေ။
ကောက်ပဲသီးနှံများစွာပျက်။ သိန်း(၂၀၀)ဖိုးဆုံး။
၂၊ ၁၉၃၆ - ကျောက်ဖြူ
ဧပြီ ၂၂-၂၆။ လူ(၁,၀၀၀)ခန့်၊
ကျွဲ၊ နွား(၇,၀၀၀)ကျော်သေ။ သိန်း(၂၀၀)ဖိုးဆုံး။
၃၊ ၁၉၄၈ - စစ်တွေ
အောက်တိုဘာ ၆-၈။ လူအချို့သေ။
သိန်း(၁၀၀)ဖိုးဆုံး။
၄၊ ၁၉၅၂ - စစ်တွေ
အောက်တိုဘာ ၂၂-၂၄။ ရန်ကုန်
လူ(၄)ဦးသေ။ စစ်တွေ၊ ပုသိမ် အပျက်အစီးများ။ သိန်း(၁၀၀)ဖိုးဆုံး။
၅၊ ၁၉၆၇ - ကျောက်ဖြူ
မေ ၁၅-၁၈။ ပုသိမ်ခရိုင် သိန်း(၁၀၀)ကျော်၊ ကျောက်ဖြူခရိုင်
သိန်း(၂၀၀)ကျော်ဖိုးဆုံး။
၆၊ ၁၉၆၇ - စစ်တွေ
အောက်တိုတာ ၂၀-၂၄။ စစ်တွေ
အိမ်(၉၀)ရာခိုင်နှုန်းပျက်။ သိန်း(၁၀၀)ဖိုးဆုံး။ လူ(၂)ဦးသေ။ ရသေ့တောင်၊ ကျောက်တော်
အိမ်(၉၀)ရာခိုင်နှုန်းပျက်။ မုံရွာခိုင် လူ(၁၀၀)ကျော်သေ။ ကျွဲ၊ နွား (၁,၀၀၀) ကျော်သေ။
၇၊ ၁၉၆၈ - စစ်တွေ
မေ ၇-၁၀။ လူ(၁,၀၃၇)သေ။
ကျွဲ၊ နွား (၁၇,၅၃၇)သေ။ အိမ်(၅၇,၆၆၃)ပျက်။ သိန်း(၁၀၀)ဖိုးဆုံး။ မုန်တိုင်းဒီရေ (၄.၂၅)ပေတက်။
၈၊ ၁၉၇၅ - ပုသိမ်
မေ ၅-၇။ လူ(၃၀၃)ဦးသေ။
ကျွဲ၊ နွား (၁၀,၁၉၀)သေ။ အိမ်(၂၄၆,၇၀၀)ပျက်။ (၇၇၆.၅)သန်းဖိုးဆုံး။ မုန်တိုင်းဒီပေ (၃)ပေတက်။
၉၊ ၁၉၇၈ - ကျောက်ဖြူ
မေ ၁၂-၁၇။ ကျောက်ဖြူ
(၉၀)ရာခိုင်နှုန်းပျက်။ သိန်း(၂၀၀)ဖိုးဆုံး။
၁၀၊ ၁၉၈၂ - ဂွ
မေ ၄။ ဂွ(၉၀)ရာခိုင်နှုန်းပျက်။
၁၁၊ ၁၉၉၄ - မောင်တော
မေ ၂။ သိန်း(၅၀၀)ဖိုးခန့်ပျက်။
မုန်တိုင်းဒီရေ (၃.၆၆)ပေတက်။
၁၂၊ ၂၀၀၆ - မာလာမုန်တိုင်း၊ ဂွ
လူ(၁)ဦးသေ။ မုန်တိုင်းဒီရေ
(၄.၅၇)ပေတက်။
၁၃၊ ၂၀၀၈ - နာဂစ်မုန်တိုင်း၊ ဧရာဝတီ
လူ(၁၃၈,၀၀၀)သေ။ (၁၃)ထရီလီယန်ဖိုးဆုံး။
၁၄၊ ၂၀၁၀ - ဂီရိမုန်တိုင်း၊ ရခိုင်
လူ(၄၅)ဦးသေ။ (၀.၀၂၄)ထရီလီယန်ဖိုးဆုံး။
၁၅၊ ၂၀၁၇ - မာရသာမုန်တိုင်း၊ သံတွဲ (သေဆုံး၊ ပျက်စီးစာရင်း မတွေ့ရ။)
၁၆၊ ၂၀၂၃ - မိုခါမုန်တိုင်း (Mocha) လက်ရှိဝင်ရောက်နေသည်။
![]() |
| မြန်မာနိုင်ငံကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ခဲ့သော မုန်တိုင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ |
ကမ္ဘာ့အဆိုးဆုံးမုန်တိုင်းများ
ထစ် (Typhoon Tip)
(အပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းနှင့် အပြင်းဆုံး/အကြီးဆုံး အပူပိုင်းဆိုင်ကလုံးမုန်တိုင်း)
ထစ်သည် (၁၉၇၉)ခုနှစ်၊ အောက်တိုဘာလ၌ဖြစ်ပေါ်ခဲ့သော
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်သည်။ အချင်း(၁၃၈၀)မိုင်ဖြင့် အကြီးဆုံးစံချိန်တင်ထားသည်။
