သာယာအေးမြ မိုးအစမှာ လန်းရွှင်အေးမြကြပါစေဗျာ။ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတို့အကြောင်းကို ဆက်လက်တင်ဆက်ပေးနေပါတယ်ဗျာ့။ ပြီးခဲ့တဲ့လမှာတော့ ဒီဇိုင်နာချော ခီအားရား ဖရန်ရီး (Chiara Ferragni) အကြောင်းကို ဖတ်ခဲ့ကြရတာပါ။ ဒီလမှာတော့ ဇွန်လဖွား အမေရိကန် ဖက်ရှင်ဒီဇိုင်နာ ထိုးရီးဘာ့ချ် (Tory Burch) အကြောင်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ထိုးရီးဘာ့ချ် (Tory Burch) တံဆိပ် |
ငယ်ဘဝ
ထိုးရီးဘာ့ချ်ကို (၁၉၆၉)ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဖန်းဆိုးဗေးနီးယား ပြည်နယ် (Pennsylvania)၊ ဗဲလီးဖို့ချ်ကျေးရွာ (Valley Forge) မှာ မွေးဖွားခဲ့ပါတယ်။ ကလေးဘဝတုန်းက အစ်ကိုသုံးယောက်လက်ပေါ်မှာ ကြီးခဲ့ရတာပါ။
ဖခင်ဖြစ်သူက ရင်းနှီးမြှပ်နှံသူ သူဌေးတစ်ယောက်လဲဖြစ်၊ စတော့အိတ်စ်ချိန်းလုပ်ငန်းကို အမွေဆက်ခံ ထားသူလဲဖြစ်ပါတယ်။ နောက်ထပ်လုပ်ငန်းအနေနဲ့ စက္ကူရေခွက်လုပ်ငန်းကုမ္ပဏီကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ကျေးရွာပေမဲ့လဲ့ လူနေမှုလဲအဆင့်မီ၊ သူတို့မိသားစုကလဲ ကုံလုံတာမို့ ကျပ်တည်းတဲ့ဘဝတော့ မဟုတ်ပါဘူး။
ထိုးရီးဘာ့ချ် (Tory Burch) အားကစားဖက်ရှင် |
ထိုးရီးဘာ့ချ် (Tory Burch) ဖက်ရှင်ဆိုင်ခွဲတစ်ခု |
ပညာရေး
ထိုးရီးဘာ့ချ် ကျောင်းတက်တော့ Agnes Irwin အမျိုးသမီးကျောင်းမှာတက်ပါတယ်။ ငယ်ငယ်က အားကစားမှာလဲ ထူးချွန်ပါတယ်။ သူတို့ကျောင်းက တင်းနစ်အဖွဲ့မှာဆို သူကခေါင်းဆောင်တစ်ယောက်ပါ။ သူ့ သူငယ်ချင်းကတော့ အမေရိကန်သန်းကြွယ်သူဌေးမင်း Stephen M. Ross ရဲ့ ကတော်ဖြစ်တဲ့ ကျောက်မျက်ဒီဇိုင်နာ Kara Ross ပါ။
ထိုးရီးဘာ့ချ် အခြေခံပညာကျောင်းတက်ပြီးတော့ ဖန်းဆိုးဗေးနီးယားတက္ကသိုလ် ဆက်တက်ခဲ့ပါတယ်။ ဆည်းပူးတဲ့ဘာသာရပ်ကတော့ အနုပညာသမိုင်းဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျောင်းတွင်းလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသူများအသင်းမှာလဲ အသင်းဝင်တစ်ယောက် အဖြစ် ပါဝင်ခဲ့ပြန်ပါတယ်။ (၁၉၈၈)ခုနှစ်မှာ အနုပညာသမိုင်းဘာသာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
ထိုးရီးဘာ့ချ်
(Tory Burch) နေအိမ်မှ အခန်းတစ်ခု |
ကနဦးအလုပ်အကိုင်
