မန္တလေးက ရာမနတ်စင်နဲ့ ပုသိမ်က ရာမနတ်စင်

 


            အဘိုးဘက်က ယိုးဒယားလူမျိုးတွေမို့ ယိုးဒယားတို့ယုံကြည်တဲ့ မန္တလေးရာမနတ်စင်ကို မကြာခဏ ရောက်ဖြစ်တယ်။ ကျွန်တော်က ထေရဝါဒသမားပါ။ ယုံကြည်မှုတွေကိုတော့ သမိုင်းနဲ့ယဉ်ကျေးမှု ရှုထောင့် ကနေပဲ ချဉ်းကပ်ပါတယ်။



မန္တလေးက ရာမနတ်စင်

ရာမနတ်စင်ဝင်းက (၂၉×၃၀)နဲ့ (၈၂×၈၃)ကြားမှာ ရှိပါတယ်။ ရှေးကသစ်သားနတ်စင်ကို အာစီ တစ်ခန်းပတ်လည် ပြန်ဆောက်ထားတာ။ ပါးစပ်ရာဇဝင်ထဲကလို တတိယမြန်မာနိုင်ငံတည် အလောင်းဘုရား ဦးအောင်ဇေယျ အယုဒ္ဓယကိုနိုင်လို့ ခေါ်လာတဲ့ယိုးဒယားတွေ အခြေချတဲ့နေရာတွေထဲက တစ်ခုပါ။ (သမိုင်းမှန်ကတော့ သားတော် ဆင်ဖြူရှင် (ခ) မြေဒူးမင်း (ခ) တနင်္ဂနွေမင်းလက်ထက်မှ ယိုးဒယားကို စစ်အောင်ပြီး ယိုးဒယားတွေကို ခေါ်လာတာပါ။

          ကျွန်တော်က ယိုးဒယားကပြားပေမဲ့ သူတို့ထဲက မဟုတ်ပါဘူး။ အဘေးက မြန်မာကို တရားဝန်ကြီးချုပ်လုပ်ဖို့ သတ်သတ်ရောက် လာတဲ့ ယိုးဒယားမို့ပါ။ အဘွားဘက်ကတော့ အလောင်းမင်းတရား အနွယ်တော်တွေပါ။ 




နတ်စင်မှာ ရာမ၊ လက္ခဏာ၊ ဆရာရသေ့၊ သီတာတို့ကို မှန်တစ်ကောင်တာ။ ဟာနုမာန်ကို မှန်တစ်ကောင်တာနဲ့ ထားပါတယ်။ ထူးခြားတာက အရုပ်ခေါင်းသီးသန့်ပဲထားပြီး ခန္ဓာမပါဘူး။ ရာမက သက်သတ်လွတ်သမားလို့ဆိုပြီး အသီးနဲ့မုန့်တွေ လှိုင်လှိုင်တင်ထားတယ်။ ပန်းတွေ၊ ကန်တော့ပွဲတွေကတော့ မပါမပြီးပေါ့။



ပုသိမ်က ရာမနတ်စင်



            တစ်နေ့ ပုသိမ်ကိုရိုက်ကူးရေးသွားရင်း ၁၃.၃.၂၀၂၃မှာ ရာမနတ်စင်သွားပါတယ်။ သူတို့အခေါ် ‘ဆရာသခင် ရာမကျောင်းတော်ကြီး’ တဲ့။ လက် မတင်လေးဆိုတာ ဒါမျိုးဗျ။ ဟိုရောက်တော့ ကျောင်းစောင့်က မနက်ပိုင်းဝတ်ပြုပြီးလို့ သော့ခတ်ပြီး ပြန်ဖို့လုပ်နေပြီ။ အချိန်ကိုက်ရောက်သွားလို့ ဝင်ကြည့်ခဲ့ရတာ။


နတ်စင်ရှိရာ ယိုးဒယားကုန်းဆိုတာကလဲ ဦးအောင်ဇေယျ ယိုးဒယားတွေဖို့ ချပေးတဲ့နေရာပါပဲ။ ပုသိမ် နတ်စင်ကပိုကြီးတယ်။ ကုန်းမို့လေးပေါ်မှာ ညာကညောင်ပင်ကြီး၊ ဘယ်ကကုက္ကိုပင်ကြီးက ဘုံသုံးဆင့် နတ်ကျောင်းကို ခြံရံထားတယ်။ ထူးတာက ကုက္ကိုပင်ကြီးပါ။ ခွတွေမှာ ကုမုဒြာအုံကြီးတွေ ဖြာကျနေတဲ့ အဲဒီ ကုက္ကိုပင်ကြီးက သူ့အမြစ်တွေကို နတ်ကျောင်းပတ်လည်က တမံတလင်းကွဲအောင် အမြစ်တွေနဲ့ပတ်ခွေ ထားတယ်။ ဒါပေမဲ့ ဒီအမြစ်တွေက နတ်ကျောင်းကို လုံးဝမဖျက်ဘူး။  ကျောင်းစောင့်ကတော့ တန်ခိုးကြောင့်လို့ ဆိုတယ်။