ယခင်က မိုင်(၇၀၀)ဖြင့်စံချိန်တင်ခဲ့သော (၁၉၅၁)ခုနှစ်၊ ဩဂုတ်လ၌ဖြစ်ခဲ့သည့် မာ့ဂျ်(Marge)၏
နှစ်ဆနီးပါးဖြစ်သည်။ မိုင်ပေါင်း (၁၀၅၀)ခန့်ရှိသည့် စူပါတိုင်ဖွန်း ဟိုင်ယန်
(Super Typhoon Haiyan) ထက်လည်းကြီးသည်။
မည်မျှကြီးသနည်းဆိုလျှင် အမေရိကန် ပြည်ထောင်စု၏ ထက်ဝက်ခန့်ရှိသည်။ အမြင့်ဆုံးလေတိုက်နှုန်းမှာ
တစ်နာရီလျှင် မိုင်(၁၉၀)ခန့်ဖြစ်သည်။ (၁၀)မိနစ်လျှင် မိုင်(၁၆၀)တိုက်ခတ်သည်ကို ဂျပန်မိုးလေဝသအေဂျင်စီက
မှတ်တမ်းပြုနိုင်ခဲ့သည်။
ထစ်ကိုလေ့လာရန် အမေရိကန်လေတပ်က လေယာဉ်ဖြင့်
ရာသီဥတုကင်းထောက်ရေး မစ်ရှင်(၆၀)ခန့် ပျံသန်းစေလွှတ်သည်။ ဂျပန်နိုင်ငံ၊ ရှီဇူအိုကာစီရင်စု၊
ဖူဂျီစခန်းရှိ ပေါင်းစည်းလက်နက် လေ့ကျင့်ရေးစင်တာတွင် အခြေချနေထိုင်သည်။ မိုးရွာသွန်းမှုကြောင့်
တဲအိမ်များနောက်တွင် ရော်ဘာအိတ်များဖြင့်
သိုလှောင်ထားသော လောင်စာဂါလံ(၅၀၀၀) ပွင့်ပေါက်ထွက်သည်။ လောင်စာများ ရေနံဆီအပူပေးစက်နှင့်တွေ့ပြီး
အကြီးအကျယ် မီးလောင်သွားကာ မရိန်းတပ်သား(၁၃)ဦးသေဆုံးပြီး (၆၈)ဦးဒဏ်ရာရရှိခဲ့သည်။
ထစ်ကြောင့် ဂျပန်နိုင်ငံအပျက်အစီး အလွန်များခဲ့သည်။ စိုက်ပျိုးရေးနှင့်
ငါးဖမ်းလုပ်ငန်း ဒေါ်လာ သန်းပေါင်းများစွာဆုံးသည်။ ကုန်းတွင်းသင်္ဘော(၈)စင်းမြုပ်ပြီး
တံငါသည်(၄၄)ဦးသေသည်။ ကမ်းလွန် ပင်လယ်ပြင်၌ သင်္ဘော(၅)စင်းမြုပ်သည်။ တရုတ်ကုန်တင်သင်္ဘော
ထက်ပိုင်းကျိုးပြီး သင်္ဘောသား (၄၆)ဦးသာ ကယ်နိုင်ခဲ့သည်။ ဂျပန်၏ တောင်ထူထပ်ဒေသများ၌
အကြိမ်(၆၀၀)ကျော် မြေပြိုပြီး အိမ်ခြေ(၂၂,၀၀၀)ကျော် ရေလွှမ်းခဲ့သည်။ တစ်နိုင်ငံလုံး
(၄၂)ဦးသေ၊ (၇၁)ဦးပျောက်၊ (၂၈၃)ဦး ဒဏ်ရာရ၊ (၁၁,၀၀၀)အိုးအိမ်မဲ့ခဲ့ရသည်။ မြစ်ကမ်းပါး(၇၀)ပြိုကာ
တံတား(၂၇)စင်းပျက်ပြီး ဆည်(၁၀၅)ခုခန့်ကျိုးသည်။ သီးနှံများပျက်သည်။ မြို့တော် တိုကျို၌
အထပ်(၅၀)အဆောက်အအုံများ လှုပ်ခါသွားသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သည်။ ရထား(၂၀၀)နှင့်
ပြည်တွင်းလေကြောင်း (၁၆၀) ဖျက်ရသည်။ ထို့ကြောင့် ထစ်သည် (၁၃)နှစ်အတွင်း ဂျပန်ကိုဝင်သည့်
မုန်တိုင်းများအနက် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။
ဂါးဗတ်စတန် (Galveston)
(အကြီးဆုံး ဟာရီကိန်းမုန်တိုင်း)
အမေရိကန်သမိုင်း၌ရော
အတ္တလန်တိတ်ဟာရီကိန်းမုန်တိုင်းများအနက်ပါ အသေအပျောက်အများဆုံး သဘာဝဘေးဖြစ်သည်။ (၁၉၀၀)ပြည့်နှစ်
