၇၀၊ ‘ဒလန်’ ဘယ်ကလာသလဲ။
‘ဒလန်’ ဆိုတာ မြန်မာပြည်ကလူတွေ
မကြာခဏကြားနေရတဲ့ စကားလုံးပါ။ ဒါပေမဲ့ မြန်မာစကားလုံး မဟုတ်သလို၊ ရှေးကတည်းက သုံးခဲ့တဲ့စကားလုံးလဲ
မဟုတ်ပါဘူး။ ကျွန်တော်မှန်းတာမမှားရင် ဒီစကားလုံး မြန်မာပြည်ရောက်တာ နှစ်(၁၀၀)ဝန်းကျင်ပဲ
ရှိအုံးမယ်။
ဒလန် အဓိပ္ပာယ်
ဒလန်ဆိုတာ “တစ်စုံတစ်ယောက်၏
အကျိုးအတွက် အခြားသူကိုလှည့်ဖြား၍ ဆောင်ရွက်ပေးသူ။” လို့ အနက်ဖွင့်ပါတယ်။ မြန်မာအဓိပ္ပာယ်မှာ ဒလန်ဆိုတာ
လူကောင်းမဟုတ်ပါဘူး။
ဒလန်ဆိုတာ ဟိန္ဒီစကားကနေ ဆင်းသက်လာတယ်။
အိန္ဒိယပြည်မှာ ဟိန္ဒူတွေက
‘ဒလန်’ လို့ခေါ်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ ဟိန္ဒူဒလန်က မြန်မာဒလန်လို ဝင်ရောက်မွှေနှောက်ပြီး
ဒုက္ခပေးတဲ့သူ မဟုတ်ဘူး။ အင်္ဂလိပ်လို Broker တို့ Middleman တို့ခေါ်တဲ့ ပွဲစားတို့၊
ကြားလူတို့ကို ဆိုလိုတာ။
ဒလန်ကို ဟိန္ဒီလို दलाल လို့ရေးပါတယ်။ အသံထွက်ကတော့ မြန်မာလိုထွက်တဲ့အတိုင်း ဒလန်နဲ့ ထပ်တူလောက်ပါပဲ။ ရောမစာလုံးနဲ့ဆို Dalāl လို့ရေးတယ်။ ရင်းမြစ်စကားလုံးတွေ လေ့လာကြည့်တော့ ရှေးယခင်က Dellal လို့လဲရေးသလို Deloll လို့လဲ ရေးခဲ့ကြောင်းတွေ့ရတယ်။ Dell ဆိုတာ “ကုန်သွယ်၊ စီးပွား၊ သဘောတူညီမှု” စတဲ့အဓိပ္ပာယ်တွေရှိတယ်။ ဒါတွေဟာ ပွဲစားတို့၊ ကြားလူတို့ရဲ့ လုပ်ငန်းတွေဖြစ်လို့ အဲ့လုပ်ငန်းလုပ်သူတွေကို Dalāl လို့ခေါ်ကြောင်း ကျွန်တော်သုံးသပ်မိပါတယ်။
ကောလိယ ဝေယံမောင်မောင်
၇.၇.၂၀၂၃
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
Comments
Post a Comment