ကမ္ဘာကျော်ကြား ဖက်ရှင်ဒီဇိုင်နာများ ၁၅၊ ဟျူးဂိုဘော့စ် (Hugo Boss)

 ကောလိယ ဝေယံမောင်မောင် 

Uploading: 298706 of 298706 bytes uploaded.

            ဝဿာန်ရာသီမှာ ပတ်ဝန်းကျင်တစ်ခွင် လတ်ဆတ်အေးမြပြီး မိုးရေစက်တွေကျနေပါတယ်။ ဒါဟာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအရာတွေက ဖက်ရှင်လောကကိုတော့ ထူးခြားဆန်းသစ်တဲ့ ဖန်တီးမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မိုးရေစက်တွေ၊ အေးမြလေတွေကြောင့် ထီးတွေ၊ မိုးကာတွေ၊ မိုးတွင်းစီးဖိနပ်တွေ စတဲ့ မိုးရာသီဖက်ရှင်ကို ဖြစ်စေလို့ပါပဲ။

            ပြီးခဲ့တဲ့လကတော့ ဖက်ရှင်ဒီဇိုင်နာ ထိုးရီးဘာ့ချ် (Tory Burch) အကြောင်း ဖတ်ရှုခဲ့ကြရတာပါ။ ဒီလမှာတော့ ဇူလိုင်လဖွားဖြစ်ပြီး ကျွန်တော်နဲ့မွေးနေ့ထပ်တူတဲ့ ဂျာမန်လူမျိုး အကျော်ဇေယျဒီဇိုင်နာကြီး  ဟျူးဂို ဘော့စ် (Hugo Boss) အကြောင်းကို ဖတ်ရှုကြရမှာပါ။

 

ငယ်ဘဝ

            ဟျူးဂိုဘော့စ် က ဂျာမနီပြည်၊ မက်ဆင်အန်း (Metzingen) မြို့ဇာတိပါ။ (၁၈၈၅)ခု၊ ဇူလိုင်(၈)ရက်မှာ မွေးဖွားခဲ့တာဆိုတော့ ကာလကိုတွက်ကြည့်ရင် အင်္ဂလိပ်တွေ မြန်မာနိုင်ငံကိုလာရောက်ကျူးကျော်တဲ့ အင်္ဂလိပ်  - မြန်မာ တတိယစစ်ပွဲပြီးနောက် မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ချိန်ပေါ့။ ကမ္ဘာ့စစ်အာဏာရှင် ဟစ်တလာ ထက် အသက်နှစ်နှစ်ပဲကြီးတာမို့ ဟစ်တလာနဲ့ တစ်ခေတ်တည်းဖွားလို့ ပြောလို့ရပါတယ်။ ဟျူးဂိုဘော့စ်က မွေးချင်းမောင်နှမ ငါးယောက်ထဲမှာ အငယ်ဆုံးသားပါ။

ဟစ်တလာနှင့် စကားစမြည်ပြောကြစဉ်


အလုပ်အကိုင်

            ဟျူးဂိုဘော့စ်ရဲ့ ကနဦးအလုပ်အကိုင်က ဖက်ရှင်ပိုင်းမဟုတ်ပါဘူး။ ကုန်သည်လုပ်ငန်း အလုပ်သင် လုပ်ခဲ့တာပါ။ စစ်ပညာထွန်းကားတဲ့ ဂျာမနီပြည်မှာနေတော့ (၁၉၀၃)ခုကနေ (၁၉၀၅)ခုထိ (၂)နှစ်တာ စစ်မှုထမ်းခဲ့ပါတယ်။ အဲဒီနောက်မှာမှ ဖက်ရှင်နဲ့ဆက်စပ်ပြီး Konstanz ခရိုင်က ရက်ကန်းလုပ်ငန်းမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့တာပါ။ မိဘတွေဖွင့်ထားတဲ့ အမျိုးသမီးအတွင်းခံအရောင်းဆိုင်ကို (၁၉၀၈)ခုနှစ်မှာ လက်လွဲငှားယူ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဖူးစာဖက်ဖြစ်တဲ့ Anna Katharina Freysinger နဲ့ လက်ဆက် ခဲ့ပါတယ်။ (၁၉၁၄)ခုနှစ်မှာ ပထမကမ္ဘာစစ်အချိန်ကာလ ရောက်လာတဲ့အတွက် ဟျူးဂိုဘော့စ်လဲ တပ်ကြပ် ရာထူးနဲ့ စစ်မှုထမ်းခဲ့ရပါတယ်။

