ကောလိယ ဝေယံမောင်မောင်
ကျွန်တော် လစဉ်တင်ဆက်ပေးနေတဲ့ ကမ္ဘာ့ဖက်ရှင်နယ်ပယ်ကြီးထဲက
ပညာရှင်အသီးသီးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ကဏ္ဍခွဲတွေကိုပါ ပူးတွဲထမ်းဆောင်နေကြသူတွေ
ဖြစ်ကြပါတယ်။ အရင်လကဖော်ပြပေးခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းဆိုရင် ဖက်ရှင်ဒီဇိုင်နာ အလုပ်အပြင်
တေးသံရှင်၊ မော်ဒယ်လ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့
ကဏ္ဍတွေမှာပါ ပေါက်မြောက်သူ ဖြစ်ပါတယ်။
ဒီလမှာဖော်ပြဖို့ ရွေးချယ်ထားတဲ့ မေလဖွား
ဒီဇိုင်နာဟာဆိုရင်လဲ ဖက်ရှင်ဒီဇိုင်နာ အဖြစ်တင်သာမက စီးပွားရေးလုပ်ငန်းရှင်လဲဖြစ်ပြီး
လူမှုကွန်ရက်ပေါ်မှာလဲ ဖက်ရှင်နဲ့လွှမ်းမိုးကျော်ကြားသူ ဖြစ်ပါတယ်။ သူ့ရဲ့ The
Blonde Salad ဆိုတဲ့ အွန်လိုင်းဖက်ရှင်ဆောင်းပါး အလုပ်ကလဲ အောင်မြင်လှပါတယ်။ သူကတော့
ပန်တင်း ခေါင်းလျှော်ရည်ကြော်ငြာထဲမှာ အမြဲတွေ့ရတဲ့ Chiara Ferragni (ခီအားရား ဖရန်ရီး)
ပဲဖြစ်ပါတယ်။
မိသားစုဘဝ
ခီအားရား ဖရန်ရီးကို (၁၉၈၇)ခုနှစ်၊ မေလ(၇)ရက်နေ့မှာ
မွေးဖွားခဲ့ပါတယ်။ ဇာတိကတော့ အီတလီ နိုင်ငံမြောက်ပိုင်း၊ လမ်ဘားဒီ(Lombardy) ဒေသ၊ ခရက်မိုးနာ
(Cremona) မြို့ဖြစ်ပါတယ်။ သူတို့မြို့က နာမည်ကျော်တွေ အတော်များများထွက်ပါတယ်။ နိုင်ငံရေး၊
ရုပ်ရှင်၊ သဘင်၊ ဂီတ စတဲ့ရပ်ဝန်းစုံက လူပုဂ္ဂိုလ်တွေရဲ့ဇာတိပါ။
ခီအားရား ဖရန်ရီးရဲ့ဖခင်က သွားဆရာဝန်
Marco Ferragni ဖြစ်ပြီး၊ မိခင်ကတော့ Frozen Bodies ဆိုတဲ့ အသံမဲ့အမှောင်ကမ္ဘာမှာ ဖုတ်ကောင်တွေလွှမ်းမိုးတဲ့ဝတ္ထုဖန်တီးသူ
မာရီန ဒီ ဝါရဒို (Marina di Guardo) ဖြစ်ပါတယ်။ ကျွန်တော့်အထင်ပြောရရင် ခီအားရား ဖရန်ရီး
ဖက်ရှင်ဆောင်းပါးရှင်ဖြစ်ရခြင်းဟာ သူ့အမေဆီက စာရေးဗီဇ ပါဝင်တာလဲ ဖြစ်နိုင်ချေရှိမှာပါ။
| မော်ဒယ်၊ ဒီဇိုင်နာ ခီအားရား ဖရန်ရီး (Chiara Ferragni) |
ဖက်ရှင်ဆောင်းပါး စတင်ရေးသား
ခီအားရား ဖရန်ရီးရဲ့ ပထမဆုံး အွန်လိုင်းဖက်ရှင်ဆောင်းပါးကို
(၂၀၀၉)ခုနှစ်၊ အောက်တိုဘာလမှာ စတင်ရေးသားခဲ့ပါတယ်။ ကျွန်တော်ဖက်ရှင်ဆောင်းပါးတွေ ဂျာနယ်များမှာစရေးတာကလဲ
(၂၀၀၉)ခုနှစ်ပါပဲ။ ဒါ့ကြောင့်ပဲ ကျွန်တော်နှစ်ခြိုက်ရတဲ့သူတွေထဲမှာ သူလဲပါဝင်နေတာပါ။
သူ့ရဲ့ ဖက်ရှင်ဆောင်းပါးတွေက ကမ္ဘာ့ဖက်ရှင်ချစ်သူတွေအသည်းစွဲပါ။
| အင်္ဂလန်၊ ဘလန်နင်မ် နန်းတော်၌ကျင်းပမည့် Dior Cruse Show အသွား ရထားပေါ်တွင် |
အောင်မြင်ကျော်ကြားလာခြင်း
နှစ်ပတ်တစ်ကြိမ်ထုတ်တဲ့ နယူးယောက်မဂ္ဂဇင်းကြီးက
ခီအားရား ဖရန်ရီးကို (၂၀၁၁) မတ်လထုတ်မှာ "လမ်းမထက် ဖက်ရှင်ကြယ်တစ်ပွင့်"