စက်တင်ဘာလ၌ဖြစ်ပွားခဲ့ပြီး တစ်နာရီလျှင် (၁၄၅)မိုင်နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။ ကမ်းရိုးတန်းနှင့်
ဂါးဗတ်စတန်ကျွန်းမြို့ကိုတိုက်ခတ်ပြီး မုန်တိုင်းဒီရေ (၈)ပေမှ(၁၂)ပေ အထိလွှမ်းမိုးခဲ့သည်။
လူ(၆,၀၀၀)မှ (၁၂,၀၀၀)သေဆုံးခဲ့ပြီး အအောက်အဦ(၇,၀၀၀)၊ အိမ်(၃,၆၃၆) ပျက်စီးခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများနှင့်
အလွန်အလားအလာကောင်းသော ဂါးဗတ်စတန်မြို့၏ ရွှေခေတ်ကြီး ပျက်သုဉ်းခဲ့သည်။ အမေရိကန်တစ်ဝှန်း
ပျက်စီးဆုံးရှုံးတန်ဖိုး ဒေါ်လာ(၃၄)သန်း ကျော်ခဲ့သည်။
မုန်တိုင်းကြီး၏
အကြွင်းအကျန်သည်ပင်လျှင် ကနေဒါနိုင်ငံထိ ပြင်းစွာသက်ရောက်စေခဲ့သည်။ အန်ထေးရီယိုမြို့
(Ontario)၌ ဆင့်သန်းပေါင်း(၁.၂၅)ခန့်ပျက်စီး၍ ကောက်ပဲသီးနှံ ကနေဒီယန်ဒေါ်လာ (၁)သန်း
ဆုံးရှုံးခဲ့သည်။ နယူးဖောင်းလန်း (Newfoundland)နှင့် ပြင်သစ်ပိုင် ဆန်ပီယား (Saint
Pierre) နယ်မြေ ကမ်းရိုးတန်းတစ်ဝိုက် သင်္ဘောများနစ်မြုပ်ခြင်းကြောင့် အနည်းဆုံး လူ(၅၂)မှ(၂၃၂)ဦး
သေဆုံးခဲ့သည်။ အမေရိကန်ဒေါ်လာ (၃၅.၄)သန်းကျော် ဆုံးရှုံးခဲ့သည်။ ယင်းတန်ဖိုးသည် (၂၀၂၂)ခုနှစ်ပေါက်ဈေး
ဒေါ်လာ(၁.၂) သန်းဖြစ်သည်။
ကောလိယ
ဝေယံမောင်မောင်
၁၄.၅.၂၀၂၃
• ဓာတ်ပုံပိုင်ရှင်များအား မူပိုင်ပေးပါသည်။
• ဆောင်းပါးကို စိတ်တိုင်းကျ ဝေမျှနိုင်ပါသည်။
• ကူးယူဖော်ပြခွင့်မပြုပါ။
ကိုးကား
- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏
ထုတ်ပြန်ချက်များ
- Do Hurricanes Happen on Other
Planets? By John P. Rafferty
- Do other planets have storms?
By Garry Hunt
- Tropical Cyclone Naming. World
Meteorological Organization (WMO)
- The Deadliest, Costliest, And
Most Intense United States Hurricanes From 1900 To 2000 by erry D.
Jarrell(retired), Max Mayfield, and Edward N. Rappaport NOAA/NWS/ Tropical
Prediction Center Miami, Florida
- The Most Intense Hurricanes in
the United States 1851-2004 by National Hurricane Center And Central Pacific
Hurricane Center
- Why Cyclone Mocha? Here’s How
the First Cyclonic Storm of 2023 Will Get Its Name by TWC India Edit Team












.jpg)
.jpg)

Comments
Post a Comment