            ကုန်းမို့လေးပေါ်က ကျောင်းပေါ်ကို လှေကားထစ်နဲ့တက်ရတယ်။ စင်ပေါ်ကမှန်ခန်းထဲမှာ ရာမ၊ လက္ခဏာ၊ ဆရာရသေ့နဲ့ သီတာတို့ရုပ်တုကို ရွှေပုလ္လင်နဲ့ တင်ထားတယ်။ ဟာနုမန်တော့မရှိဘူး။ ခဲဖွယ် ဘာမှတင်မထားဘူး။ ပန်းအိုးတွေက (၃၀)လောက်ရှိလို့ အတော်များသား။ ကျောင်းဝင်းရှေ့မှာတော့ ကမ္ဗည်းမော်ကွန်းကျောက်စာတို့၊ အလှူရှင်စာရင်းတို့၊ ကြေညာချက်တို့ရှိတယ်။ 


ရာမ၊ လက္ခဏာ၊ သီတာ တို့က ဘယ်သူတွေလဲ?

            ရာမ၊ လက္ခဏာနဲ့ သီတာတို့ကို အများကြားဖူးကြပါတယ်။ အိန္ဒိယနဲ့ ယိုးဒယားတွေ သိပ်ကိုးကွယ် ကြတယ်။ မြန်မာမှာ လူနည်းစုကိုးကွယ်တယ်။ တကယ်တော့ ရာမက ဗုဒ္ဓရဲ့အတိတ်ဘဝပါ။ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲမယ် (၄၆၁)ဇာတ်မြောက် ‘ဒသရထဇာတ်’ ဆိုတာရှိတယ်။ ရာမနဲ့သီတာက မောင်နှမတွေ။ နောင်မှာ ရာမက ဘုရား၊ သီတာက ကြင်ရာတော် ယသောဓရာ၊ လက္ခဏာက လက်ယာတော်ရံ သာရိပုတ္တရာ ဖြစ်လာတယ်။


            ဟိန္ဒူမှာကျတော့ “ရာမယဏ” ဆိုတာ ဝါလမီကိရသေ့ကြီး (Valmiki) ဘီစီ(၄၀၀)နဲ့ (၂၀၀)ကြားမှာ သက္ကတဘာသာနဲ့ရေးခဲ့တဲ့  ကဗျာရှည်ကြီးတဲ့။ အပိုဒ်ပေါင်း နှစ်သောင်းလေးထောင်၊ အခန်းပေါင်းငါးရာကျမ်းခုနှစ်ကျမ်းရှိတယ်။ “ရာမ”နဲ့ အယာဏ နှစ်လုံးပေါင်းထားတဲ့ အဓိပ္ပာယ်က “ရာမယဏ = ရာမ၏ခရီး” ဖြစ်လာတယ်။


            ဒီဇာတ်မှာ ရာမနဲ့သီတာက လင်မယားဖြစ်ပြီး ဒသဂီရိ၊ ဟာနုမန်၊ ဆရာရသေ့ တို့ပါဝင်ပါတယ်။ ဒီဇာတ်လမ်းက ရသေ့ကြီးမရေးခင်ကတည်းက ရှိခဲ့တယ်လို့ ပညာရှင်တွေ အတည်ပြုထားကြပါတယ်။ “ရာမာယဏ” ရဲ့လွှမ်းမိုးမှုက ဘယ်လောက်အားကောင်းလဲဆိုရင် နိုင်ငံအသီသီးကိုပျံ့သွားပြီး မြန်မာမှာ ရာမဇာတ်တော်ကြီး၊ ကမ္ဘောဒီးယားမှာ Reamker ယိုးဒယားမှာ Ramakien ၊ မလေးရှားမှာ Hikayat Seri Rama ၊ လာအိုမှာ Phra Lak Phra Ram ၊ အင်ဒိုနီးရှား ဘာလီကျွန်းနဲ့ ဂျာဗားကျွန်းတို့မှာ ရာမာယဏ၊ မွန်တို့က Loik Samoing Ram ဆိုပြီး ခေါ်ဝေါ်ကြ၊ ကပြအသုံးတော်ခံကြတဲ့ထိ ဖြစ်ပါတယ်။



Comments