အဖြစ် သတ်မှတ်ခဲ့ပါတယ်။
(၂၀၁၁)၊ ဒီဇင်ဘာလမှာ အမေရိကန်က The
Vogue မဂ္ဂဇင်းရဲ့ ဆောင်းပါးရှင်အဖြစ် သတ်မှတ်ခံရ ပါတယ်။ အဲဒီအချိန်မှာ သူက အီတလီက
ဘက်ခိုးနီတက္ကသိုလ် (Bocconi University) မှာ ဥပဒေပညာ သင်ယူဆဲကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့
ဖက်ရှင်အရေးပဲ လုပ်နေလို့လားမသိဘူး။ ကျွန်တော်အခုဆောင်းပါး ရေးနေတဲ့ (၂၀၁၇)အထိ ဘွဲ့ကိုမရသေးပါဘူးလို့
သိရပါတယ်။
အဲဒီအချိန်မှာပဲ သူဖက်ရှင်ဆောင်းပါးရေးတဲ့
ဘလော့ကို လူသန်းချီအောင်ဝင်ဖတ်ကြတဲ့အထိ ပရိသတ် တွေမြင့်တက်လာခဲ့ပါတယ်။ ဒါ့ကြောင့်
(၂၀၁၃)ခုနှစ်မှာ “Blogger Of The Year” ဖြစ်သွားပါတယ်။ (၂၀၁၃) ဒီဇင်ဘာမှာတော့ သူစာရေးတဲ့နာမည်
“The Blonde Salad” ဆိုတဲ့အမည်နဲ့ အီလက်ထရောနစ်စာအုပ် ထုတ်ဝေခဲ့ပါတယ်။
ဒီလိုနဲ့ သူ့ရဲ့ပရိသတ်တွေ ပိုမိုတိုးပွားလာလိုက်တာ
(၂၀၁၇)၊ မတ်လမှာတင်ပဲ အင်စတာဂရမ်ကို Follow လုပ်သူပေါင်း (၈)သန်းကျော်ထိ ရှိလာခဲ့ပါတယ်။
| ခီအားရား ဖရန်ရီး (Chiara Ferragni) ဖိနပ် |
အောင်မြင်မှုကို မျှဝေခံစားတတ်သူ
အောင်မြင်သူကောင်းတွေဟာ ကိုယ့်ရဲ့အောင်မြင်မှုကို
မျှဝေခံစားတတ်သူတွေဖြစ်ကြပါတယ်။ ခီအားရား ဖရန်ရီးဟာ သူ့သူငယ်ချင်းတွေဖြစ်တဲ့
ခီအားရား ဘီယားစီ (Chiara Biasi) နဲ့ ခီအားရား နာစတီ (Chiara Nasti) တို့ကို ကိုယ်ပိုင်ဖက်ရှင်
ဆောင်းပါးတွေရေးကြဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူတို့ မိန်းမသားသုံးယောက်ဟာ
ခီအားရားသုံးဖော် (The Three Chiara) ဆိုတဲ့ နာမည်နဲ့ကျော်ကြားတဲ့ ဆောင်းပါးရှင်တွေ
ဖြစ်လာခဲ့ကြပါတယ်။
| ပန်တင်းခေါင်းလျှော်ရည်၏ ကမ္ဘာ့သံတမန် |
မော်ဒယ်လ် နှင့် ဒီဇိုင်နာဘဝ
ခီအားရား ဖရန်ရီးဟာ ရုပ်ခန္ဓာလဲပြေပြစ်လှပသူမို့
ကမ္ဘာကျော်ဖက်ရှင်တံဆိပ် GUESS အတွက် မော်ဒယ်လ်လုပ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။
(၂၀၁၃)၊ နိုဝင်ဘာလမှာ ကြော်ငြာရိုက်ခဲ့ရပြီး
ကြော်ငြာ မော်ဒယ်လ် ဖြစ်လာပြန်ပါတယ်။ ဒီဇင်ဘာလမှာ အမေရိကန် စတီဗ်မက်ဒန် (Steve Madden) ဖိနပ်လုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ်၊ ဒီဇိုင်နာ စတီဗင်မတ်ဒန်နဲ့ ပူးပေါင်းပြီး
(၂၀၁၄)ခုနှစ် နွေဦးအတွက် ဖိနပ်(၉)မျိုး ထုတ်လုပ်ခဲ့ပါတယ်။
ခီအားရား ဖရန်ရီးဟာ စတီဗင်မတ်ဒန်နဲ့တင်မဟုတ်ဘဲ
ရှေးရှေးလတွေမှာ ကျွန်တော်ဖော်ပြခဲ့တဲ့ Christian Dior, Louis Vuitton, Chanel,
Max Mara, Tommy Hilfiger, J Brand နဲ့ Seven For All Mankind တံဆိပ်များနဲ့လဲ ဖက်ရှင်ဒီဇိုင်းတွေ
