ပါဠိစကားလုံး ‘အာဇာနေယျ’
ကနေ မြန်မာစကားလုံး ‘အာဇာနည်’ ဖြစ်လာပါတယ်။ အဲဒီ ‘အာဇာနည်’ ကိုပဲအတိုချုံးပြီး ‘ဇာနည်’
လို့သုံးပြန်တယ်။
မြန်မာအဓိပ္ပာယ်
မြန်မာအဘိဓာန်က အာဇာနည်ရဲ့အဓိပ္ပာယ်ကို
အောက်ပါအတိုင်းဖွင့်ဆိုပါတယ်။
၁၊ အကြောင်းဟုတ်မဟုတ်ကို ကောင်းစွာသိသောသူ။
၂၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်း
ဆောင်ရွက်သူ။
ကျွန်တော်တို့ သတ္တမတန်းမြန်မာစာသင်ရစဉ်ကတော့
‘သင့်မသင့်ကို ခဏချင်းသိ၍ ကောင်းစွာဆောင်ရွက်နိုင်သူ’ လို့ဖွင့်ဆိုထားတာ မှတ်မိနေဆဲဖြစ်ပါတယ်။
ပါဠိအဓိပ္ပာယ်
ပါဠိမှာ ‘အာ-ဇည’ ရဲ့အနက်က
‘အမျိုးကောင်းသော၊ အမျိုးမြတ်သော’ ဖြစ်ပါတယ်။ ‘အာ-ဇာန’ အနက်က ‘သိတတ်သည်’ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြန်မာစကားလုံး ‘အာဇာနည်’ ဟာ ပါဠိအဓိပ္ပာယ်နှစ်ခုလုံးကို ယူထားတာ ဖြစ်ပါတယ်။
အင်္ဂလိပ်အဓိပ္ပာယ်
‘အာဇာနည်’ ကိုအင်္ဂလိပ်လို
‘Martyr’ လို့ပြန်တယ်။ ဒါက မူရင်းပါဠိ အဓိပ္ပာယ်နဲ့တော့ မကိုက်ပါဘူး။
အင်္ဂလိပ်အဓိပ္ပာယ်သတ်သတ်ပါ။ ရှင်းပြပါမယ်။
‘အာဇာနည်’ ရဲ့မူလအဓိပ္ပာယ်က
‘သိတတ်သူ၊ မျိုးရိုးကောင်း’ ဖြစ်ပါတယ်။ ဒါပေမဲ့ Martyr ရဲ့ အဓိပ္ပာယ်ကကျတော့ ‘သိတတ်သူ၊
မျိုးရိုးကောင်း’ မဟုတ်ဘူး။ A person who is killed because of their religious or
other beliefs. လို့အနက်ဖွင့်ထားတယ်။ အဓိပ္ပာယ်က ‘ဘာသာရေး သို့မဟုတ်
အခြားယုံကြည်ချက်များကြောင့် အသတ်ခံရသူ’ ဖြစ်ပါတယ်။ မြန်မာမူရင်းနဲ့ အနက်မတူတဲ့ အင်္ဂလိပ်စကားလုံး
ကလဲ သိပ်လေးနက်လှပါတယ်။
ဒီ
Martyr ဆိုတဲ့စကားလုံးဟာ ဂရိစကား Martur ကနေ ဆင်းသက်လာပါတယ်။ ခရစ်ယာန်မှာ အသုံးများတဲ့
စကားလုံးဖြစ်ပြီး ကားစင်တင်ခံရတဲ့ ယေရှုကို ပထမဆုံးနဲ့ အကြီးမြတ်ဆုံး Martyr အဖြစ်
ခရစ်ယာန်များ သတ်မှတ်ကြပါတယ်။
အာဇာနည်(၆)မျိုး
ဗုဒ္ဓက
အာဇာနည်နဲ့ပတ်သက်ပြီး အာဇာနီယသုတ်(၈)သုတ် ဟောခဲ့ပါတယ်။ အာဇာနည်(၆)မျိုး
(ခ) မကြောက်မရွံ့ မတွန့်မဆုတ်ဘဲ ကြောင်းကျိုးဟုတ်မှန်ကို ဝေဖန်တတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါ(၆)မျိုး ရှိပါတယ်။
၁၊ သီဟ - ခြင်္သေ့အာဇာနည်
၂၊ ဟတ္တာဇာနေယျ - ဆင်အာဇာနည်
၃၊ အဿာဇာနေယျ - မြင်းအာဇာနည်
၄၊ ဥသဘာဇာနေယျ - နွားလားအာဇာနည်
၅၊ ပုရိသာ ဇာနေယျ - ယောက်ျားအာဇာနည်
၆ ခီဏာသဝ - ရဟန္တာပုဂ္ဂိုလ်
ရှေ့(၅)မျိုးက အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ အားကြီးလို့ မကြောက်ရွံ့ကြတာဖြစ်ပြီး ရဟန္တာများကတော့ ကိလေသာကင်းလို့ မရွံ့မကြောက်ရဲရင့်ကြတာလို့ မှတ်ရပါတယ်။
အာဇာနည်ဂုဏ်ရည်(၆)ခု
Common features of stereotypical martyrdoms
စိတ်ဝင်စားဖွယ်ကောင်းတာ
ရှိပါတယ်။ ဗုဒ္ဓဟော အာဇာနည်(၆)မျိုးရှိပါတယ်။ ဒါ့ပြင် အနောက်တိုင်း အယူအဆမှာကျ အာဇာနည်ရဲ့ဂုဏ်ရည်(၆)ခုကို
ဖော်ပြထားပြန်ပါတယ်။
၁၊ သူရဲကောင်းဖြစ်ခြင်း
၂၊ ဆန့်ကျင်အတိုက်အခံပြုခြင်း
၃၊ အန္တရာယ်ကို ကြိုမြင်ခြင်း
၄၊ အန္တရာယ်ရှိသော်လည်း ကတိမဖျက်ခြင်း
၅၊ အတိုက်အခံတို့သတ်ဖြတ်မှု ခံရခြင်း
၆၊ လူထုက အသိအမှတ်ပြုခြင်း
၁၉.၇.၂၀၂၃
Comments
Post a Comment