ထိုးရီးဘာ့ချ်က ဖက်ရှင်နဲ့ပက်သက်တဲ့ ကနဦးအလုပ်အကိုင်အနေနဲ့ ဒီဇိုင်နာ Zoran ဆီမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ အမျိုးသားဒီဇိုင်နာ Zoran ဆိုတာ Instagram မှာ king_slay_savage ဆိုပြီးနာမည်ကျော်တဲ့ ဖက်ရှင်ပညာရှင်တစ်ဦးပါ။ သူက နယူးယောက်မြို့တော်မှာ နေထိုင်တာမို့လို့ ထိုးရီးဘာ့ချ်လဲ နယူးယောက်ကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရပါတယ်။
ဒီဇိုင်နာ Zoran ဆီမှာလုပ်ကိုင်ပြီးနောက် အမေရိကန်ဒီဇိုင်နာ Vera Ellen Wang ၊ Polo Ralph Lauren ဖက်ရှင်နဲ့ Loewe တို့အတွက် လူထုဆက်သွယ်ရေးနဲ့ ကြော်ငြာလုပ်ငန်းတာဝန်တွေ ဆောင်ရွက်ခဲ့ပါတယ်။
ထိုးရီးဘာ့ချ် (Tory Burch) နှင့်သားများ |
ထိုးရီးဘာ့ချ် (Tory Burch) ခရီးသွားအမှတ်တရ |
ဖက်ရှင်တံဆိပ်အစ
ထိုးရီးဘာ့ချ်ဟာ ဖက်ရှင်ဒီဇိုင်နာတွေနဲ့ တွဲဖက်လုပ်ကိုင်ခဲ့တော့ အောက်သက်လဲကြေသလို ပါရမီလဲ ရှိတာမို့ (၂၀၀၄)၊ ဖေဖော်ဝါရီမှာ ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ကို ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ဖက်ရှင် တံဆိပ်နာမည်က TRB by Tory Burch ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့တံဆိပ်ကို Tory Burch လို့ပဲလူသိများပါတယ်။ သူ့ဆိုင်ကို Nolita စီရင်စု၊ Manhattan မှာ ဖွင့်လှစ်ထားပါတယ်။
ထိုးရီးဘာ့ချ်က ပွဲဦးထွက်ကတည်းက ကံကောင်းလှသူပါ။ ဆိုင်စဖွင့်တဲ့နေ့မှာတင်ပဲ အကုန်နီးပါးရောင်း ချခဲ့ရပါသတဲ့။ ဒါတင်မကသေးပါဘူး။ ကမ္ဘာ့အကျော်အမော် တင်ဆက်သူ အော်ဖရာဝင်းဖရေးက (၂၀၀၅)၊ ဧပြီမှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ဖက်ရှင်စကားဝိုင်း တင်ဆက်ထုတ်လွှင့်မှုမှာ ဧည့်သည်တော်အနေနဲ့ ဖိတ်ခေါ်ပြောဆိုစေခဲ့ ပါတယ်။ ဒါ့ကြောင့် ထိုးရီးဘာ့ချ်ရဲ့ ဝက်ဘ်ဆိုက်ကို စိတ်ဝင်တစားဝင်ရောက်လာသူ (၈)သန်းအထိ ရှိလာခဲ့ပါတယ်။
ထိုးရီးဘာ့ချ် (Tory Burch) ၏ စာဖတ်ခန်း |
ပိုမိုတိုးတက်လာသောလုပ်ငန်း
ဝတ်ဆင်သူတွေရဲ့နှစ်သက်မှုကို များစွာရရှိခဲ့တဲ့ ထိုးရီးဘာ့ချ်ကုမ္ပဏီဟာ ကမ္ဘာအရပ်ရပ်မှာ ဆိုင်ခွဲပေါင်း (၁၉၀)ဖွင့်လှစ်နိုင်ခဲ့တဲ့အထိ တိုးတက်အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ဖက်ရှင်ထုတ်ကုန်တွေကတော့ ရယ်ဒီမိတ်ဝတ်စုံ၊ ဖိနပ်၊ လက်ကိုင်အိတ်၊ အဆင်တန်ဆာ၊ လက်ပတ်နာရီ၊ အိမ်တွင်းအလှဆင်ပစ္စည်း၊ ရေမွှေးနဲ့ အလှကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်တွေကို ကမ္ဘာအရပ်ရပ်က ကုန်တိုက်ပေါင်း (၃၀၀၀)ကျော်မှာ ရောင်းချပါတယ်။
