ကဆုန်လ၏ ပုံရိပ်လွှာများ

ကောလိယ ဝေယံမောင်မောင်


            မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေကြောင်း ဦးစွာဆုမွန်ချွေလိုပါသည်။ ရာသီစက်ဝန်းလှည့်လည်မှုအရ တစ်နှစ်ကူး၍ တစ်နှစ်ကျူးကာ နှစ်ကူးသို့ပြောင်းခဲ့ပါလေသည်။ နွေလယ်ကာလရောက်သဖြင့် အပူရှိန်များ လည်း ပို၍တက်မြင့်လာသည်။ သဘာ၀၀န်းကျင်တစ်ခွင်လုံး မြေဆီလွှာနှင့် သစ်ပင်တို့ပါသွေ့ခြောက်ပြီး လောကကြီးလည်း ပွင့်လင်းရာသီ၌ အိုက်စပ်စွာအထိုင်ကျတော့သည်။

စာအညီ ရာသီ

            မြန်မာ့ပြက္ခဒိန်ဖြင့်တွက်ရေသော် ကဆုန်လသည်ဒုတိယမြောက်လဖြစ်သည်။ ရက်စုံလဖြစ်၍ ရက်ပေါင်း(၃၀)ရှိသည်။ ခရစ်ပြက္ခဒိန်အရ ဧပြီလနှင့် မေလအတွင်းကျရောက်သည်။ ရာသီပန်းမှာ စံကားပန်း (Magnolia champaca) ဖြစ်သည်။ ရာသီပွဲမှာ ကဆုန်ညောင်ရေသွန်းပွဲတော်ဖြစ်သည်။ ရာသီရုပ်မှာ နွားလားဖြစ်ပြီး တံငါတာရာထွန်းပ၍ ဝိသာခါနက္ခနှင့် စန်းယှဉ်သည်။  နေ့နာရီ (၃၂)၊ ညနာရီ (၂၈) ရှိသည်။ နဂါးဦးခေါင်း အနောက်ရပ်သို့လှည့်၍ ရက်ရာဇာတို့မှာ စနေ၊ ကြာသပတေး၊ ပြဿဒါးရက်တို့မှာ ဗုဒ္ဓဟူး၊ သောကြာ ဖြစ်သည်။

ကဆုန်လရာသီပန်း စံကားပန်း (Magnolia champaca)

ယခုခေါ်တွင်နေသော ကဆုန်ဟူသောအမည်သည် ပုဂံခေတ်စကားလုံး ‘ကုဆုန်’ မှ သက်ဆင်းပြောင်းလဲလာသည်။ ‘ကု’ သည် ‘ရေ’ အဓိပ္ပာယ်ဆောင်ပြီး ‘ဆုန်’ သည် ‘သွန်းလောင်းခြင်း၊ စီးခြင်းခြင်း’ အဓိပ္ပာယ်ဆောင်သည်။ ထို့ကြောင့် ကဆုန်၏အဓိပ္ပာယ်မှာ ‘ရေသွန်းလောင်းသောလ’ ဖြစ်သည်။ ပုဂံကျောက်စာတို့တွင် ကုဆုန်ဟူသောစကားလုံးအပြင် ‘ခုဆုန်၊ ခူဆုန်’ ဟုလည်းရေးထိုးသည်။

သီရိမဟာဇေယျကျော်ထင်ဘွဲ့ရ လှေသင်းအတွင်းဝန် ဦးရွှေမောင်ကမူ ကဆုန်ကို ‘ဥဒကံ- ရေကို၊ ဆနတိ- ဖြတ်တတ်၏’ ဟူ၍ ရေပြတ်လပ်သည့်လဖြစ်ကြောင်း ပြဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ပုဂံခေတ်ကျောက်စာမှသည် ခေတ်အဆက်ဆက်ပညာရှင်များက ကဆုန်လကို ရေသွန်းလောင်းခြင်းဟုသာ ဖွင့်ဆိုရှင်းပြသည်ကိုထောက်ကာ ကဆုန်လကို ညောင်ရေသွန်းသည့်လဟု တိကျစွာမှတ်ယူနိုင်သည်။ စင်စစ်တွင်လည်း နွေအပူကြောင့် သွေ့ခြောက်သောသစ်ပင်တို့ကို ရေသွန်းပေးရသည်။ ဗုဒ္ဓဘာသာ အစဉ်အ လာအားဖြင့် ဂေါတမဘုရားရှင် ပွင့်တော်မူသော ဗောဓိညောင်ကို ထူးခြားစွာရေသွန်းလောင်းကြသည်။