 

ဟျူးဂိုဘော့စ် (Hugo Boss) ၏ စစ်ဝတ်စုံများနှင့် နာဇီပါတီဝင်များ

ဟျူးဂိုဘော့စ် (Hugo Boss) ထုတ် The Scent ရေမွှေး

 

ကိုယ်ပိုင်လုပ်ငန်းတည်ထောင်

            ဟျူးဂိုဘော့စ်ရဲ့ ကိုယ်ပိုင်အဝတ်အထည်ကုမ္ပဏီကို မက်ဆင်အန်းမြို့မှာ (၁၉၂၃)ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ နောက်နှစ်မှာတော့ မိတ်ဆွေနှစ်ယောက်နဲ့လက်တွဲပြီး စက်ရုံတည်ဖြစ်ခဲ့ပါတယ်။ သူ့ ကုမ္ပဏီကနေ ရှပ်အင်္ကျီ၊ ဂျာကင်၊ အားကစားဝတ်စုံ၊  မိုးကာ စတဲ့ အဝတ်အထည်တွေကို ထုတ်လုပ်ပါတယ်။ သူ့ရဲ့ဖက်ရှင်တွေ သပ်ရပ်ကျနတယ်ဆိုတာ ဖက်ရှင်ချစ်သူတွေအသိပါ။ ဒါ့ကြောင့်ပဲ ဂျာမနီမှာရှိခဲ့တဲ့ စစ်နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ SA (Sturmabteilung), SS (Schutzstaffel), Hitler Youth စာပို့လုပ် ငန်းတို့နဲ့ မီးရထားဝန်ထမ်းတွေအတွက် တူညီဝတ်စုံတွေ ချုပ်လုပ်ပေးခဲ့ရတာပါ။ နောက်ပိုင်းမှာ နာဇီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ Wehrmacht အတွက် ဆက်လက်ချုပ်ပေးခဲ့ရပြန်ပါတယ်။ ဒီလိုယုံကြည်မှုများစွာ ကပဲ ဟျူးဂိုဘော့စ်ကို ထိပ်ဆုံးရောက်စေခဲ့တာဖြစ်ပါတယ်။

 

သပ်ရပ်ချပ်ရပ်သော အမျိုးသားအနောက်တိုင်းဝတ်စုံ

(၂၀၁၄) ခုနှစ်က ဖက်ရှင်တချို့


တိုးတက်ပြောင်းလဲလာသောလုပ်ငန်း

            ဒီဇိုင်နာကြီး ဟျူးဂိုဘော့စ်တည်ထောင်ခဲ့တဲ့ Hugo Boss တံဆိပ်ဟာ စတင်ချိန်မှာတော့ တူညီဝတ်စုံ ချုပ်လုပ်ခြင်းနဲ့ စတင်ပြီး နာဇီပါတီအတွက် ချုပ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၄၅)မှာ နာဇီရဲ့ခေါင်းဆောင် ဟစ်တလာသေဆုံးခဲ့လို့ ဟျူးဂိုဘော့စ်လဲ (၁၉၄၈)ကစပြီး အမျိုးသားဝတ်စုံတွေပဲ ဖန်တီးဖြစ်ခဲ့ပါတယ်။ (၁၉၈၅)ခုနှစ်မှာ လူအများစုအတွက် ထုတ်လုပ်နိုင်လာခဲ့ပြီး အဲဒီနှစ်မှာ ရေမွှေးကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ (၁၉၉၇)ခုနှစ်မှာ အမျိုးသား၊ အမျိုးသမီးဖက်ရှင်မျိုးစုံ၊ (၂၀၀၀)ပြည့်နှစ်မှာ အမျိုးသမီးဝတ်စုံအုပ်စု၊ (၂၀၀၈/ ၂၀၀၉) ခုနှစ်မှာ ကလေးဝတ်စုံတွေအထိ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဟျူးဂိုဘော့စ်ရဲ့အောင်မြင်မှု အတိုင်းအတာကိုပြောရရင် သူကွယ်လွန်ပြီးနောက်ပိုင်း (၂၀၁၆)ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းဆိုင်ခွဲပေါင်း (၁၁၀၀) ကျော်အထိရှိလာပါသတဲ့။