(၂၀၀၅)ခုနှစ်မှာ သွက်လက်ပေါ့ပါးစေတဲ့ဝတ်စုံနဲ့ အားကစားဝတ်စုံတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ထိုးရီးဘာ့ချ်ရဲ့ဝတ်စုံတွေဟာ ဝတ်ရလွယ်ပြီး ဝတ်ဆင်သူနဲ့လဲ လိုက်လျောညီထွေဖြစ်တယ်လို့ အထူးကျော်ကြား ပါတယ်။ အရွယ်စုံအမျိုးသမီးတွေကြားမှာလဲ ရေပန်းစားလှပါတယ်။ (၂၀၀၇)ခုနှစ်မှာ သူ့ရဲ့ ဖက်ရှင်အဝတ်အထည်တွေ ဝယ်ယူနိုင်ဖို့ စာရင်းပေးကြရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ထိုးရီးဘာ့ချ် (Tory Burch) အမျိုးသမီးဖက်ရှင် |
ရုပ်သံအစီအစဉ်များ
ထိုးရီးဘာ့ချ်ဟာ (၂၀၀၅)ခုနှစ်ကစတင်ပြီး ရုပ်သံအစီအစဉ်တွေမှာ ဧည့်သည့်အနေနဲ့၊ ဒိုင်အနေနဲ့ အမျိုးမျိုးပါဝင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာပြသနေတဲ့ "ဂွတ်မောနင်းမြန်မာ" အစီအစဉ်ရဲ့ မူလဘူတအစီအစဉ်ကြီး ဖြစ်တဲ့ "ဂွတ်မောနင်းအမေရိက" အစီအစဉ်မှာလဲ ပါဝင်ခဲ့သလို Project Runway, Fashion King, Gossip Girl စတဲ့ ရုပ်သံအစီအစဉ်တွေမှာလဲ လူသိများခဲ့ပါတယ်။
အမျိုးသမီးများအတွက် ပေါ့ပေါ့ပါးဖက်ရှင်များ |
အပ်နှင်းခံရသောဆုများ နှင့် ဂုဏ်ပြုခံရမှုများ
Accessories Designer of the Year ဆုရယူအပြီး |
Fashion Group International မှပေးအပ်သော
Rising Star Award for Best New Retail Concept ဆု - ၂၀၀၅
Accessories Council Excellence Awards - ၂၀၀၇
Council of Fashion Designers of America မှပေးအပ်သော
Accessories Designer of the Year ဆု - ၂၀၀၈
50 Most Powerful Moms စာရင်းဝင် - ၂၀၁၅
Breast Cancer Research Foundation မှပေးအပ်သော
Sandra Taub Humanitarian Award - ၂၀၁၅
Forbes' မဂ္ဂဇင်းရွေးချယ်သော
The World’s 100 Most Powerful Women
စာရင်းတွင်အမှတ်စဉ်(၇၃) - ၂၀၁၅
ထိုးရီးဘာ့ချ် (Tory Burch) ဖက်ရှင်ပွဲ |
| ဤဆောင်းပါး ပါရှိသော (၂၀၁၇)၊ ဇွန်လထုတ် The CHIC မဂ္ဂဇင်းမျက်နှာဖုံး |
ကမ္ဘာကျော်ဒီဇိုင်များကတော့ အားကျစရာချည်းပါပဲ။ ထိုးရီးဘာ့ချ်ဟာလဲ သားများရဲ့မိခင်အနေနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ မိန်းမသားအဖြစ် ကမ္ဘာကအသိအမှတ်ပြုခံရသူမို့ လေးစားထိုက်သူတစ်ဦးဖြစ်ပါတယ်။ သူဖန်တီးတဲ့ဖက်ရှင်တွေဟာလဲ မိန်းမသားထုရော အမျိုးသားတွေအတွက်ပါ ကိုယ်စားပြုနေတာမို့ ကျွန်တော် နှစ်သက်တဲ့တံဆိပ်ထဲမှာ ထိုးရီးဘာ့ချ်လဲပါဝင်နေတာပါ။ ဇွန်လ(၁၇)ရက်မှာကျရောက်တဲ့ ထိုးရီးဘာ့ချ်ရဲ့ မွေးနေ့ကစလို့ ချစ်သောမိသားစုနဲ့အတူ ပျော်ရွှင်အောင်မြင်မှုများစွာ ဆက်လက်ပိုင်ဆိုင်နိုင်ပါကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
ဇွန်၊ ၂၀၁၇
Comments
Post a Comment