၇၂၊ အပါတ်စဉ် (မှား) အပတ်စဉ် (မှန်)၊ တစ်ပတ်ဆိုတာ (၇)ရက်မဟုတ်ပါ

            နှစ်၊ လ၊ ရက်နဲ့ပတ်သက်ပြီးရေးတဲ့အခါ ‘အပါတ်’ လို့မှားရေးတတ်ပါတယ်။ တကယ်က ‘အပတ်’ ပါ။ ပြီးတော့ ‘အပတ်စဉ်’ဆိုတာ (၇)ရက်ကိုပြောတာလဲ မဟုတ်ပါဘူး။


ပတ် နဲ့ ပါတ်

            ‘ပတ်’ဆိုတာ လှည့်လည်တာ၊ ရစ်ဖွဲ့တာပါ။ ဗုံကိုလဲ ပတ်လို့ခေါ်သေးတယ်။ ဒါပေမဲ့ အခုဆိုလိုတာက ဗုံမဟုတ်ပါဘူး။ တစ်ခုခုကို လှည့်လည်တာကို ‘ပတ်’ လို့ဆိုတဲ့အတွက် ဘောလုံးကွင်းတစ်ပတ်၊ ပတ်ဝန်းကျင်၊ တစ်နှစ်ပတ်လုံး၊ ပတ်ပတ်လည် စသဖြင့်သုံးနှုန်းကြပါတယ်။

            ‘ပါတ်’ဆိုတာ မြန်မာစာမှာမရှိပါဘူး။ ပါဠိစကားနဲ့ အင်္ဂလိပ်စကားကိုရေးတဲ့အခါမှာပဲ သုံးပါတယ်။ ဥပမာ - နိပါတ်တော်၊ သန္နိပါတ်ရောဂါ၊ ပါဏာတိပါတ်၊ ပိဏ္ဍပါတ်ဆွမ်း စတာတွေဖြစ်ပါတယ်။ အင်္ဂလိပ်စာ Number ကို မြန်မာလိုရေးတဲ့အခါ ‘နံပါတ်’ လို့ရေးပါတယ်။


တစ်ပတ်ဆိုတာ (၇)ရက်မဟုတ်ပါ

(၃)ရက်တာ တစ်ပတ်လည်ရင် သုံးရက်တစ်ပတ်၊ (၅)ရက်တာ တစ်ပတ်လည်ရင် ငါးရက်တစ်ပတ် လို့ရေးပါတယ်။ (၇)ရက်ပြည့်တာကျ ရက်သတ္တပတ်လို့ရေးပါတယ်။ ရက်(နေ့ရက်) + သတ္တ(ခုနစ်) + ပတ် (အပတ်) = ခုနစ်ရက်တစ်ပတ် လို့အဓိပ္ပာယ်ရပါတယ်။ ဒါ့ကြောင့် အပတ်စဉ်ဆိုတာ (၇)ရက်ကိုပြောတာ မဟုတ်ပါဘူး။ အချိန်တစ်ခု တစ်ပတ်ပြည့်တာကို ပြောတာပါ။ သင်တန်းတွေမှာလဲ အပတ်စဉ်လို့ခေါ်တာ ဒီသဘောပဲဖြစ်ပါတယ်။


ကောလိယ ဝေယံမောင်မောင်

၁၅.၈.၂၀၂၃


#စကားနှင့်စာမှတ်စရာ

#ကောလိယဝေယံမောင်မောင်


 

Comments