၆၈၊ မုန်တိုင်းတွေကို ဘယ်သူနာမည်မှည့်သလဲ?
‘မိုခါ’ ကိုဘယ်သူမှည့်သလဲ?
အထက်ကျော်ကာရီတုန်းက
မုန်တိုင်းနာမည်မှည့်တယ်ဆိုတာ မရှိခဲ့ပါဘူး။ မမှည့်ရတဲ့အကျိုးဆက် ကြောင့် ပြဿနာတွေဖြစ်ခဲ့ကြတာပါ။
မုန်တိုင်းဆိုတာ နေရာစုံမှာဖြစ်နိုင်သလို၊ တစ်နှစ်အတွင်းလဲ အကြိမ်ကြိမ် ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် မုန်တိုင်းသတင်းပြောကြပြီဆို ကာလနဲ့နေရာ ရှုပ်ထွေးကုန်ကြတာပါပဲ။
နာမည်စမှည့်ပြီ
နောက်တော့ မိုးလေဝသပညာရှင်တွေက
မုန်တိုင်းနာမည်တွေကို အင်္ဂလိပ်အက္ခရာစဉ်နဲ့ ကြိုမှည့်ထား ကြတယ်။ မုန်တိုင်းတွေဖြစ်လာတဲ့အခါ
အေ(A)ကနေစပြီး အစဉ်အလိုက် နာမည်တပ်လိုက်ကြတယ်။ (၁၉၅၃) ရောက်တော့ အမေရိကန်မှာရှိတဲ့
အမျိုးသားဟာရီကိန်းစင်တာက အတ္တလန်တိတ် အပူပိုင်းမုန်တိုင်းတွေကို နာမည်စမှည့်ပါတယ်။
နောက်တော့ ကမ္ဘာ့မိုးလေဝသအဖွဲ့ နိုင်ငံတကာကော်မတီက တာဝန်ဆက်ယူပါတယ်။
အရင်က မိန်းမနာမည်ပဲ မှည့်ကြတယ်
တချို့ကထင်ကြတယ်။ မုန်တိုင်းဆိုတာ
မိန်းမနာမည်ပဲမှည့်တယ်တဲ့။ တကယ်ကမဟုတ်ဘူး။ အဲဒါ နာမည်တွေမှည့်ခါစကပါ။ (၁၉၇၈)ရောက်တော့
မြောက်ပစိဖိတ်မုန်တိုင်းတွေဖို့ ယောက်ျားနာမည်ပါ စမှည့်လို့ နောက်နှစ်မှာအတည်ဖြစ်သွားပြီ။
နာမည်မှည့်ရင် ကျား၊မစာရင်း(၆)ခုကို အလှည့်ကျပြန်သုံးတယ်။ ဒါ့ကြောင့် (၂၀၁၉)နာမည်စာရင်းကို
(၂၀၂၅)မှာ ပြန်သုံးမှာဖြစ်ပါတယ်။
ကျား၊ မ နာမည်တွေအပြင်
တခြားနာမည်တွေလဲမှည့်ပါတယ်။ ဥပမာ မြောက်အိန္ဒိယသမုဒ္ဒရာဖို့ မုန်တိုင်းနာမည်တွေကို
ကျား၊မရယ်လို့ သတ်သတ်ခွဲမထားပါဘူး။
တချို့နာမည်တွေကို ဘယ်တော့မှပြန်မသုံးဘူး
နာမည်ကိစ္စ မှတ်စရာ(၂)ခုရှိပါတယ်။
တစ်ခုက မုန်တိုင်းတစ်လုံးဟာ အသေအကြေ၊ အဆုံးအရှုံး များစေခဲ့ရင် အဲဒီနာမည်ပြန်မသုံးပါဘူး။
နောက်တစ်ချက်က ရာသီတစ်ခုစာဖို့မှည့်ထားတဲ့ ဆိုင်ကလုန်း မုန်တိုင်းဟာ အလုံးရေ(၂၁)လုံးထက်ပိုရင်
အမည်ပို ထပ်မှည့်ပေးရပါတယ်။
မြန်မာကမှည့်ပြီး တင်သွင်းထားတဲ့နာမည်တွေ
မြောက်အိန္ဒိယ သမုဒ္ဒရာအတွင်းဖြစ်မဲ့
မုန်တိုင်းတွေဖို့ နိုင်ငံအသီးသီးက အမည်ကြိုမှည့်ပြီး တင်သွင်း ပေးရပါတယ်။ အဲဒီနိုင်ငံတွေက
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အီရန်၊ မော်ဒိုက်၊ မြန်မာ၊ အိုမန်၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေးဘီးယား၊
သီရိလင်္ကာ၊ ယိုးဒယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယီမင် တို့ဖြစ်ပါတယ်။
(၂၀၂၃)အတွင်းဖြစ်မဲ့ မုန်တိုင်းတွေဖို့ မြန်မာကမှည့်ပြီးတင်သွင်းထားတဲ့
နာမည်တွေက တောက်တဲ့၊ မိကျောင်း၊ ငါးမန်း၊ ကျားသစ်၊ စပါးကြီး၊ ဝက်ဝံ၊ မြွေဟောက်၊ ကျွဲ၊
ပင့်ကူ၊ ယင်ကောင်၊ လင်းယုန်၊ ကျီးကန်း၊ ပေါက်ဖတ် တို့ဖြစ်ပါတယ်။
မိုခါ (Mocha) နာမည်ကို ယီမင်နိုင်ငံမှည့်ထားတယ်
(၂၀၂၃)မေလ ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လို့
နာမည်ရွေးတော့ ယီမင်နိုင်ငံက မှည့်ထားတဲ့ ‘မိုခါ’ဆိုတဲ့နာမည် အလှည့်ကျပါတယ်။ Mocha
လို့ရော၊ Mokha လို့ရော ရေးပါတယ်။ မိုခါဆိုတာ ယီမင်နိုင်ငံ၊ ပင်လယ်နီကမ်းခြေမှာရှိတဲ့
မြို့နာမည်ဖြစ်ပါတယ်။ ကော်ဖီရောင်းဝယ်ရေးကြောင့် ရှေးကတည်းက ကျော်ကြားတဲ့ ဆိပ်ကမ်းမြို့ပါ။
ဒါ့ကြောင့် မိုခါကော်ဖီ (Mocha Coffee) ဆိုတာ နာမည်ကြီးကော်ဖီတစ်မျိုး ဖြစ်ပါတယ်။
၁၅.၅.၂၀၂၃
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ

Comments
Post a Comment