ပူးပေါင်းဖန်တီးခဲ့ရသေးတာပါ။
သူ့ရဲ့စီးပွားရေးလုပ်ငန်း တိုးတက်လာတဲ့အတိုင်းအဆကိုပြောရမယ်ဆိုရင်
(၂၀၁၄)မှာ ခီအားရား ဖရန်ရီးဖိနပ်လုပ်ငန်းရဲ့ စုစုပေါင်းငွေပမာဏဟာ ဒေါ်လာ(၈)သန်းကျော်လာခဲ့တာပါ။
ဒါ့ကြောင့်ပဲ Forbes မဂ္ဂဇင်းရဲ့ (၂၀၁၄)ခုနှစ်အတွင်း ထိပ်တန်း(၃၀)စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
| စတီဗ်မတ်ဒန် ဖိနပ်လုပ်ငန်း (Steve Madden) တံဆိပ်အတွက် သူဖန်တီးထားသောဖိနပ် |
| ခီအားရား ဖရန်ရီးနှင့် ကမ္ဘာကျော် GUESS ဖက်ရှင် |
ပိုမိုအောင်မြင် အသိအမှတ်ပြုခံရခြင်း
(၂၀၁၅)၊ ဇန်နဝါရီမှာဆိုရင် ခီအားရား ဖရန်ရီးဘလော့နဲ့
ရှုးဖိနပ်လုပ်ငန်းအကြောင်းကို ကမ္ဘာကျော် ဟားဗတ်စီးပွားရေးကျောင်းကြီးက
"Chiara Ferragni Collection" ဆိုပြီး ဘာသာရပ် ပြဋ္ဌာန်းလိုက်တဲ့အထိ အသိအမှတ်ပြုခံခဲ့ရပါတယ်။
သူဟာ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ ကော်ဇောနီပေါ်လျှောက်လှမ်းခွင့်ရသူ၊
Vogue အပါအဝင် ကမ္ဘာ့မဂ္ဂဇင်း တွေရဲ့ မျက်နှာဖုံးရှင်၊ ရုပ်သံအစီအစဉ်တချို့ရဲ့ ဧည့်သည်ဒိုင်၊
ပန်တင်းခေါင်းလျှော်ရည်ရဲ့ ကမ္ဘာ့သံတမန်ပါ။ ပြောရရင်တော့ အောင်မြင်တွေရင်ဝယ်ပိုက်ထားနိုင်တဲ့
အမျိုးသမီးငယ်တစ်ဦးပါ။
| သူ့ကလောင်နာမည် The Blonde Salad နာမည်နှင့်ကျင်းပသော ကော့တေးပါတီ |
| မျက်တောင်အပိတ်အဖွင့်ပုံသည် ခီအားရား ဖရန်ရီး (Chiara Ferragni) ဖက်ရှင်တံဆိပ်ဖြစ်သည် |
အပ်နှင်းခံရသောဆု နှင့်
ဂုဏ်ပြုခံရခြင်းများ
ခီအားရား ဖရန်ရီးဟာ အဖွဲ့အစည်းတွေ၊ မီဒီယာတွေရဲ့
အသိအမှတ်ပြုစာရင်းမှာ မကြာခဏပါဝင် နေသူပါ။ အောက်မှာဖော်ပြထားတာတွေကတော့ သူ့မှတ်တိုင်တချို့ဖြစ်ပါတယ်။
| မေရီကလဲမဂ္ဂဇင်း၏ Beauty Icon 2015 ဆုရစဉ် |
- Various Blogger of The Year ၂၀၁၃
- Bloglovin Award ၂၀၁၄
(သုံးနှစ်တာရေးခဲ့သောဘလော့ဂ်များအတွက်ရရှိသည်။)
- Bloglovin Award (Blogger of The Year) ၂၀၁၄
- Beauty Icon Award ၂၀၁၅
(Marie Claire မဂ္ဂဇင်းမှပေးအပ်သည်။)
- Global Ambassador of PANTENE ၂၀၁၆
(ပန်တင်းခေါင်းလျှော်ရည်၏ ကမ္ဘာ့သံတမန်)
ကမ္ဘာ့ဖက်ရှင်လောကကြီးဟာ အချိန်နဲ့အမျှ
အရှိန်နဲ့ထပြီး တိုးတက်နေပါတယ်။ ဒီလောကပြင်ထဲမှာ မဆုတ်မနစ်ကြိုးစားတဲ့ ဝါသနာရှင်တွေဟာ
တစ်ချိန်မှာတော့ ပညာရှင်တွေဖြစ်လာစမြဲပါ။ ဒီလို ကြိုးစားရင်းနဲ့ အောင်မြင်မှုသရဖူတွေဆောင်းနေတဲ့
လူငယ်ဖက်ရှင်ဒီဇိုင်နာ ခီအားရား ဖရန်ရီးတစ်ယောက် မေလ(၇)ရက်မှာ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇၊ မေ
Comments
Post a Comment