 

ကဆုန်လပြည့် ဗုဒ္ဓနေ့

            ကဆုန်လပြည့်ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည်။ အကြောင်းမှာ ဂေါတမဘုရားရှင် ဘုရားဖြစ်ရန် ဗျာဓိတ်ရခြင်း၊ ဘုရားလောင်းဖွားမြင်ခြင်း၊ ဘုရားအဖြစ်ရောက်ရှိခြင်း၊ မဟာဗောဓိပင်ပေါက်ခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့၌သာ ဖြစ်တည်ခဲ့သောကြောင့် ပင်ဖြစ်သည်။

ဘုရားဖြစ်ရန် ဗျာဓိတ်ရခြင်း          -           ဒီပင်္ကရာဘုရားရှင်သည် သုမေဓာရှင်ရသေ့ကို ဘဒ္ဒကမ္ဘာ၏ လေးဆူမြောက်ဘုရားရှင် ဂေါတမဗုဒ္ဓဖြစ်မည့်အကြောင်း ကဆုန်လပြည့်နေ့၌ နိယတဗျာဒိတ်ပေးတော် မူခဲ့သည်။


ဘုရားလောင်း သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူခန်း (ပန်းချီ - ဦးဘကြည်)

ဘုရားလောင်းဖွားမြင်ခြင်း             -           ဂေါတမဗုဒ္ဓအလောင်းတော် သိဒ္ဓတ္ထမင်းသားကို မဟာသက္ကရာဇ် (၆၈)ခုနှစ်၊ ဘီစီ(၆၂၃)၊ ကဆုန်လပြည့်နေ့၊ သောကြာနေ့၊ နေထွက်တစ်ဗဟိုအချိန်၊ သိဟ်လဂ်ဗြိစ္ဆာစန်း၊ ဝိသာခါနက္ခတ်နှင့်စန်းယှဉ်ခိုက်တွင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင်ကြီး မာယာဒေဝီက ဖွားမြင်တော်မူခဲ့ သည်။

ဘုရားလောင်းဖွားတော်မူခန်း (ပန်းချီ - ဦးဘကြည်)

ဘုရားအဖြစ်ရောက်ရှိခြင်း -           ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် ဗောဓိညောင်ပင်အောက်၌ ဘုရားဖြစ်ကျင့်ကြံအားထုတ်ရင်း မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ဘီစီ(၅၈၉)၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့ သက်တော်(၃၅)နှစ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် (အာသဝ(၄)ပါး+ ဒိဋ္ဌိမောဟ(၃)ပါး+ ဝိဇ္ဇာ(၃)ပါး) တို့ကိုရရှိ၍  ဘုရားအဖြစ်ရောက်တော်မူသည်။

ဗောဓိပင်ခြေမှဘုရားလောင်းကို မာရ်နတ်အဖျက်ဝင်ခန်း (ပန်းချီ - ဦးဘကြည်)

မဟာဗောဓိပင်ပေါက်ခြင်း             -           ဂေါတမဘုရားရှင်နှင့်အတူ ဖွားဖက်တော်ခုနစ်ပါးရှိသည့်အနက် မဟာဗောဓိပင်လည်း ပါဝင်သဖြင့် ကဆုန်လပြည့်နေ့၌ပင် မဟာဗောဓိပင်ပေါက်ခြင်းဖြစ်သည်။ ထို မဟာဗောဓိညောင်ပင်သည် ဘုရားအဖြစ်ရောက်ရှိရာ ဌာနလည်းဖြစ်သည်။

 
ဘုရားအဖြစ်ရောက်ရှိတော်မူခန်း (ပန်းချီ - ဦးဘကြည်)

