(၁ဝ၂)နှစ်ပြည့်မွေးနေ့ပါ

ကမ္ဘာ့ဒီဇိုင်နာ့ဘွားအေကြီး အိုင်းရစ်အပ်ဖဲလ် Iris Apfel


          ကျွန်တော်(၇)တန်းမှာ လက်မနည်းနဲ့ ရှပ်အင်္ကျီစချုပ်တတ်ပါတယ်။ ရုပ်သံလောကထဲရောက်တော့ စင်တီမီတာနည်းတတ်ခဲ့ပြီး ကုတ်၊ဘောင်းဘီတွေ ကိုယ့်ဘာသာချုပ်ဝတ်ခဲ့ပါတယ်။ တီဗီထဲမှာ၊ စင်မြင့်ထက်မှာ ကျွန်တော်ဝတ်တဲ့ ဝတ်စုံတချို့ဟာ ကျွန်တော့်လက်ရာပါ။ ကျွန်တော့်ဖက်ရှင်ဝါသနာကလဲ ကမ္ဘာ့ဖက်ရှင်ဂုရု ဒီဇိုင်နာ့ဘွားအေကြီး အိုင်းရစ်အပ်ဖဲလ် လွှမ်းမိုးမှုပါတယ်ပြောရင် မမှားပါဘူး။

          သူ့အကြောင်းကို ၂၀၁၈ စက်တင်ဘာထုတ် The CHIC မဂ္ဂဇင်းမှာ ကျွန်တော်ရေးဖူးပါတယ်။ ဖတ်ချင်ရင်နှိပ်ပါ။ https://shorturl.at/bdjly ။ သူရေးတဲ့ Accidental Icon စာအုပ်လိုချင်လွန်းလို့ ၂၀၂၀ မှာ စင်္ကာပူကနေ တကူးတကန့်ဝယ်လာပေးတဲ့ ကိုဇော်လင်းအောင်ကိုလဲ ကျေးဇူးအလွန်တင်တာပါ။

          ဂျူးလူမျိုး အိုင်းရစ်အပ်ဖဲလ်က ၁၉၂၁ ဩဂုတ်(၂၉)မွေးလို့ (၁ဝ၂)နှစ်ပြည့်ပြီး (၁ဝ၃)နှစ်ရောက်ခဲ့ပါပြီ။ သူ့မိခင်ဟာ ဖက်ရှင်တိုက်ပိုင်ရှင်။ သူက(၁၉)နှစ်ကစပြီး ဖက်ရှင်မဂ္ဂဇင်း၊ အိမ်တွင်းအလှဆင်၊ ပိတ်စလုပ်ငန်း၊ ကျောက်မျက်လက်ဝတ် ရတနာလုပ်ငန်းပိုင်းကအစ။ ကမ္ဘာအနှံ့ ဖက်ရှင်ခရီးစဉ်တွေထွက်တာ အလယ်။ အမေရိကန်သမ္မတကြီး (၉)ယောက်အတွက် ဒီဇိုင်းစီမံကိန်းလုပ်ငန်းတွေအဆုံး လုပ်ခဲ့တာပါ။

          ကျန်းကျန်းမာမာ အသက်ရာကျော် အိုင်းရစ်အပ်ဖဲလ်နဲ့ ပတ်သက်တာကို အမေရိကန်က အကြီးဆုံး ပြတိုက်ကြီးတွေမှာ ခင်းကျင်းပြသခဲ့တယ်။ အသက်(၉ဝ)ကျော်မှာ University of Texas at Austin ရဲ့ ဧည့်ပါမောက္ခ ဖြစ်ပြန်တယ်။ နှစ်ပေါင်း(၂ဝဝ)သက်တမ်းရှိ ဂါးဒီးယန်းသတင်းစာကြီးရဲ့ “အသက်(၅ဝ)ကျော်များရဲ့ အကောင်းဆုံးဖက်ရှင်စာရင်း” ဝင်ခဲ့ပါတယ်။

          သူ့အကြောင်းကိုရိုက်ထားတဲ့ (၂ဝ၁၄)ထုတ် Iris (2014) ဟာလဲ နယူးယောက်ရုပ်ရှင်ပွဲတော်နဲ့ ဗြိတိသျှ ရုပ်ရှင်ပွဲတော်တို့ရဲ့ အဖွင့်ရုပ်ရှင်ကား ဖြစ်ခဲ့ပါတယ်။ ဆုဆိုရင်လဲ ကုလသမဂ္ဂရဲ့ အမျိုးသမီးများအတူတကွ ညစာစားပွဲကြီးမှာ Women Together Special Award of the Year ဆုတို့၊ အမျိုးသမီးစွန့်ဦးတီထွင်နေ့ ရှေ့ဆောင်ဆုတို့ Women's Entrepreneurship Day Pioneer Award အပ်နှင်းခံခဲ့ရတာပါ။

          အိမ်ထောင်သည်ဘဝအရ ကြည့်ရင်လဲ အနောက်တိုင်းမှာ အကွဲအပြဲများ၊ အိမ်ထောင်ဆက်များကြပေမဲ့ သူ့လင်နဲ့ အိမ်ထောင်သက်(၆၇)နှစ်ကြာပေါင်းခဲ့ပြီး သူ့လင်က အသက်(၁ဝ၁)နှစ်မှဆုံးခဲ့တာပါ။ သားသမီးတော့ မထွန်းကားခဲ့ပါဘူး။ ကမ္ဘာ့ဘွားသက်ရှည် ဒီဇိုင်နာမကြီးရဲ့ ဘဝသင်ခန်းစာ(၁ဝ)ချက် နဲ့အတူ သူ့အောင်မြင်မှုကို ချီးကျူးပြီး သူ့မွေးနေ့ကို ဆုတောင်းလိုက်ပါတယ်။

အသက်ရာကျော် ကမ္ဘာ့ဒီဇိုင်နာ့ဘွားအေကြီး
အိုင်းရစ်အပ်ဖဲလ်ရဲ့ ဘဝသင်ခန်းစာ(၁ဝ)ချက်


၁၊ အသက်ကို စိတ်ထဲမထားပါနဲ့။
၂၊ ကိုယ့်အောင်မြင်မှုအပေါ် ချီးမြှောက်မဲ့သူကိုရှာပါ။
၃၊ စိတ်ထက်သန်ရာ လုပ်ကိုင်ပါ။
၄၊ ငယ်သလိုနေချင်ရင် ငယ်သေးတယ်လို့မှတ်ပါ။
၅၊ သူများအတွေးထက် ကိုယ့်အတွေး ပိုဂရုစိုက်ပါ။
၆၊ သို့သော် အများကြားမှာ သင်းကွဲလူမဖြစ်ပါစေနဲ့။
၇၊ အောင်မြင်ခြင်းကို ငွေနဲ့မဝယ်နိုင်။
၈၊ စတိုင်ဆိုတာ ငွေဖြုန်းခြင်းမဟုတ်။
၉၊ ဦးဆုံးခြေလှမ်းသေးနဲ့ စတင်ကြိုးစားပါ။
၁၀၊ အသက်မှန်ထက် ငယ်ဟန်မဆောင်နဲ့။

ကောလိယ ဝေယံမောင်မောင်


#KawliyaWaiYanMaungMaung
#WaiYanMaungMaung
#ကောလိယဝေယံမောင်မောင်
#ဝေယံမောင်မောင်
#IrisApfel #HappyBirthdayIrisApfel 













Comments