ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူလုပ်တဲ့နှစ်တွေအတွင်း အမှတ်တရခရီးတွေ မနည်းလှဘူး။ ဒီခရီးစဉ်လေးလဲ အပါအဝင်ပေါ့။ ရေဘေးသင့် သနပ်ပင်ခရိုင်ကရွာတွေကို ဆေးကုတာ မှတ်တမ်းရိုက်ပေးခဲ့စဉ်ပေါ့။
အသွားခရီး
၂၀၁၄ ဩဂုတ် ၂၄
မိုးတွေ မည်းမည်းသည်းသည်း။ တင်ဆက်သူရော ထုတ်လုပ်သူပါ ကျွန်တော်သာမို့ ကိုယ့်ကိုယ်ကိုယ်ရော ကင်မရာပစ္စည်းတွေ ပြင်ရဆင်ရ။ မိုးရေထဲ ကင်မရာပစ္စည်းတွေနဲ့သွားရတာက သိပ်ခက်တာ။ ကင်မရာမန်းက ဇေယျာကျော်ဝင်း စိတ်လက်ရှည်လို့ တော်သေးတယ်။
ဝေလီဝေလင်းမှာ The Action Times ဖောင်ဒေးရှင်းနဲ့ ဒေါင်းသွေးနီ အဖွဲ့နဲ့အတူ ပဲခူးကိုအရင်သွားရတယ်။ ပဲခူးရောက်တော့ သနပ်ပင်ကို ဆက်သွားရတယ်။ ခရီးကအခုမှစတာ။ ဘာလို့လဲဆိုတော့ အဲဒီမှာ ကုန်းလမ်းခရီးဆုံးပြီလေ။ ရေလမ်းကို နာရီကြာကြာလှေစီးဖို့ အခုမှစတာ။ ဒါနဲ့ စက်လှေတွေငှားပြီး ကမာစဲကိုသွားရတယ်။ တကယ်တော့ အဲဒီရေလမ်းက သာမန်အချိန်မှာ ကုန်းလမ်းတဲ့။ မိုးတွင်းမို့ ချောင်းဖြစ်သွားတာတဲ့။
လှေတွေပေါ်မှာ ကျွန်တော်နဲ့ကင်မရာမန်း။ နောက် ဆရာဝန်နဲ့ ပရဟိတအဖွဲ့မို့ လူများနေတယ်။ ဒါ့ကြောင့် နိမ့်ချည်မြင့်ချည်၊ လှုပ်ချည်ရမ်းချည်နဲ့ ဘယ်တော့များ လှေမှောက်မလဲ တဒိတ်ဒိတ်နဲ့ပါ။ မိုးကရွာနဲ့လေ။ တော်ပါသေးတယ်။ ပျော်ပျော်ပါးပါး အော်လားဟစ်လားနဲ့ နာရီအတော်ကြာစီးပြီး ဟိုကိုရောက်သွားခဲ့တယ်။

ဆေးကုတဲ့ရွာမှာ
ရွာလေးခင်မျာ အတော်ခေါင်ရှာတာ။ ရေဘေးကြောင့် အင်းလေးလို ဖြစ်နေတယ်။ ခိုင်ခိုင်မာမာ အဆောက်အအုံဆိုလို့ စာသင်ကျောင်းပဲရှိတာ။ ဟိုရောက်တော့ ပရဟိတအဖွဲ့က ဆေးကုဖို့ ပစ္စည်းတွေချ။ ရွာကလူတွေက သူကြီးစီစဉ်မှုနဲ့ ဆေးကုခံဖို့တန်းစီနဲ့ပေါ့။ မကြာခင် မအေတစ်ယောက် ကလေးချီပြီး ရောက်လာတယ်။
လားလား။
ကလေးပေါင်ကြားမှာ မြင်လို့မကောင်းဘူး။ ထမင်းချက်ရင်း ကလေးကိုမီးလောင်သတဲ့။ ဖြစ်တာကကြာပြီ။ မြို့သွားလို့မရတော့ ဆေးမကုနိုင်။ ဒါနဲ့ ကလေးကို ရန်ကင်းကလေးဆေးရုံကြီးဆီ ဆေးစာနဲ့ပို့ဖို့ ရန်ကုန်ခေါ်မယ် စီစဉ်ကြတယ်။ တခြားလူနာတွေကတော့ ရောဂါဘယ ကြီးကြီးမားမားတွေ မရှိကြတာ ဝမ်းသာစရာ။
အဲ...။
မှတ်မှတ်ရရ ဆေးထိုးခံလိုက်ရတာကတော့ ကျွန်တော်ပါ။ ကျွန်တော်က စိတ်ထဲမှာ တစ်ခုခုဖြစ်လာရင်ကို ဓာတ်မတည့်ဖြစ်တတ်တာ။ အဲဒီမယ် ဘာနဲ့မတည့်တယ်မသိ။ အင်ပျဉ်တွေထလာတယ်။ ဒါ့နဲ့ ဒေါက်တာ စိုင်းကျော်ကိုကိုက ဆေးထိုးပေးလေရဲ့။ သူကပြောတယ်။ အဲဒါ Hypersensitivity တဲ့။
နေ့လယ်စာ
ရေပတ်လည် ဝန်းရံပြီး ရေဘေးဒုက္ခဖြစ်နေတဲ့ရွာမှာ စားဖို့ဧည့်ခံမယ်ဆိုရင် ဘယ်လိုမှ မျိုကျမှာမဟုတ်ပါဘူး။ နေ့လယ်စာကိုမျှော်လင့်မထားတာ။ ငတ်ပစေ၊ တံတွေးမျိုချမယ်ပေါ့။ နေ့လယ်ရောက်ပြီ။ သူတို့ လာပြောကြတယ်။ ဆရာတို့ ထမင်းသုံးဆောင်လို့ရပါပြီတဲ့။
ဗျာ...။
သူတို့ဘာသာမှ စားဖို့အနိုင်နိုင်။ ကျွန်တော်တို့တွေ ဘယ်လိုစားရက်ပါ့။ ဒါပေမဲ့ စေတနာကတော့ နိုင်းချင်းပါ။ ဟင်းပွဲတွေကြည့်ပါအုံး။ ငါးပါတယ်။ ဘဲဥပါတယ်။ အရံပါတယ်။ ငါးပိရည်လဲပါစေသေး။ ဪ ရေဘေးထဲချက်တာ ဘယ်လောက်များ ခက်ပါလိမ့်မလဲ။