ပရိနိဗ္ဗာန်စံတော်မူခြင်း                 -           ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် (၁၄၈)ခု၊ ဘီစီ(၅၄၄) သက်တော်(၈၀)၊ ဝါတော်(၄၅)၊ ကဆုန်လပြည့်၊ တနင်္ဂနွေနေ့၊ နံနက်အာရုံတက်အချိန်တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

ပရိနိဗ္ဗာန် စံဝင်တော်မူပူံ (ပန်းချီ - ဦးဘကြည်)

ပွဲခါညောင်ရေ သွန်းမြဲပေတည့်

            ဗောဓိဟူသည် ဘုရားရှင်ပွင့်တော်မူရာသစ်ပင်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဘုရားရှင်တို့ တောထွက်၍ ဗောဓိပင်ခြေရင်း၌ တရားကျင့်ကြံပြီးမှ သဗ္ဗုညုတဉာဏ်တော်ကို ရရှိကြသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားတို့၏ ပွင့်ရောဗောဓိတို့သည် မတူကွဲပြားသည်။ ဤဘဒ္ဒကမ္ဘာတွင် ယခုခေတ်နှင့် အနီးဆုံးဘုရားရှင်မှာ လွန်ခဲ့သည့် နှစ်ပေါင်း (၂၇၀၀)ခန့်က ပွင့်တော်မူခဲ့သော ဘဒ္ဒကမ္ဘာ၏လေးဆူမြောက်ဘုရားရှင်  ဂေါတမဗုဒ္ဓဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင် ခေါ် ညောင်ဗုဒ္ဓဟေ ကို အမြတ်တနိုးတန်ဖိုးထား၍ ရာသီ ပူပြင်း ရေရှားသည့်ကဆုန်လ၊ ထိုကဆုန်လ၏လပြည့် ဗုဒ္ဓနေ့ရောက်တိုင်း ရေစင်သွန်းလောင်း ပူဇော်ကြသည်။

ကဆုန်ညောင်ရေသွန်းသရုပ်ဖော်ပန်းချီတစ်ခု

ကုသိုလ်အရဆိုလျှင်လည်း ပွင့်ရောဗောဓိကို ရေသွန်းလောင်းပူဇော်ခြင်းမှာ အာနိသင်ကောင်းကို ရရှိတတ်သည်။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်ပွင့်ရာဗောဓိပင်စိုက်ပျိုးပူဇော် ခဲ့သော ကုသိုလ်အာနိသင်ကြောင့် နတ်ပြည်၌ဖြစ်ခြင်း၊ စကြာမင်းဖြစ်ခြင်း၊ အပါယ်လေးပါးလွတ်ကင်းခြင်းတို့ စံစားရပုံကို ထေရာပဒါန်ကျမ်းတွင် ဖော်ပြထားသည်။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည်လည်း ပဒုမုတ္တရဘုရားရှင်ပွင့်ရာဗောဓိပင်ကို နံ့သာရေစင်သွန်းလောင်းသည့် ကုသိုလ်အာနိသင်ကြောင့် နတ်ပြည်၌ ဖြစ်ခြင်း၊ အနာရောဂါမြဲ့ခင်း၊ သောကကင်းခြင်း တို့ကို စံစားရရှိခဲ့သည်။

နှစ်ကျပ်ရှစ်ဆူဘုရားရှင်တို့နှင့် ပွင့်ရာဗောဓိများ

 