BOSS (ဟျူးဂိုဘော့စ် Hugo Boss) ဆိုင်ခွဲတစ်ခု


ဟျူးဂိုဘော့စ် (Hugo Boss) ၏ ထုတ်ကုန်များ

·       BOSS               - (၁၉၇၀)တွင် အမျိုးသားဝတ်စုံ၊ (၂၀၀၀)တွင် အမျိုးသမီးဝတ်စုံထုတ်လုပ်။

·       BOSS Orange    - (၁၉၉၉)တွင် အမျိုးသားဝတ်စုံ၊ (၂၀၀၅)တွင် အမျိုးသမီးဝတ်စုံထုတ်လုပ်။

                                 (၂၀၁၀)တွင် ထသွားထလာဝတ် ဂျင်းဝတ်စုံများထုတ်ပြီး ပြန်မိတ်ဆက်ခဲ့။

·       BOSS Green      - Boss Sport ဟု လူသိများ။ (၂၀၀၃)တွင် ဂေါက်ရိုက်ဝတ်စုံစသည့် 

                                 သွက်လက်ပေါ့ပါးသည့် အမျိုးသားဝတ်စုံ၊ (၂၀၁၀)တွင်  အမျိုးသမီးဝတ်စုံထုတ်လုပ်။

·       HUGO               (၁၉၉၃)တွင် အမျိုးသားဝတ်စုံ၊ (၁၉၉၈)တွင် အမျိုးသမီးဝတ်စုံထုတ်လုပ်။

 

 (ဟျူးဂိုဘော့စ် ထုတ်ကုန်များကို ဂျာမနီ၊ အီတလီ၊ ပိုလန်၊ တာကီ၊ အမေရိကန် တို့ရှိစက်ရုံများ၌ ထုတ်သည်။ Samsung, HTC နှင့် Huawei စသော နည်းပညာလုပ်ငန်းများ၊ အခြားသော အဝတ်အထည်၊ အလှကုန်၊ လက်ပတ်နာရီ လုပ်ငန်းများစွာနှင့် သဘောတူညီမှုများ ချုပ်ဆိုထားသည်။)

၂၀၁၃ - ၂၀၁၄ ဆောင်းဦးဖက်ရှင်ပွဲအတွက် လျှပ်စီးသဏ္ဍာန်အခမ်းအနားအပြင်အဆင်

ဟျူးဂိုဘော့စ် (Hugo Boss) အမျိုးသမီးဖက်ရှင်

မှတ်သားဖွယ်အဆိုအမိန့်တစ်ခုဖော်ပြထားသော ဟျူးဂိုဘော့စ် (Hugo Boss) ကြော်ငြာ


ဟျူးဂိုဘော့စ်၏ နောက်ဆုံးခရီး

            ဒီဇိုင်နာကြီး ဟျူးဂိုဘော့စ်မွေးဖွားခြင်းနဲ့ ကွယ်လွန်ခြင်းတို့က မြန်မာနိုင်ငံ သူ့ကျွန်ဖြစ်တဲ့နှစ်၊ လွတ်လပ်ရေးရတဲ့နှစ်တို့နဲ့ တိုက်ဆိုင်နေပါတယ်။ အမျိုးသားဖက်ရှင်တွေ တီထွင်ပြီးနောက် အသက်(၆၃)နှစ် အရွယ်၊ (၁၉၄၈)ခု၊ သြဂုတ်လ(၉)ရက်နေ့မှာ သူချစ်တဲ့ ဟျူးဂိုဘော့စ်ဖက်ရှင်လုပ်ငန်းကို စွန့်ခွာခဲ့ရပါတယ်။ ဒါပေမဲ့လဲ ဇူလိုင်(၈)ရက်နေ့မှာကျရောက်တဲ့ ဟျူးဂိုဘော့စ်ရဲ့မွေးနေ့မှာတော့ ဖက်ရှင်လောကသားတွေ အမှတ်တရရှိနေကြအုံးမှာ သေချာပါတယ်။

ကောလိယ ဝေယံမောင်မောင်



Comments