အပြန်ခရီး
ညနေမှောင်ရီပျိုးတော့ ဆေးကုတာပြီးသွားပြီ။ ကျွန်တော့်မလဲ ကင်မရာကြီးကြည့်ပြီး "ကျွန်တော် ဘယ်ကိုရောက်နေပါတယ်။ အခုကတော့ ဘာလုပ်နေကြတာဖြစ်ပါတယ်။" စသဖြင့် ပြောတန်ပြော။ မြင်ကွင်းတွေ ရိုက်တန်ရိုက်နဲ့ ရိုက်စရာလဲကုန်ပါပြီ။ ဒါနဲ့ အားလုံး ပစ္စည်းပစ္စယတွေသိမ်းကြပြီဓ ဆရာဝန်တွေက လူနာကလေးနဲ့မအေကို ခေါ်ပြီး အပြန်ခရီးစလိုက်တယ်။
လှေပေါ်မှာ လူကြီးတစ်ယောက်က စကားတော့အတော်ပြောသား။ 'အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း' သီချင်းအကြောင်း အကျယ်တဝင့် ဖွင့်ဆိုနေတယ်။ 'တို့ဗမာတွေစိုးမိုးဖို့' ဆိုတာက တိုင်းရင်းသားတွေအပေါ် စိုးမိုးတာမဟုတ်ဘူး။ ကျွန်အဖြစ်ကနေ ပြန်လည်စိုးမိုးဖို့ ပြောတာတဲ့။
မိုးကလဲ စုန်းစုန်းချုပ်လာပြီ။ အားလုံးလဲနွမ်းလျနေပြီ။ မနက်ကလို အသံမစီနိုင်ကြတော့ဘူး။ ကောင်းကင်ကြီးလဲ တိတ်ဆိတ်နေတယ်။ ရေပြင်မည်းပြာပြာကြီးလဲ တစ်ခုခုကို ပြောပြချင်ပေမဲ့ ခြိမ်းခြောက်ခံထားရသလို ဆွံ့အနေတယ်။ စက်လှေသံ ပုစဉ်းရင်ကွဲသံကလွဲရင် လောကကြီးအိပ်နေလို့ အသံမထွက်ဘူး။
ဟာ....။
ရေစပ်ကုန်းပေါ်မှာ စင်တွေ၊ စင်တွေနဲ့။ ဘာတွေပါလိမ့်။ အမိုးသေးသေးမိုးထားတဲ့ လူတစ်ယောက်အိပ်စာ ဝါးစင်လေးတွေ။ တစ်ခုကနေနှစ်ခု။ နှစ်ခုကနေ လေးခု။ စိပ်စိပ်တွေ့လာတယ်။ လှေစီးရင်းစီးရင်း တစ်နေရာအရောက် ကမ်းနဲ့နီးမှ မြင်လိုက်ရတယ်။ အလောင်းတွေကို စင်တွေနဲ့ တင်ထားကြတာပါလား။
ကောလိယ ဝေယံမောင်မောင်
သွား ၂၄.၈.၂၀၁၄
ရေး ၂၄.၈.၂၀၂၃
ရေး ၂၄.၈.၂၀၂၃
#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#သနပ်ပင် #ကမာစဲ #ပဲခူးရေကြီး

Comments
Post a Comment