စဉ်

ဘုရားရှင်

ပွင့်ရာဗောဓိ

တဏှင်္ကရာ

စရည်း

မေဓင်္ကရာ

ပေါက်

သရင်္ဏကရာ

သခွတ်

ဒီပင်္ကရာ

ညောင်ကြတ်

ကောဏ္ဍည

နဘဲ

မင်္ဂလ

ကံ့ကော်

သုမန

ကံ့ကော်

ရေဝတ

ကံ့ကော်

သောဘိတ

ကံ့ကော်

၁၀

အနောမဒဿီ

ထောက်ကြံ့

၁၁

ပဒုမ

ကြောင်လျာ

၁၂

နာရဒ

ကြောင်လျာကြီး

၁၃

ပဒုမုတ္တရ

ထင်းရှူး

၁၄

သုမေဓ

ကျည်း

၁၅

သုဇာတ

ကြခတ်ဝါး

၁၆

ပိယဒဿီ

ရေခံတက်

၁၇

အတ္တဒဿီ

စကား

၁၈

ဓမ္မဒဿီ

လိပ်ဆူးရွှေ

၁၉

သိဒ္ဓတ္တ

မဟာလှေကား

၂၀

တိဿ

ပိတောက်

၂၁

ဖုဿ

သျှိသျှား

၂၂

ဝိပဿီ

သခွတ်

၂၃

သိခီ

သရက်ဖြူ

၂၄

ဝေဿဘူ

အင်ကြင်း

၂၅

ကကုသန္ဓ

ကုက္ကို

၂၆

ကောဏာဂုံ

ရေသဖန်း

၂၇

ကဿပ

ပညောင်

၂၈

ဂေါတမ

ညောင်ဗုဒ္ဓဟေ

 

စံကားဖြူပန်း (Magnolia × alba)

မြန်မာစာပေမှ ကဆုန်လ

 

ပွဲခါညောင်ရေသွန်းမြဲပေတည့်

ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်

မဲဇာရပ်သူ၊ တောင်းဆုယူသည်

ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊

မိုးမြင့်သီခေါင်၊ မဲဇာချောင်က…။

လက်ဝဲသုနန္ဒရအမတ်ကြီး ဦးမြတ်စံ၏ ပိုဒ်စုံရတုမှ


ရာသီငယ်ပြိဿ

မဟေသီလည်း၊ ရွှေညီခလို့

ပန်းမြစကားဝါ၊ ဝိသာခါနှင့်

တာရာခြံရံ၊ စန်းငွေယုန်ဖန်သည့်နှယ်

ဆဒ္ဒန်ပိုင့်ဗွေဘုံမှာ၊ လကဆုန် ညောင်ရေပွဲချိန်မို့

သည်းလှတယ်လေး။

 

မဟာအတုလမင်းကြီး၏ ကဆုန်လဘွဲ့မှ

မြန်မာသက္ကရာဇ်(၁၁၈၁)ခုနှစ်၊ ကုန်းဘောင်ခေတ်


ညောင်သီတာ ရေတော်သွန်းချိန်


သင်းမြေနံ့ တကြိုင်။

 

စကားရွှေဝါနှင့်

ညောင်သီတာ ရေတော်သွန်းချိန်မို့

ရွှန်းဝေလို့လှိုင်။

 

မြိုင်မြစ်စုံ ယမုန်ခပါတဲ့

ပြည်အမရမဏ္ဍိုင်

ခရိုင်နယ့်တစ်ဝိုင်း။

 

သို့ချိန်ဆီ

ရင့်ကျူးပဉ္စင်္ဂီနှင့်

တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်

ဆေးရင့်ပြာလှိုင်း။

ဦးကြင်ဥ

ကဆုန်ညောင်ရေသွန်းကုသိုလ်ယူကြစဉ်

            တစ်ဆယ့်နှစ်လသောရာသီများနှင့် ပွဲတော်များသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာယဉ်ကျေးမှု လက္ခဏာများဖြစ်သည်။ ခေတ်ကာလ၊ နှစ်ကြာလှသော်လည်း စွဲမြဲစွာထိန်းသိမ်းသင့်သော ချစ်မြတ်နိုးဖွယ် အမွေအနှစ်များလည်းဖြစ်သည်။ ကဆုန်လသည်ကား ဗုဒ္ဓဘုရားနှင့် တရားဖြစ်တော်စဉ်မှ ဖြစ်ပေါ်လာရသည့် ဘာသာရေးဓလေ့များကြောင့် တန်ဖိုးရှိသည့်အားလျော်စွာ တန်ဖိုးသိအောင်နေထိုင်အားထုတ်ရန်မှာ ဗုဒ္ဓဘာသာဝင်တိုင်း၏ ဝတ္တရားပင်ဖြစ်တော့သည်။

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း
၂၀၁၈ ၊ မေ-ဇွန်

#KawliyaWaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#ကဆုန်လပြည့် #ကဆုန်လပြည့်ဗုဒ္ဓနေ့
#KasongFullMoonDay #HappyaBirthdayBuddha

Comments