တွံတေးအိုး

          ငယ်စဉ်ကဖတ်တဲ့ စုံထောက်ဦးစံရှားဝတ္ထု "တွံတေးအိုး(၆)လုံးကွဲမှု" ဖတ်ပြီး တွံတေးအိုးကို စကြားဖူးပါတယ်။ လူတစ်ဦးက တွံတေးအိုး(၆)လုံးရှာပြီး ရည်ရွယ်ချက်ရှိရှိ လိုက်ခွဲတဲ့ဇာတ်လမ်းပေါ့။

          ရိုက်ကူးရေးနဲ့ တွံတေးရောက်ခိုက် အိုးလုပ်ငန်းလေ့လာခဲ့ပါတယ်။ ဒီခေတ်က အိုးအသုံး အတော်နည်းခဲ့ပြီလေ။ ကျွန်တော်တင်ဖူးတဲ့ တွံတေးလက်ရက်ကန်းရုံက တစ်ရုံပဲကျန်တော့သလို တွံတေးအိုးဖိုကလဲ မည်မည်ဝါးဝါး(၉)ဖိုကနေ မည်မည်ရရ(၁)ဖိုပဲ ကျန်ပါတော့တယ်။

          အိုးဖိုရှင်က မြေအမျိုးအစားကစလို့ အိုးထုတ်သည်ထိ ခရေစေ့တွင်းကျ ရှင်းပြတယ်။ အိုးထိန်းသည်လင်မယားမှာ မယားက အိုးထိန်းစက်ကို သွက်သွက်ခါအောင် ခြေနဲ့လှည့်ပြီး လင်ကပန်းအိုးလုပ်ပြတယ်။ အိုးဖိုကတော့ ဖုတ်ထားတာ ရက်ကြာတဲ့တိုင် ပူပူအုံအုံရှိတုန်း။

          အိုးဖိုအပြီး အိုးဆိုင်ဆက်တော့ ရေအိုး၊ ပန်းအိုး၊ အရုပ် စတဲ့မြေထည်စုံ တွေ့ရတယ်။ အိုးပုံစံတွေ ကြည့်ပြီးတော့ရယ်၊ တခြားမှာ ဒီပုံစံတွေထုတ်တာ မြင်ဖူးတာရယ်ကြောင့် "ဒီအိုးတွေက ရွှေဘိုအိုးတွေမဟုတ်လား" မေးကြည့်မိတယ်။ "ဟုတ်တယ်တဲ့။ တွံတေးမှာ သိပ်မလုပ်ရတာကြာပြီတဲ့။"

          သူတို့လုပ်ဆဲ မြေထည်ထဲမှာ ဒံပေါက်ဆိုင်(၂)ဆိုင်ကအပ်တဲ့ ဒံပေါက်အိုး၊ ဆီမီးခွက်အမျိုးမျိုး၊ ပန်းအိုး၊ သစ်ခွစိုက်မြေစာခဲ စတာတွေပဲ အဓိကကျန်တော့တယ်။ ကျန်တဲ့အမျိုးအမည်တွေ လုပ်ဖို့ကတော့ ဈေးကွက်တောင်းဆိုမှုကိုပဲ ငံ့လင့်ရတဲ့သဘောပဲ ဖြစ်လို့နေပါတယ်။

          အိမ်အပြန်မှာ တွံတေးလုပ်မြေထည် တစ်ခုခုလိုချင်တဲ့ဆန္ဒပြည့်အောင် ဆောင်ယူခဲ့တာကတော့ ဟိန္ဒူဆီမီးခွက်ငါးခွက်ပါပဲ။

ကောလိယ ဝေယံမောင်မောင်
သွား ၁၅.၂.၂၀၂၃
တင် ၂၅.၅.၂၀၂၃

#တွံတေးအိုး

#ကောလိယဝေယံမောင်မောင်














Comments