၆၉၊ ‘သမား’ ဆိုတဲ့စကားလုံးဟာ ဂုဏ်ရှိပါတယ်။ အယဉ်ကို အရိုင်းမလုပ်ပါနဲ့။ ဆရာသမား၊ ကားသမား၊ သမားတော်၊ ဇာတ်သမား

သမား၊ ဆိုက်ကားသမား၊ ဆိုင်းသမား၊ အရက်သမား စသဖြင့်ခေါ်လိုက်ရင် ရိုင်းတယ်လို့
ထင်တဲ့သူတွေ အတော်များလာတယ်။ ဒါဖြင့် ‘သမား’ ဆိုတဲ့စကားလုံးက ရိုင်းသလားဆိုတော့ မဟုတ်ပါဘူး။
မရိုင်းတဲ့ပြင် ယဉ်ကျေးပြီးဂုဏ်မြင့်ပါတယ်။
သမားဆိုတာ
၁၊ လုပ်ငန်း၊ အတတ်ပညာတစ်ခုကို ကျွမ်းကျင်သူ၊ အဲ့လုပ်ငန်းနဲ့အသက်မွေးသူ။
ဥပမာ - ဘောလုံးသမား၊ ဆိုင်းသမား၊
ဆိုက်ကားသမား၊ ဆရာသမား စသည်။
၂၊ ဆေးပညာရှင်
ရှေးခေတ်က ဆေးကုသူကို ဆေးသမားလို့ခေါ်ပြီး၊
ဒီနေ့ခေတ်မှာ ဆရာဝန်လို့ခေါ်ပါတယ်။ ဆရာဝန်မှာမှ သမားဆိုတဲ့ စကားလုံးပါတဲ့ သမားတော်ဘွဲ့
(Physician)၊ တော်ဝင်သမားတော်ဘွဲ့ (MRCP) ဆိုတာတွေ ရှိပါသေးတယ်။
၃၊ အပြုအမူ၊ အလေ့အထ တစ်ခုခုကို စွဲမြဲသူ
ကော်ဖီသမား၊ အလွမ်းသမား၊ အရက်သမား၊
အစားသမား စသည်ဖြင့်ပါ။ ဒီနေ့ခေတ်မှာသုံးကြတဲ့ အစားတစ်လိုင်း၊ အအိပ်တစ်လိုင်း စတဲ့စကားလုံးတွေနဲ့
မကွာပါဘူး။
မွန်စကားကလာတဲ့ ‘သမား’
တစ်ခုခုကို စွဲမြဲလုပ်ကိုင်သူလို့
အနက်အဓိပ္ပာယ်ရတဲ့ ‘သမား’ ဆိုတာက မွန်စကား ‘သမာ’ ကနေလာ ပါတယ်။
သမားက ‘သမ၊ သမ္မာ’ တို့နဲ့အတူတူပဲလား
အဓိပ္ပာယ်(၂)မျိုးရှိတဲ့
‘သမ’ဆိုတဲ့စကားလုံးနဲ့ ‘သမ္မာ’ဆိုတဲ့စကားလုံးတို့က ‘သမား’နဲ့သွားဆင် နေတယ်။ ဒါကိုရှင်းပြပါမယ်။
သမ (၁)
အမျိုးသမီးကိုရည်ညွှန်းတဲ့
‘သမ’ ဆိုတဲ့စကားလုံးရှိပါတယ်။ ဥပမာ - ယိမ်းသမ၊ အငြိမ့်သမ၊ အလုပ်သမ ဆိုတာတွေပေါ့။ ဒီစကားလုံးရင်းမြစ်က
‘သမား’နဲ့အတူတူပဲလို့ ကျွန်တော်ယူဆတယ်။ အမျိုးသားတွေကို ‘သမား’နဲ့သုံးပြီး အမျိုးသမီးတွေကို
‘သမ’နဲ့သုံးပုံရတယ်။ ‘မ’ နဲ့ ‘မား’ ပဲကွာသွားတာ။
ဒီလိုကွာတာက တချို့စကားလုံးတွေမှာလဲ တွေ့ရတယ်။ ဥပမာ ပေးကမ်းလှူဒါန်းသူဟာ အမျိုးသားဆိုရင်
ပါဠိလို ‘ဒါယကာ’ လို့ခေါ်ပြီး၊ အမျိုးသမီးဆိုရင် ‘ဒါယိကာမ’ လို့ခေါ်သလိုပေါ့။ ‘ယ’ နဲ့
‘ယိ’ ပဲကွာသွားတာ။
သမ (၂)
ရောသမမွှေ၊ သမဝါယမ စတဲ့စကားလုံးတွေလဲ
ရှိသေးတယ်။ အဲဒီ ‘သမ’ ကပါဠိစကားဖြစ်ပြီး ‘မျှတသော’ လို့အနက်ရတယ်။ ရောသမမွှေတယ်ဆိုတာ
အရသာမျှတအောင်လုပ်တာ။ သမဝါယမဆိုတာ စုပေါင်း လုပ်ကိုင်ပြီး အမြတ်ကို မျှမျှတတခွဲယူတာဖြစ်ပါတယ်။
သမ္မာ
သမ္မာအာဇီဝ၊ သမ္မာဒေဝ၊ သမ္မာကျမ်းစာ ဆိုတာတွေလဲ
ကြားဖူးကြပါလိမ့်မယ်။ ‘သမ္မာ’ ဆိုတာ ပါဠိစကားဖြစ်ပြီး ‘ကောင်းသော’ လို့အနက်ရပါတယ်။
သမ္မာအာဇီဝ - ကောင်းသောအသက်မွေးမှု၊ သမ္မာဒေဝ - နတ်ကောင်းနတ်မြတ် စသဖြင့်ပါ။ မျှတဖြောင့်မတ်တဲ့သူတွေကို
‘သမာသမတ်’ ကျတယ်လို့ ဆိုတာလဲ ရှိသေးတယ်။ အဲဒီ ‘သမာ’ဟာလဲ ‘သမ္မာ’ကနေဆင်းသက်လာတာ ဖြစ်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
၁၆.၆.၂၀၂၃
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment